One year coup main photo

February 3, 2022, 1 Comment

စစ်အာဏာသိမ်းသည့် တစ်နှစ်အတွင်း ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ အပေါ် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု နှင့် အကြမ်းဖက် ကျူးလွန်သည့် ပြစ်မှုများ

One year coup main photo
  • မတရားသတ်ဖြတ်ခံရမှု
  • မတရားဖမ်းဆီးခံရမှု
  • အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု
  • လူသားဒိုင်းအဖြစ် အသုံးပြုမှု
  • နေအိမ်များအား ဝင်ရောက် စီးနင်းမှု
  • မီးရှို့ဖျက်ဆီးမှု
  • အတင်းအကြပ်နေရပ်စွန့်ခွာစေမှု
  • ဘာသာရေးအဆောက်အအုံများ၊ ယဥ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးမှု
  • နေအိမ်များအား တရားမဝင် ချိတ်ပိတ်သိမ်းယူမှု

နိဒါန်း

စစ်ကောင်စီတပ် (မြန်မာ့တပ်မတော်)၏ မတရားစစ်အာဏာသိမ်းမှုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ စစ်အာဏာသိမ်းမှု တစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်၏ ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများအပေါ် ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် စစ်ကောင်စီတပ်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှု များ၊ စစ်ရာဇဝတ်မှုများအထိ ကျူးလွန်နေကြောင်း ထင်ရှားပေသည်။

၁။ မတရားသတ်ဖြတ်ခံရမှု

မတရားစစ်အာဏာသိမ်းမှုအတွင်း စစ်ကောင်စီတပ်၏ အင်အားသုံး အကြမ်းဖက်ကျူးလွန်မှု များကြောင့် သေဆုံးသည့် ချင်းတိုင်းရင်းသားဦးရေ စုစုပေါင်း (၂၀၂) ထိ ရှိလာပါသည်။ ထိုစာရင်းထဲတွင် အရပ်သားပြည်သူ (၁၀၉) ဦးနှင့် ချင်းတော်လှန်ရေးအဖွဲ့မှ (၉၃) ဦး ထိ ရှိပါသည်။ အရပ်သားပြည်သူ စာရင်းတွင် အမျိုးသမီး (၁၈) ဦး၊ ၁၈ နှစ်အောက် ကလေး (၁၆) ဦး၊ ဘုရားအမှုတော်ဆောင်ဓမ္မဆရာ (၄) ပါး ပါဝင်ပါသည်။ အရပ်သားပြည်သူများ သေဆုံးရသည့် အကြောင်းရင်းများတွင်-

  • ဆန္ဒပြနေစဉ်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် သေဆုံးသည့် အရပ်သား (၁၃) ဦး၊
  • စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီး အလောင်းပြန်မရသည့် အရပ်သား (၈) ဦး၊
  • မီးရှို့ သတ်ဖြတ်ခံရသည့် အရပ်သား (၅) ဦး၊
  • စစ်ကောင်စီတပ်မှ လူနေအိမ်ရာများအတွင်း ထောင်ထားသည့် မိုင်းနင်းမိ၍ သေဆုံးသည့် အရပ်သား (၃) ဦး၊
  • စစ်ကောင်စီတပ်၏ ကျေးရွာများအတွင်း လက်နက်ကြီးများပစ်ခတ်မှုကြောင့်သော်လည်းကောင်း၊ ရမ်းသန်းပစ်ခတ်မှုကြောင့်သော်လည်းကောင်း ကျည်ထိမှန်၍သေဆုံးသည့် အရပ်သား (၆၃) ဦး၊
  • စစ်ကောင်စီတပ်၏ ညှင်းပန်းနှိပ်စက်ဒဏ်ရာများကြောင့် သေဆုံးသည့် အရပ်သား (၈) ဦး၊
  • စစ်ဘေးရှောင်ရင်း အစာအဟာရပြတ်လတ်၍သော်လည်းကောင်း၊ ဆေးဝါးလိုအပ်ချက်ကြောင့် သော်လည်းကောင်း သေဆုံးသည့် အရပ်သား (၉) ဦး ပါဝင်ပါသည်။

