Tuphei

February 28, 2022, Comment off

စစ်ကောင်စီတပ်များ၏ (၉) ကြိမ်တိတိ ဖျက်ဆီးခံရသည့် သူဖိုင်ကျေးရွာ

 

နိဒါန်း

သူဖိုင် (Tuphei) ကျေးရွာသည် ၁၉၅၅ ခုနှစ်ဝန်းကျင်ခန့်တွင် စတင်ထည်ထောင်ခဲ့သည့် ကျေးရွာဖြစ်ပြီး ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ ကလေး-ဖလမ်း-ဟားခါး ပြည်ထောင်စု ကားလမ်းမပေါ် တည်ရှိပါသည်။ ဖလမ်းမြို့မှ (၃၅)မိုင် အကွာတွင် တည်ရှိပြီး အရှေ့ ဘက်တွင် လုံးဟော့ကျေးရွာ၊ အနောက်ဘက်တွင် ဆိမ်ဇောလ်ကျေးရွာ၊ မြောက်ဘက်တွင် ဇောင်လေး ကျေးရွာ နှင့် ဒုမန်းကျေးရွာ၊ တောင်ဘက်တွင် ဇူလ်သူးကျေးရွာနှင့် ခေါလယ်ကျေးရွာများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။ ဧရိယာ (၁၂) စတုရန်းမိုင်ခန့် ကျယ်ဝန်းပါသည်။ အိမ်ထောင်စု (၈၀) နီးပါး နေထိုင်ကြပြီး လူဦးရေအနေဖြင့် အမျိုးသား (၂၃၈) ဦး၊ အမျိုးသမီး (၂၅၅) ဦး၊ စုစုပေါင်း (၄၉၃) ဦးခန့် ရှိပါသည်။

အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး အစိုးရဝန်ထမ်းအနည်းငယ် ရှိပါသည်။ အဓိကစိုက်ပျိုးသီးနှံများမှာ ပြောင်းဖူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးများဖြစ်ပြီး ပဲအမျိုးမျိုးလည်းစိုက်ပျိုးပါသည်။ နှစ်ရှည်သီးစားပင်များအဖြစ် ထောပတ်ပင်နှင့် စပျစ်နွယ်ပင်များ လည်း စိုက်ပျိုးထားပါသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အိမ်တံခါးကိုအတင်းဖွင့်ပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့သည်။

သူဖိုင်ကျေးရွာနယ်နမိတ်အတွင်း တိုက်ပွဲဖြစ်ပွားမှု

သူဖိုင်ကျေးရွာနယ်နိမိတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့အကြား ထိတွေ့မှုတိုက်ပွဲ (၆) ကြိမ်ထိ ရှိခဲ့ပါသည်။

(၁)       ၁၈.၁.၂၀၂၂ ရက်နေ့တွင် ပထမအကြိမ်

(၂)        ၂၀.၁.၂၀၂၂ ရက်နေ့တွင် ဒုတိယအကြိမ်

(၃)       ၃၀.၁.၂၀၂၂ ရက်နေ့တွင် တတိယအကြိမ်

(၄)       ၆.၂.၂၀၂၂ ရက်နေ့တွင် စတုတ္ထအကြိမ်

(၅)       ၉.၂.၂၀၂၂ ရက်နေ့တွင် ပဉ္စမအကြိမ်

(၆)       ၁၄.၂.၂၀၂၂ ရက်နေ့တွင် ဆဠမအကြိမ် ထိတွေ့တိုက်ခိုက်ခဲ့ကြပါသည်။

ကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်မှုနှင့်ဖျက်စီးမှုများ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုယူဖျက်ဆီးခံရသည့် အိမ်တစ်လုံး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုမှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၅) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်များသည် သူဖိုင်ကျေးရွာအတွင်းသို့ (၉) ကြိမ်တိတိ ဝင်ရောက်ကာ အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

