March 25, 2022, Comment off

ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

၁။ နိဒါန်း

ကန်ပက်လက်မြို့နယ်သည် ချင်းပြည်နယ် မင်းတပ်ခရိုင်တွင် တည်ရှိပြီး အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီး ဆောမြို့နယ်၊ တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ အနောက်ဘက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မြောက်ဘက်တွင် ချင်းပြည်နယ် မင်းတပ်မြို့ နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိပြီး လူဦးရေ နှစ်သောင်းခွဲ ဝန်းကျင်ခန့် နေထိုင်ကြပါသည်။ စစ်အာဏာရှင်ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး CDM တွင် ပါဝင်နှုန်း ၅၆ ရာခိုင်နှုန်းအထိ ရှိပါသည်။

၂။ စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များအား ကာကွယ်ခုခံခြင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းချိန်မှစ၍ ချင်းပြည်နယ်အနှံ့တွင် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများပြုလုပ်ခဲ့ကြရာ စစ်ကောင်စီတပ်နှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြဆန့်ကျင်မှုများအပေါ် အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် မတရားဖမ်းဆီး အကျဉ်း ချခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါသည်။ မင်းတပ်မြို့တွင် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူများအား လွှတ်ပေးရန် တောင်းဆိုခဲ့ရာတွင် စစ်ကောင်စီတပ်မှ အကြမ်းဖက်လုပ်ရပ်များ ပိုမို လုပ်ဆောင်လာသည့်အပြင် မြို့တွင်းစစ်ဆေးမှုများ၊ ညအချိန် တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ် ဆေးမှုများကို လုပ်ဆောင်ခဲ့သည်။ ၎င်းလုပ်ရပ်တို့အား တုံ့ပြန်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ခုခံရန် အတွက် လက်နက်ကိုင်ကာ စစ်ကောင်စီလုပ်ရပ်တို့အား ခုခံကာကွယ်ခဲ့ကြရသည်။ မင်းတပ်မြို့တွင် CDF-Mindat နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေချိန်တွင် စစ်ကောင်စီဘက်မှ အင်အားထပ်ဖြည့်နိုင်ခြင်းမရှိစေရန်အတွက် မေလ (၁၃) ရက်နေ့မှစတင်ကာ ကန်ပက်လက်မြို့ဘဏ် ရုံးတွင် တပ်စွဲထားသည့် စစ် ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်နှင့် CDF-Kanpetlet ကြား တိုက်ပွဲများ စတင်ခဲ့သည်။

၁။     ၂၀၂၁ ခုနှစ်၊ မေလ (၃၀) ရက်နေ့တွင် ကန်ပက်လက်မြို့၏ အနောက်ဖက် (၄) မိုင် ခန့်အကွာ တာဝါတိုင်အနီးတွင် စစ်ကောင်စီတပ် နှင့် CDF-Kanpetlet တို့အကြား တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။

၂။      ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက် ဝန်းကျင်တွင် ကန်ပက်လက်မြို့နယ် ကျင်ဒွေး(Kyindwe)မြို့မှ CDF-Kanpetlet ၏ ထိန်းချုပ်နယ်မြေ လမ်းကြောင်းကို အသုံးပြုပြီး  မင်းတပ်မြို့နယ် မကွီအိမ်နူး(Ma Kui Ein Nu) မြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် နှင့် CDF-Kanpetlet တို့အကြား ကန်ပက် လက်မြို့နယ် ခါနန်း(Kha Nan) ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၃။     ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် နှင့် မကွေးတိုင်း၊ ဆောမြို့နယ် နယ်စပ်မှ ကန်ပက်လက်မြို့နယ်ဖက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီ တပ်နှင့် CDF-Kanpetlet/ YDF-Saw ပူးပေါင်း တပ်ဖွဲ့တို့ အကြား ညနေ (၄း၀၀ နာရီ) ခန့်မှ စတင်၍ (၂) နာရီ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

၄။     ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက် နေ့တွင် ကန်ပက်လက်မြို့နှင့် ဆောမြို့ ကြား တစ်နေရာတွင် စစ်ကောင်စီတပ်  နှင့် CDF-Kanpetlet တို့အကြား တိုက်ပွဲများ ထပ်မံဖြစ်ပွား ခဲ့သည်။