၂။ မတရားဖမ်းဆီးခံရမှု

စစ်ကောင်စီတပ်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် မတရားသည့် ဥပဒေများ ပြဌာန်းကာ ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးပါ ရပိုင်ခွင့်များကို ပိတ်ပင်တားမြစ်ထားပါသည်။ စစ်အာဏာသိမ်းသည့် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ချင်းတိုင်းရင်းသားဦးရေ အနည်းဆုံး (၈၀၀) နီးပါးထိ ရှိပါသည်။ ၎င်းတို့တွင် ရာဇသတ်ကြီးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ဆိုင်ရာဥပဒေ စသည့်များဖြင့် တရားစွဲဆိုခံရသည့် ချင်းတိုင်းရင်းသားများအပြင် အကြောင်းမဲ့ ဖမ်းဆီးခံရခြင်း၊ တရားလက်လွတ်အစုလိုက် အပြုံလိုက် ဖမ်းဆီးခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုရန် ဖမ်းဆီးခြင်းတို့ကို ရည်ရွယ်ချက်ရှိစွာ ဆောင်ရွက်ခဲ့ပါသည်။

တရားရုံးမှ အပြီးသတ်လွှတ်လိုက်သော်လည်း ပြန်လည်အဖမ်းခံရခြင်း

၂၀၂၁ ခုနှစ် မေလ (၂၈) ရက်နေ့၊ ချင်းပြည်နယ်၊ပလက်ဝမြို့တွင် ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးတရားစွဲခံရသည့် ချင်းတိုင်းရင်းသား လူငယ် (၄) ဦး (ကိုအိုက်ထွန်းမင်း၊ ကိုထွန်းမင်း (၁)၊ ကိုထွန်းမင်း (၂)၊ ကိုအောင်ထွန်းစိုး) သည် (၅) လ နီးပါး တရား ရင်ဆိုင်ပြီးသည့်နောက် ပြစ်မှုမထင်ရှားသဖြင့် အောက်တိုဘာလ (၁၃) ရက်နေ့တွင် တရားရုံးမှ အပြီးသတ်လွှတ်လိုက်ပြီးဖြစ်သည်။ သို့ရာတွင် အောက်တိုဘာ (၁၄) ရက်နေ့ မနက်တွင် ပလက်ဝ မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးစရာရှိသည်ဆိုကာ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်။

၃။ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု

စစ်ကောင်စီတပ်သည် ၎င်းတို့စစ်ဆင်ရေးအတွင်း မုဒိမ်းမှုများအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကျူးလွန်လေ့ရှိသည်။

(၁)       ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ၌ နေထိုင်သည့် သားအမိအား စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သည်။ အသက် (၁၅) နှစ်အရွယ် သမီးအား မုဒိမ်းကျင့်ကာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

(၂)        ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့တွင် တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာတွင် စခန်းချ ရပ်နားသည့် စစ်ကောင်စီတပ်မှ တပ်သား (၃) ဦးသည် အသက် (၂၉) နှစ်အရွယ် မွေးကင်းစ ကလေးမိခင်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

(၃)       ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့မှာပင် တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာရှိ ကိုယ်ဝန်ခုနှစ်လ လွယ်ထားသည့် အသက် (၃၅) နှစ်အရွယ်အား စစ်ကောင်စီတပ်မှ တပ်သား (၃) ဦးက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့သည့်အပြင် သွေးထွက်သံယိုဖြစ်သည်အထိ နှိပ်စက်ခဲ့ကြသည်။

၄။ လူသားဒိုင်းအဖြစ် အသုံးပြုမှု

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း ၎င်းတို့ စစ်ဆင်ရေးစတင်သည့်အချိန်ကပင် အရပ်သားပြည်သူများအား လမ်းပြအဖြစ် အတင်းအကြပ်ခေါ်ဆောင်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြု ခြင်း၊ ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းတို့ကို ကျူးလွန်ခဲ့သည်။ ချင်းပြည်နယ်တွင် အပြစ်မဲ့ပြည်သူ (၅၃) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး (၁၀) ဦးမှာ လမ်းခရီးတွင်ပင် စစ်ကောင်စီတပ်၏ နှိပ်စက်သတ်ဖြတ်ခြင်းခံရသည်။