(က)  ၂၁.၅.၂၀၂၁ ရက်နေ့တွင် ဖလမ်းဘက်မှ ဆင်းလာသော စကစတပ်အင်အား (၅၀) ခန့် ရောက်လာပြီး ၂၃.၅.၂၀၂၁ ရက် နေ့အထိ နှစ်ခြင်းဘုရားကျောင်းနှင့် စာသင်ကျောင်းတွင် (၃) ည တာ တပ်စွဲစခန်းချခဲ့ကြသည်။ ၎င်းတို့စခန်းချစဥ်အတွင်း ကျေးရွာနေပြည်သူများ၏ နေအိမ်များ အတွင်း အကြမ်းဖက်ဝင်ရောက်ခြင်း၊ အိမ်တွင်းရှိ တန်ဖိုးရှိပစ္စည်းများအား ခိုးယူခြင်း၊ ဖျက်ဆီး ခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား ခိုးယူသတ်စားခြင်းတို့ကို ဥပဒေမဲ့လုပ်ဆောင်ခဲ့ကြပါသည်။ ၎င်းတို့၏ဖျက်ဆီးမှုကြောင့် ကျပ် (၁၀) သိန်းကျော်ခန့်နစ်နာဆုံးရှုံးခဲ့ရပါသည်။

(ခ)    ၂၈.၅.၂၀၂၁ ရက်နေ့မှ ၃၀.၅.၂၀၂၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ် အင်အား (၃၀) ခန့်သည် စာသင်ကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်းတွင် ထပ်မံစခန်းချတပ်စွဲထားပြီး အလားတူ ပြစ်မှုများ ကျူးလွန်ခဲ့ပါသည်။

(ဂ)    ၁၈.၆.၂၀၂၁ ရက်နေ့တွင် ဖလမ်းဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီတပ်အင်အား (၂၀၀) ခန့် ဝင်ရောက်လာပြီး နှစ်ခြင်းဘုရားကျောင်းနှင့် စာသင်ကျောင်းတွင် (၁) ညတာ တပ်စွဲ စဉ် အိမ်မွေးတိရစ္ဆာန်များ ခိုးယူစားသောက်ခဲ့ပြန်ပါသည်။ စာသင်ဆောင်များအား ဖျက်ဆီးခဲ့ပြီး ဝန်ထမ်းအိမ်ယာများမှ သော့များအား ဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများ၊ ကျောင်းပိုင်စာရွက် စာတမ်းများအား ဆုတ်ဖြဲသွားကြသည်။

(ဃ)  ၂၅.၆.၂၀၂၁ ရက်နေ့တွင် စကစအင်အား (၃၀)ခန့် ရောက်ရှိလာပြီး (၁) ညတာ တပ်စွဲခဲ့ကြသည်။ ဤအကြိမ်တွင်မူ ခိုးယူဖျက်စီးမှုမပြုလုပ်ခဲ့ပေ။

(င)    ၁၁.၁၀.၂၀၂၁ ရက်နေ့ ညနေပိုင်းတွင် ကလေးမြို့ဘက်မှတက်လာသည့် တင့်ကားနှစ်စီးပါ စစ်ကောင်စီတပ်ကားအစီး (၅၀) ကျော်ပါသည့် ယာဉ်တန်းသည် သူဖိုင်ကျေးရွာသို့ ဝင်ရောက်ခဲ့ ပြန်ပါသည်။ ကျေးရွာအဝင် ကားလမ်းမတစ်လျှောက်၌ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ပြည်သူများအား မတရားခြိမ်းခြောက်ခဲ့ပါသည်။ စစ်ကောင်စီတပ်များ၏ ရန်းသမ်းပစ်ဖောက်မှုများကြောင့် ကြောက်လန့်နေသော ရွာသူရွာသားများသည် တောင်ယာသို့ ပုန်းခိုရန် ထွက်ပြေးလာခဲ့ကြပါသည်။  တောင်ယာသို့ ပြေးပုန်းရန် ထွက်လာသည့် ရွာသား (၂) ဦးအား အကြမ်းဖက် စစ်ကောင်စီတပ်က ရက်စက်စွာ ပစ်သတ်ခဲ့ပြီး အလောင်းအား လမ်းဘေး တွင် ပစ်ထားခဲ့ကြသည်။

(စ)    ၂၆.၁၀.၂၀၂၁ ရက်နေ့ မှ ၃၀.၁၀.၂၀၂၁ ရက်နေ့အထိ ဟားခါး-ဖလမ်းဘက်မှ ပြန်လာသော ကား (၅၆) စီးပါ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် သူဖိုင်ကျေးရွာတွင် (၅) ညတာ စခန်းချ တပ်စွဲခဲ့ပြန်ပါသည်။ ဤအကြိမ်တွင်လည်း အိမ်မွေးတိရစ္ဆာန်များအား ခိုးယူစားသုံးသည့် အပြင် အိမ်တွင်းပစ္စည်းများ၊ အိမ်‌ဆောက်လုပ်ရန် စုဆောင်းထားသော ပစ္စည်းများအားလုံးကို  ခိုးယူ သယ်ဆောင်သွားကြပါသည်။ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်(၁၉၉) သိန်းကျော်ခန့် ဖြစ်ပါသည်။