၅။     ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကန်ပက်လက်မြို့အရှေ့ဖက် ၆ မိုင် အနီးတွင် စစ်ကောင်စီတပ် နှင့် CDF-Kanpetlet တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်များသည် ကန်ပက်လက်မြို့ထဲသို့ ပြန်လည်ဝင်ရောက်လာကြပြီး မြို့ထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြရာ အဆောက်အဦးအချို့ ထိခိုက် ပျက်စီးမှုများ ရှိခဲ့သည်။

၆။     ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ အင်အား ဖြည့်ရန်အတွက် တောလမ်းဖြင့် စစ်ကြောင်းထိုးသော လောင်းရှည်(Laung She) ကပစမှ စစ်ကောင်စီတပ် များကို CDF-Kanpetlet က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။

၇။     ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ကန်ပက်လက်မြို့ အရှေ့ဖက် ၆ မိုင် အနီးတွင် စစ်ကောင်စီတပ် နှင့် CDF-Kanpetlet တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

၈။     ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်ဒွေးမြို့ ဖုံးတွီးကျင်း (Phoung Tui Kyin) ရပ်ကွက်အနီးတွင် ကျင်ဒွေးမြု့အခြေစိုက် စစ်ကောင်စီတပ် နှင့် CDF-Kanpetlet တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့သည်။ စစ်ကောင်စီတပ်များသည် CDF-Kanpetlet ၏ ထိန်းချုပ်နယ်မြေရှိ ကျေးရွာတချို့တွင် နေအိမ်များဖောက်ထွင်းပြီး နေအိမ်ရှိ ပစ္စည်းများအား ခိုးယူလေ့ရှိပါသည်။ ယခုတွင်လည်း  မော်တော်ဆိုင်ကယ်များဖြင့် ထပ်မံဝင်ရောက်လာကြသောကြောင့် CDF-Kanpetlet က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၉။     ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက် နေ့တွင် စစ်ကောင်စီတပ် နှင့် CDF-Kanpetlet ၊ YDF ၊ PDF-Saw ၊ CDF-Mindat ပူးပေါင်းတပ်ဖွဲ့တို့အကြား မကွေးတိုင်း၊ ဆောမြို့နယ် ကျိန်ချောင်းရွာ နှင့်တောမရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၁၀။   ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ကန်ပက်လက်မြို့တွင်း၌ စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

၁၁။   ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃-၄ ရက်နေ့တွင် ကန်ပက်လက်မြို့ အထက ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Kanpetlet က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၁၂။    ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက် နံနက် ၇ နာရီ ခန့်အချိန်တွင် ကန်ပက်လက်မြို့တွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များအား CDF-Kanpetlet က ပစ်ခတ် တိုက်ခိုက် ခဲ့သည်။

၁၃။   ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ် နယ်စပ်ရှိ ပေါင်ချောင်းဖက်မှ နေ၍ ကန်ပက်လက်ဖက်သို့ စစ်ကြောင်း ထိုးလာရာ CDF-Kanpetlet နှင့် ထိတွေ့တိုက်ပွဲ ၃ နာရီ ခန့်ကြာ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ ဖက်၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်အားကြောင့် CDF-Kanpetlet ဖက်က ဆုတ်ခွာခဲ့ရသည်။ ယင်းနေ့တွင် စစ်ကောင်စီတပ်များသည် ကန်ပက်လက်မြို့အနီး ပါကွန်း(Par Kon) ကျေးရွာရှိ လူနေအိမ် (၆)လုံး မီးရှို့ခဲ့ကြပြီး မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့ တွင် စတင်တပ်စွဲခဲ့ကြသည်။

၁၄။   ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် စစ်ကောင်စီတပ် နှင့် CDF-Kanpetlet တို့ ကန်ပက်လက်မြို့နယ် အပေါ(Apaw)ရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၁၅။   ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကန်ပက်လက်မြို့ ရန်အောင်စေတီ၊ မြို့နယ်ပညာ ရေးမှူးရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များကို CDF-Kanpetlet က ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ယင်းနေ့တွင် စစ်ကောင်စီတပ်မှ ကန်ပက်လက်မြို့ထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြပြီး လူနေ အိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကာ လက်နက်ကြီး ကျည်ထိမှန်၍ ပြည်သူ (၁) ဦး သေဆုံးကာ၊ (၂) ဦး ဒဏ်ရာရရှိခဲ့သည်။