၁။        ၂၀၂၁ ခုနှစ်၊ မေလ (၁၅) ရက်နေ့တွင် မင်းတပ်စစ်ဆင်ရေးတွင် အရပ်သားလူငယ် (၁၅) ဦးအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။

၂။         ၂၀၂၁ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် မင်းတပ်မြို့၊ မယ်လကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ အရပ်သားပြည်သူ (၇) ဦးအား လူသားဒိုင်းအဖြစ် ထပ်မံ ဖမ်းဆီးအသုံးပြုခဲ့သည်။

၃။        ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် ဟားခါးမြို့မှ အရပ်သားပြည်သူ (၁၄) ဦးခန့်အား စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး ဟားခါး-ထန်တလန်လမ်းတစ်လျှောက်တွင် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။

၄။        ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကန်ပက်လက်မြို့မှ မကွေးတိုင်းဒေသကြီး ဆောမြို့သို့ သွားသည့် စစ်ကောင်စီတပ်မှ အရပ်သား (၂) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။

၅။        ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ဝေဘူလအနီးတွင် တောင်ယာမှ ပြန်လာသည့် အရပ်သားပြည်သူ (၅) ဦးအား လူသားဒိုင်းအဖြစ် အသုံးပြုကာ ဖမ်းဆီးခဲ့သည်။

၆။        ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် မတူပီမြို့နယ်တွင် သတင်းသမား နှင့် အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားပြည်သူ (၁၀) ဦးအား လမ်းပြအဖြစ်လည်း ကောင်း၊ လူသားဒိုင်းအဖြစ်လည်းကောင်း ဖမ်းဆီးအသုံးပြုခဲ့ပြီး နှိပ်စက်သတ်ဖြတ်ခံရသည်။

၅။ နေအိမ်များအား ဝင်ရောက်စီးနင်းမှု

ချင်းပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် ၎င်းတို့၏ ဖြတ်လေးဖြတ် ဗျူဟာအား တွင်ကျယ်စွာ အသုံးပြုလျှက်ရှိသည်။ ချင်းပြည်နယ်အတွင်း ၎င်းတို့ စစ်ချီတက်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း ဝင်ရောက်သောင်းကျန်းကာ နေအိမ်များအား ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်း၊ နေအိမ်နံရံများ၌ ဆဲရေးတိုင်းထွာသည့်စာများ၊ ခြိမ်းခြောက်သည့် စာများကပ်ထားခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ ချင်းရိုးရာအမွေအနှစ်ပစ္စည်းတို့အား ဖျက်ဆီးခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။ ဖလမ်းမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၀) ခန့်အား စစ်ကောင်စီတပ်၏ အကြမ်းဖက်ကျူးကျော်ခြင်းခံရပြီး နေအိမ်အများအပြားဖောက်ထွင်းခိုးယူခြင်း ခံရသည်။

၎င်းအပြင် ကလေးမြို့နယ်အတွင်း ချင်းတိုင်းရင်းသားအများစုနေထိုင်သည့် ကြံသာ၊ မှန်တော၊ ဆည်တော၊ သံဖို၊ ချောင်းခွ၊ သာယာကုန်း၊ စည်သာ၊ စီးစံ၊ ဆင်တော စသည့် ကျေးရွာများတွင်လည်း လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များအတွင်း ဖောက်ထွင်းခိုးယူခြင်းတို့ကို ကျူးလွန် ခဲ့သည်။

၆။ မီးရှို့ဖျက်ဆီးမှု

စစ်ကောင်စီတပ်သည် ကျေးရွာများ၊နေအိမ်များအတွင် လက်နက်ကြီးကျည်များဖြင့် ပစ်ခတ် သည်သာမက နေအိမ်များအား ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့်  ချင်းပြည်နယ်အတွင်းတွင် ဘုရားကျောင်းနှင့်အများပြည်သူအဆောက်အဦး အပါ အဝင် နေအိမ်ပေါင်း (၁၀၀၂) လုံးခန့်အား မီးလောင်ပြာကျခဲ့ရသည်။ ဖလမ်းမြို့နယ်ရှိ ရီလ်သီးကျေးရွာမှာ စစ်ကောင်စီတပ်၏ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းခံရသည်။