(ဆ)  ၁၆.၁.၂၀၂၂ ရက်နေ့မှ ၁၅.၂.၂၀၂၂ရက် နေ့အထိ ကလေး-ဝေဘူလ-ဗါရ်းစခန်းဘက်မှ တက်လာ သော အကြမ်းဖက်စစ်ကောင်စီတပ်သားများ အင်အား (၃၀၀)ခန့်အနက် အင်အား (၅၀) ခန့် သည် ဖလမ်းသို့ရိက္ခာပို့မည့်ကလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီတပ်ကား (၂၃) စီးပါ ယာဉ်တန်းအတွက် လမ်းလုံခြုံရေးတာဝန်ဆိုကာ သူဖိုင်ကျေးရွာအတွင်း တပ်စွဲစခန်းချခဲ့ကြ ပါသည်။  ဤအကြိမ်တွင်လည်း အလားတူခိုးယူဖျက်စီးမှုများပြုလုပ်ခဲ့ကြပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း(၃၀) ကျော်ခန့် ရှိပါသည်။

(ဇ)    ၂၉.၁.၂၀၂၂ရက်နေ့တွင် ဖလမ်းမြို့ခလရ (၂၆၈) အတွက် ရိက္ခာပို့ရန် ကလေးမြို့ဘက်မှ တက် လာသော စစ်ကောင်စီတပ်ကား (၂၃) စီးပါယာဉ်တန်းသည် ကျေးရွာအတွင်း တပ်စွဲစခန်းချခဲ့ ကြသည်။ အိမ်မွေးတိရစ္ဆာန်များခိုးယူသတ်ဖြတ်စားသောက်ကြပြီး နေအိမ်များအား ဖျက်ဆီး ခဲ့ကြပါသည်။ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း (၅၀)ကျော်ခန့် ဖြစ်ပါသည်။

(စျ)   ၆.၂.၂၀၂၂ ရက်နေ့မှ ၁၃.၂.၂၀၂၂ ရက်နေ့ အထိ ဖလမ်းမှပြန်လာသော စစ်ကောင်စီတပ်ကား (၂၃) စီးပါယာဉ်တန်းသည် သူဖိုင်ကျေးရွာအတွင်း (၈) ရက်တာ တပ်စွဲထားပြန်ပါသည်။  ဤအကြိမ်တွင်လည်း အိမ်မွေးတိရစ္ဆာန်များသတ်ဖြတ်စားသောက်ခြင်းအပြင် အနီးအနားရှိ တောင်ယာအထိသွားကာ ဝက်၊ ဆိတ်များသတ်ဖြတ်ခြင်း၊ ငါးကန်များ ဖောက်ပြီးသတ်စားခြင်း အထိ ပြုလုပ်လာပါသည်။ ထို့အပြင်တောင်ယာနှင့် တောထဲတွင် ဝှက်ထားသော အိမ်ထောင် ပရိဘောကပစ္စည်းများပါ ရှာဖွေခိုးယူသယ်ဆောင်သွားကြပါသည်။

စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးမှု

၁၁.၁၀.၂၀၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုရန်မှ တောင်ယာသို့ ခိုလှုံရန် ထွက်ပြေးလာသည့် သူဖိုင်ကျေးရွာသား (၂) ဦးအား စစ်ကောင်စီတပ်များမှ ဖမ်းဆီးပြီး ပစ်သတ်ခဲ့ ပါသည်။ ပစ်သတ်ခံရသူ (၂) ဦးမှာ

(၁) ဆလိုင်းထောင်နိုင်မွေး (၃၃) နှစ် နှင့်

(၂) ဦးထောင်လွန်မန်း (၂၈) နှစ် တို့ ဖြစ်ပြီး ဦးထောင်လွန်မန်းတွင် ဇနီးနှင့် သားနှစ်ယောက် ကျန်ရစ်ခဲ့ပါသည်။