၁၆။   ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် သွားရောက်သည့် (၁၆) စီးပါ စစ်ကောင်စီ ယာဉ်တန်း နှင့် CDF-Kanpetlet တို့ကြား မောချောင်း(Maw Chaung)ကျေးရွာနှင့် မဆာတွီ(Ma Sar Tui) ကျေးရွာ ကြားတစ်နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်များသည် မောချောင်းရွာရှိ ပြည်သူများ၏ နေအိမ် (၃) လုံး နှင့် လှိုင်ဒုတ်(Hlai Dok)ရွာတွင် နေအိမ် (၁) လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ထန်းကုန်း(Than Kone)ကျေးရွာ အမက ကျောင်း ၊ ဘုရားရှိခိုးကျောင်း နှင့် မောချောင်း ရွာရှိ စာသင်ကျောင်းတို့ကိုလည် ဖျက်ဆီးခဲ့ကြသည်။

၁၇။   ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ဆောမြို့နယ်၊ ဆွဲလွဲကျင်းကျေးရွာနှင့် ကန်ပက် လက်မြို့နယ်၊ မဆာတွီကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet၊ လောင်းရှည် PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၁၈။   ၂၀၂၂ ခုနှစ်၊ မတ်လ (၄) ရက်နေ့တွင် စစ်ကောင်စီတပ်များသည် ကန်ပက်လက်မြို့နယ်နှင့် မကွေးတိုင်းနယ်စပ်အနီးတွင် ကျောက်ထုဖက်မှ စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုး လာသောကြောင့်  CDF-Kanpetlet တို့ဘက်မှ ခုခံတိုက်ခိုက်ခဲ့ကြသည်။

၁၉။   ၂၀၂၂ ခုနှစ်၊ မတ်လ (၇) ရက်နေ့၊ နံနက် ၇ နာရီတွင် တစ်ကြိမ် နှင့် နံနက် ၉း၀၀ နာရီ တွင် တစ်ကြိမ် မကွေးတိုင်းနယ်စပ်မှ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် CDF-Kanpetlet/ ပူးပေါင်းတပ်ဖွဲ့တို့အကြား ကန်ပက်လက်မြို့အနီး လေယာဉ်ကွင်း (ဆောက်လုပ်ဆဲ) နေရာတွင် (၂) ကြိမ်တိတိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ကန်ပက်လက်မြို့ပေါ် အထိုင် စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး ကူပစ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၀။   ၂၀၂၂ ခုနှစ်၊ မတ်လ (၉) ရက်နေ့ နံနက် ၁၀ နာရီ ခန့်မှစ၍ ၁၁း၄၀ နာရီ အထိ မကွေးတိုင်းဒေသကြီး နှင့် ချင်းပြည်နယ်အစပ်ရှိ ကချောင်းရွာထိပ်တွင် CDF-Kanpetlet/ ယော ဒေသကာကွယ်ရေးအဖွဲ့ ပူးပေါင်းတပ်တို့အကြား တစ်နာရီကျော်ခန့် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

၂၁။    ၂၀၂၂ ခုနှစ်၊ မတ်လ (၁၁) ရက် နေ့တွင် ကန်ပက်လက်မြို့မှ အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်များသည်  CDF-Kanpetlet တပ်မဟာဌာနချုပ်ရှိရာဖက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလာသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် CDF-Kanpetlet  အကြား ကန်ပက်လက်မြို့ အရှေ့ဖက် ၆ မိုင် ခန့်အကွာ ရဲလောင်းပန်း(Ye Laung Pan)ကျေးရွာအထက် ပန်းတောင် ကျောတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

၂၂။     ထို့နောက် မတ်လ ၁၃-၁၄ ရက်နေ့တွင် ငုံလောင်း(Ngon Laung)ရွာမြောက်ဖက် အမ်ပုံ(Am Pon)ရွာ အထက်ပိုင်းတွင် တပ်ဖျောက်ထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား CDF-Kanpetlet၊ CDF-Mindat၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw-PDF တို့မှ တောနင်းရှာဖွေရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၃။    မတ်လ (၁၅) ရက် နေ့တွင် CDF-Kanpetlet၊ CDF-Mindat၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့The Youth Force၊ Saw-PDF ပူးပေါင်းတပ် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့အကြား နံနက် (၈း၀၀) နာရီ မှ ညနေ (၃း၀၀) နာရီ အထိ စမ္မသားရွာဟောင်းအတွင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ မင်းတပ်မြို့ရှိ စစ်ကောင်စီတပ် ခလရ-၂၇၄ တပ်ရင်း နှင့် ကျောက်ထုမြို့ အမြောက်တပ်တို့မှ လက်နက်ကြီးဖြင့် ကူပစ်မှုများ ပြလုပ်ခဲ့ပြီး စမ္မသားရွာဟောင်းရှိ လူနေအိမ် (၈) လုံး လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ စမ္မသားကျေးရွာ နေ ဦးထန်းဘူ (U Thang Bu) (၄၅) နှစ် လက်နက်ကြီးထိမှန်၍​ သေဆုံးခဲ့ရပြီး ၎င်း၏ နေအိမ်သည်လည်း မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရပါသည်။