၎င်းအပြင် ကလေးမြို့နယ် ကြံသာကျေးရွာတွင် လူနေအိမ် (၁၂) လုံး၊ သာယာကုန်းကျေးရွာတွင် လူနေအိမ် (၄)လုံး၊ သံဖိုကျေးရွာတွင် စပါးကျီတိုက်တစ်ချို့၊ ချောင်းခွကျေးရွာတွင် စပါးကျီတိုက် အပါအဝင် လူနေအိမ် (၁၈) လုံး၊ ဟားခါးလေးကျေးရွာတွင် လူနေအိမ် (၃)လုံး၊ စီးစံကျေးရွာတွင် လူနေအိမ် (၂) လုံး၊ ဆင်တောကျေးရွာတွင် လူနေအိမ် (၁) လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။

မီးရှို့ဖျက်ဆီးခံရသည့် ချင်းတိုင်းရင်းသားနေအိမ်၊အဆောက်အဦးစုစုပေါင်း

၇။ အတင်းအကြပ် နေရပ်စွန့်ခွာစေမှု

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဒေသအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတို့ကြောင့် အရပ်သား ပြည်သူအများအပြား မိမိတို့ကျေးရွာများအား စွန့်ခွာကာ ထွက်ပြေးနေကြရသည်။ ချင်းပြည်သူပေါင်း (၇၀၀၀၀) ကျော်သည် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်အခြားဒေသများသို့ နေ့ရပ်စွန့်ခွာထွက်ပြေး ကြရပြီး ချင်းပြည်သူပေါင်း (၃၅၀၀၀) ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံကြရသည်။

၈။ ဘာသာရေးအဆောက်အအုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးမှု

စစ်အာဏာသိမ်းသည့် တစ်နှစ်တာကာလအတွင်းတွင် စစ်ကောင်စီတပ်သည် ချင်းပြည်နယ် အတွင်း ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးပေါင်း (၅၅) ခုအား မီးရှို့ ဖျက်ဆီးခဲ့ကြသည်။  စစ်ကောင်စီတပ်သည် ဘုရားကျောင်း (၇) ခုတွင် တပ်စွဲခြင်း၊ အရက်သေစာ သောက်စားခြင်းတို့ကို ပြုလုပ်ခဲ့သည်။ တိုက်လေယာဉ်များဖြင့် ပစ်ချတိုက်ခိုက်ခြင်းကြောင့် ဘုရား ကျောင်း (၃) ခု ဗုံးဒဏ်သင့်ခဲ့ရပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဘုရားကျောင်း (၁၂) ခု ထိခိုက်ပျက်စီးခဲ့ရသည်။ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဘုရားကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက် အဦးပေါင်း (၃၃) ခုတိတိ မီးလောင်ပြာကျခဲ့ရသည်။

စစ်ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံရသည့် ဘာသာရေးဆိုင်ရာအဆောက်အဦးများ

၎င်းအပြင် စစ်ကောင်စီတပ်သည် ချင်းခရစ်ယာန်ဓမ္မဆရာများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။ ချင်းခရစ်ယာန်ဓမ္မဆရာ စုစုပေါင်း (၁၈) ဦး ဖမ်းဆီးခံရပြီး ၎င်းတို့မှ (၄) ဦးမှာ စစ်ကောင်စီတပ်၏ နှိပ်စက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရပြီး (၂) ဦးမှာ ယခုအချိန်ထိ ဖမ်းဆီးခံရဆဲဖြစ်ပါသည်။

၉။ လေကြောင်းတိုက်ခိုက်မှု

            စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း ၎င်းတို့၏ စစ်ဆင်ရေးများတွင် လူနေအိမ်များ၊ ကျေးရွာများအပေါ်  တိုက်လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။