၎င်းတို့ (၂) ဦးသည် တောင်ယာသို့လည်း မရောက်၊ မိမိတို့နေအိမ်သို့လည်း ပြန်လည်ရောက်ရှိ မလာခြင်းကြောင့် ၁၃-၁၀-၂၀၂၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ သူဖိုင်ကျေးရွာမှ ထွက်ခွာအပြီး နံနက်ပိုင်းတွင် ၎င်းတို့ သွားလာနိုင်မည့် နေရာများသို့ ဆွေမျိုးများနှင့် ရွာသားအချို့က ရှာဖွေရာ လမ်းဘေးချုံပုတ်ကြားတွင် ၎င်းတို့၏အလောင်းအား ဝမ်းနည်းစွာ တွေ့ခဲ့ရသည်။ အလောင်း များကို စစ်ဆေးရာ ဆလိုင်းထောင်းနိုင်မွေး (၃၃) နှစ်၏ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ (၄) ချက်တွေ့ ရပြီး အူမများပါပေါက်ထွက်နေသည်ကိုတွေ့ရပါသည်။ ဦးထောင်းလွန် မန်း (၂၈)နှစ် ၏ နားထင်တွင် သေနတ်ဒဏ်ရာတစ်ချက်တွေ့ရပါသည်။အလောင်းများအား ကောက်ယူပြီးခရစ်ယာန်ဓလေ့ထုံးတမ်း နှင့်အညီ ကောင်းမွန်စွာ သဂြိုလ်ခဲ့သည်။

၎င်းအပြင် သက်ကြီးရွယ်အိုများမှာ ချင်းပြည်နယ်၏ အအေးဒဏ်အောက်တွင် စစ်ဘေးရှောင် နေရသဖြင့် နာမကျန်းမှုများ၊ သေဆုံးမှုများလည်း မြင့်မားလျက်ရှိသည်။

စစ်ဘေးရှောင်မှုအခြေအနေ

စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရန်းသမ်းပစ်ခတ်မှု၊ ဖမ်းဆီးမှုများ ကြောင့် ချင်းပြည်သူအများသည် စစ်ကောင်စီတပ်သားများ မိမိတို့ကျေးရွာ၊ ရပ်ရွာများအတွင်း ဝင်ရောက် လာပါက စိုးရိမ်ကြောက်လန့်ကြကာ မိမိတို့ကျေးရွာနှင့်နီးစပ်သည့်အရပ်၊ တောင်ယာနှင့်တောတောင် များသို့ ထွက်ပြေးခိုလှုံကြလေ့ရှိသည်။ သူဖိုင်ကျေးရွာမှ ပြည်သူများသည်လည်း စစ်ကောင်စီတပ်၏ အကြိမ်ကြိမ်ဝင်ရောက်နှောက်ယှက်မှုတို့ကြောင့် မကြာခဏ စစ်ရှောင်ထွက်ပြေးကြရလေ့ရှိသည်။ စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာသွားပါက မိမိတို့ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ကြလေ့ ရှိသည်။ ၁၁.၁၀.၂၀၂၁ ရက်နေ့ တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ အပြစ်မဲ့ရွာသား (၂) ဦးအား ရက်စက်စွာ ပစ်သတ်သည့်နောက်ပိုင်းတွင် သူဖိုင်ကျေးရွာသူ/သားများသည် မိမိတို့ကျေးရွာအတွင်း နေထိုင်ရန် မဝံ့တော့ဘဲ ရွာလုံးကျွတ်စစ်ဘေးရှောင်ထွက်ပြေးကြရသည်။ သူဖိုင်ကျေးရွာနှင့် (၂) မိုင်ခန့် ဝေးကွာပြီး ကားလမ်းမကြီးနှင့် အနည်းငယ်ဝေးကွာသည့် လုံးဟော့ကျေးရွာနှင့် တောင်ယာ တောတောင်များတွင် စစ်ဘေးရှောင်ခိုလှုံကြလျက်ရှိသည်။ စစ်ကောင်စီတပ်များ၏ နေရာအနှံ့ အကြမ်းဖက်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ချို့မှာ တစ်နေရာမှ အခြားတစ်နေရာသို့ ရွေ့ပြောင်း ထွက်ပြေးနေကြရသည်။