၁။        ၂၀၂၁ ခုနှစ်၊ မေလ (၁၄-၁၅) ရက်နေ့တို့တွင် မင်းတပ်မြို့အတွင်း တိုက်လေယာဉ်၊ ကင်းထောက် လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၂။         ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁၀) ရက်နေ့တွင် လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီစခန်းအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်အသုံးပြုကာ လုံလဲရ်ကျေးရွာအပေါ် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် (၃၄) အိမ်ခန့်  ဗုံးဒဏ်သင့်ခဲ့ရပြီး ဘုရားကျောင်းအဆောက်အအုံ များ ပျက်စီးခဲ့ရသည်။

၃။        ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် တီးတိန်မြို့နယ်၊ ဟိန်ဇိန်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် (၂) စင်း အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၀။ နေအိမ်များအား တရားမဝင် ချိတ်ပိတ်သိမ်းယူမှု

            စစ်ကောင်စီတပ်သည် အရပ်သားပြည်သူပိုင်နေအိမ်များ၊ လွတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များအား တရားမဝင်ချိတ်ပိတ်သိမ်းဆည်းမှုများ၊ ပိုင်ဆိုင်မှုများအား သိမ်းဆည်းခြင်းတို့ကို ဥပဒေ နှင့်မညီ ဆောင်ရွက်နေပါသည်။ ထို့အပြင် စစ်ရှောင်ထွက်ပြေးနေရသည့် အရပ်သားပြည်သူများ၏ နေအိမ်များကိုလည်း ပြန်လည်နေထိုင်ခြင်းမပြုပါက ချိတ်ပိတ်သိမ်းဆည်းမည်ဖြစ်ကြောင်း ခြိမ်းခြောက် မှုများ ပြုလုပ်နေပါသည်။ ချင်းပြည်နယ်နှင့် ကလေးမြို့နယ်တို့တွင် လွှတ်တော်ကိုယ်စားလှယ် (၅) ဦး၏ နေအိမ်များနှင့် ခရစ်ယာန်ဓမ္မဆရာ (၁) ဦး၏ နေအိမ်တို့အား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၆ အရဟုဆိုကာ ဥပဒေနှင့်မညီ ချိတ်ပိတ်သိမ်းဆည်းခဲ့ပါသည်။

နိဂုံး   

          စစ်ကောင်စီတပ် (မြန်မာ့တပ်မတော်)၏ ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများသည် လွန်ခဲ့သည့် စစ်အုပ်အုပ်ချုပ်မှုအောက် တွင် ဆယ်စုနှစ်များစွာ တိုင်းရင်းသားလူနည်းစုများ တွေ့ကြုံခံစားရကြပြီးဖြစ်ပါသည်။ ယခုအခါတွင် လည်း စစ်ကောင်စီတပ်သည် ၎င်း၏ မတရားစစ်အာဏာသိမ်းမှုနှင့်အတူ အလားတူနည်းလမ်းများကို အသုံးပြု၍ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။

            ထိုသို့ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ်တွင် နိုင်ငံတကာမှ ထိရောက် သည့် အရေးယူဆောင်ရွက်မှုပြုလုပ်ရန် ပျက်ကွက်နေမှုများသည် မြန်မာပြည်သူလူထုကို ပိုမို ဆိုးရွားသည့် အခြေအနေသို့ တွန်းပို့လျက်ရှိပါသည်။ မြန်မာ့တပ်မတော်သည် ၎င်းတို့၏ လုပ်ရပ်များ အပေါ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပတ်သက်၍ သမိုင်းတစ်လျှောက်တွင် မည်သည့်အခါမျှ မရှိခဲ့ပေ။ ၎င်းအပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ မြန်မာ့တပ်မတော် သည် ၎င်းတို့၏ အာဏာတည်မြဲစေရန် ပြဌာန်းလျက်ရှိသည့် မတရားဥပဒေများသည် မြန်မာပြည်သူ လူထု၏ နေ့စဥ်ဘဝလုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိပါသည်။

အသိပေးခြင်း။

Social Media ပေါ်တွင် ပြန့်နှံ့နေသည့် ဓါတ်ပုံတစ်ချို့အား  အသုံးပြုထားသည်။

1 Comment

  • Nancee Nordstrom

    March 6, 2022

    I’d like to thank you for the efforts you’ve put in penning this blog. I’m hoping to see the same high-grade blog posts by you later on as well. In fact, your creative writing abilities has inspired me to get my own site now 😉

Comments are closed.