စစ်ရှောင်များထောက်ပံ့မှုအခြေအနေ

ချင်းပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် စစ်ဘေးဒဏ်များနှင့် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် ပြည်သူအများအပြား စစ်ရှောင်ထွက်ပြေးနေကြရသည်။ တစ်ချို့မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ ထွက်ပြေးခိုလှုံကြလျက်ရှိပြီး တစ်ချို့မှာ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် ထွက်ပြေးခိုလှုံကြလျက်ရှိသည်။ ချင်းပြည်နယ်ရှိ မြို့နယ်တိုင်းတွင် စစ်ရှောင်ပြည်သူများ၏ စားဝတ် နေရေးအခက်အခဲအား အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ရန်အလို့ငှါ ကော်မတီများ ဖွဲ့စည်းပြီး  ကူညီပေးလျက်ရှိပါသည်။ ဖလမ်းမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများအတွက် Falam Township IDPs Management Team (FTIMT) မှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ရာတွင် စစ်ကောင်စီ တပ်၏ တင်းကျပ်လှသည့် စည်းမျဉ်းများ၊ စစ်ဆေးမှုများနှင့် စစ်ရှောင်ပြည်သူဦးရေ အဆမတန် များပြားလာမှုကြောင့် အကူအညီများမှာ ထိရောက်မှုအားနည်းခဲ့ရသည်။ ၆.၂.၂၀၂၂ ရက်နေ့တွင် သူဖိုင်ကျေးရွာအတွက် FTIMT မှ ဆန်အိတ် (၅၀)၊ ကုလားပဲ (၂) အိတ်၊ ဆီ (၇၉) ပိဿာနှင့် ငါးပိထုပ် (၃၀) ခန့် ထောက်ပံ့ပေးခဲ့ပါသည်။

စစ်အာဏာသိမ်းမှုနှင့်စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာမှုများ

။ ပညာရေးထိခိုက်နစ်နာမှု

အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကြောင့် ကျေးရွာနေပြည်သူများ၏ ပညာရေးအလွန်ထိခိုက်နစ်နာခဲ့ရပါသည်။ ပညာသင်နှစ်အားဖြင့် တစ်နှစ်တာသာလျှင် ဆုံးရှုံးသည်ဟု ထင်ရသော်လည်း အမှန်အားဖြင့်ဆိုလျှင် ဆယ်စုနှစ်များစွာ နစ်နာဆုံးရှုံးကာ နောက်ကျကျန်ခဲ့ရပါ သည်။ ပညာရေးဖြင့်ပြုပြင်နိုင်သော အကျင့်စာရိတ္တပိုင်းဆိုင်ရာတွင်လည်း ထိခိုက်မှုများစွာအပြင် စိန်ခေါ်မှုများစွာနှင့်လည်း ရင်ဆိုင်နေရပါသည်။ နောင်ဆယ်စုနှစ်များစွာအထိလည်း ရင်ဆိုင်နိုင်ဖွယ် ရှိပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါကြောင့် စာသင်ကျောင်းများ ပိတ်ခဲ့ရသော်လည်း online platform မှတစ်ဆင့်ပညာသင်ယူနိုင်ခဲ့ပါသည်။ ယခုတွင်မူ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းပြီးနောက်ပိုင်း internet လိုင်းများပိတ်ပင်မှုကြောင့် မည်သည့်ပညာကိုမျှ သင်ယူနိုင်ခွင့် မရရှိဘဲ မျက်စိပိတ်၊ နားပိတ်ခံရကာ အမှောင်ချခံနေရပါသည်။ 

။ စီးပွားရေး၊ လူမှုရေးထိခိုက်နစ်နာမှု

စီးပွားရေးအနေဖြင့် စိုက်ပျိုးရေးသာ အဓိကထားလုပ်ဆောင်နေသော ဒေသဖြစ်ရာ ယခုကဲ့သို့ သီးနှံများစိုက်ပျိုးရာသီတွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် ကာလရှည်ကြာ စစ်ရှောင်နေရပါသဖြင့် မည်သည့်လုပ်ငန်းကိုမျှ လုပ်ကိုင်၍မရပေ။ သူဖိုင်ကျေးရွာသားတစ်ဦးက-

“စိုက်ပျိုးရေးပဲ အများစုလုပ်ကိုင်ကြတာဆိုတော့ သီးနှံဆွတ်ခူးဖို့က သူ့အချိန်နဲ့သူရှိတယ်။ သီးနှံဆွတ်ခူးလို့ရရင်လည်း ကလေးမြို့ဘက်ကို ကျွန်တော်တို့ ပို့လို့ရမှာမဟုတ်ဘူး။ လမ်းတွေက လည်း ပိတ်ထားတယ်။ စစ်လည်းရှောင်နေရတယ်ဆိုတော့ ဒီအတိုင်းပဲ ပစ်ထားခဲ့ရတယ်။” ဟု ပြောဆိုခဲ့သည်။

ဤကဲ့သို့သော အခြေအနေများကြောင့် စီးပွားရေးကျဆင်းကာ ယခုနှစ်အတွက်ပင် စားဝတ် နေရေး လိုအပ်ချက် မြင့်မားနေပြီး အဘက်ဘက်တွင် ကျဆင်းကာ ပညာရေး၊ လူမှုရေးအထိ ထိခိုက် ကျဆင်းနေပြီဖြစ်ပါသည်။

။ COVID-19 ကပ်ရောဂါ

၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ပြည်တွင်း ပြည်ပရှိ အလှူရှင်များ နှင့် ပူးပေါင်းကာ COVID-19 ကပ်ရောဂါအတော်အသင့် ကာကွယ်တိုက်ဖျက် နိုင်ခဲ့သည်။ ပိုးသတ်ဆေးဖြန်းခြင်း၊ လက်ဆေးရည်များဖြန့်ဝေခြင်း၊ Test Kit များဖြင့် စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကို ကျေးရွာအတွင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော် ၁.၂.၂၀၂၁ ရက်နေ့တွင် အကြမ်း ဖက်စစ်ကောင်စီက မတရားသဖြင့်အာဏာသိမ်းပြီးနောက်ပိုင်းတွင် COVID-19 ကပ်ရောဂါ ကာကွယ် ရေးပစ္စည်းများကို ခိုးယူခြင်း၊ ဖျက်စီးခြင်းများ ခံရသောကြောင့် ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် COVID-19 ကပ်ရောဂါ ကူးဆက် နှုန်းမြင့်မားလာပါသည်။ ကျေးရွာနေပြည်သူအချို့မှာ စစ်ဘေးရှောင်ထွက်ပြေးနေရင်း ရောဂါခံစား နေရသည့်အပြင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားနှိပ်စက်မှုခံရပါသဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများပါ နောက်ဆက်တွဲအနေဖြင့် ခံစားနေရသည်။ 

နိဂုံး

သူဖိုင်ကျေးရွာသားတစ်ဦးက စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများသည် “လူ့အသက် သာမက လူ့ဘဝအထိပါ အသတ်ခံရသည်” ဟု ခံစားမိကြောင်း ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်၏ စစ်အာဏာသိမ်းမှုသည် ၎င်းတို့လက်အောက်ရှိ တပ်သားများအား လူသတ်လိုင်စင်နှင့် အကြမ်းဖက်လိုင်စင်များ တရားဝင်အပ်နှင်းခံထားသည့်အလား မြို့ပြများတွင် သာမက ကျေးလက်တောရွာများအထိ စိတ်တိုင်းကျသောင်းကျန်းခဲ့ကြပါသည်။

စစ်ကောင်စီတပ်များသည် သူဖိုင်ကျေးရွာအတွင်းသို့ (၉) ကြိမ်တိတိ ဝင်ရောက်ပြီး အကြမ်း ဖက်သည့် လုပ်ရပ်များကို  လုပ်ဆောင်ခဲ့ကြသည်။ စစ်ကောင်စီတပ်များသည်  ပြည်သူများ၏ တန်ဖိုးရှိ ပစ္စည်းများအပြင် အိမ်မွေးတိရစ္ဆာန်၊ အိုးခွက်ပန်းကန်များအထိပါ ၎င်းတို့စစ်ကားအပြည့်ဖြင့် ခိုးယူ သယ်ဆောင်သွားလေ့ရှိသည်။ စစ်ကောင်စီတပ်၏ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်သောင်းကျန်း မှုများကြောင့် သူဖိုင်ကျေးရွာပြည်သူများမှာ ရွာလုံးကျွတ် စစ်ဘေးရှောင်ထွက်ပြေးကြရသည်။ စစ် ကောင်စီတပ်၏ အရပ်သားပြည်သူများအပေါ် ဦးတည်တိုက်ခိုက်မှုများသည် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့်ပြစ်မှုများဖြစ်ကြောင်း ထင်ရှားနေပေသည်။