၃။ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီသည် စစ်အာဏာ ရှင်စနစ်အား ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းခြင်းမှစ၍ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များနှင့် ဆိုးဝါးလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ပါသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အား တူမီးသေနတ်ဖြင့် တော်လှန်နေသည့် ချင်းပြည်နယ်အား အင်တာနက်လိုင်း ဖြတ်တောက်ကာ “အနော်ရထာ” စစ်ဆင်ရေးဖြင့် အင်အင်း အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ ဖြတ်လေးဖြတ် ဗျူဟာများ အသုံးပြုကာ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ကို တမင်ရည်ရွယ်ချက်ရှိစွာ ကျူးလွန်ခဲ့ ကြသည်။

 ၃.၁။ မတရားသတ်ဖြတ်ခြင်း

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုနှင့် ထိုးစစ်ဆင်တိုက်ခိုက် မှုတို့အတွင်း တော်လှန်ရေးတပ်သားအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်၏ ကန်ပက်လက်မြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် CDF-Kanpetlet မှ တော်လှန်ရေးတပ်သား (၆) ဦးထိ ကျဆုံးခဲ့ပါသည်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၃) ရက်နေ့တွင် ကန်ပက်လက်မြို့မှ ရဲဝန်ထမ်း (အငြိမ်းစား) ဖြစ်သူ ဦးလိန်းရွှီ (U Ling Shwe) (၆၁) နှစ်သည် ၎င်း၏ ပင်စင်လာစာထုတ်ရန် အသွားတွင် စစ်ကောင်စီတပ်၏ လူနေရပ်ကွက်များအနီး ထောင်ထားသည့် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့သည်။ ဆေးရုံတွင် တက်ရောက်ကုသသော်လည်း ပြင်းထန်ဒဏ်ရာကြောင့် သြဂုတ် (၂၄) ရက်နေ့တွင် သေဆုံးခဲ့သည်။

၎င်းအပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် မိမိတို့ တောင်ယာများတွင် နေထိုင်သည့် ကမ်းလောင်း(Kan Laung)ရွာမှ ဦးလိန်းဟုန်း (U Ling Hung) (၅၀) နှစ် နှင့် လိန်းအွမ် (U Ling Om) (၂၅) နှစ်တို့သည် ဆိုင်ကယ်ဖြင့် မြို့ဘက် ပြန်တက်လာရာ စစ်ကောင်စီတပ်၏ အကြောင်းမဲ့ သတ်ဖြတ်ခံခဲ့ရပြီး အလောင်းများအား မီးရှို့ကာ မြောင်းထဲ ပစ်ချခံခဲ့ရသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက်နေ့တွင် အုတ်ဖို(Ok Pho)ကျေးရွာမှ ဓမ္မဆရာ အွမ်ကီး (Pastor Om Kee) (၂၉) နှစ် အား စစ်ကောင်စီတပ်များမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟု သံသယဖြင့် ဖမ်းဆီးခဲ့ကြပြီး ဒီဇင်ဘာ (၁၂) ရက်နေ့တွင် သတ်ဖြတ်ခံရသည်။ အလောင်းအား ကန်ပက်လက်မြို့ ပန်းလေပြေ ဟိုတယ်ရှေ့လမ်းဘေးတွင် ပစ်ထားခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကန်ပက်လက်မြို့အတွင်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးဖြစ်သူ မင်းရန်အောင် (၃၀) နှစ်၏ ဦးခေါင်းထိမှန်၍ သေဆုံးခဲ့သည်။

၂၀၂၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ စမ္မသား(Samma Thar) ကျေးရွာတွင် နေထိုင်သည့်  ဦးထန်းဘူ (U Thang Bu) (၄၅) နှစ် အား စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်၍​ သေဆုံးခဲ့ရပြီး ၎င်း၏ နေအိမ်လည်း လက်နက်ကြီး ထိမှန်ကာ မီးလောင်ကျွမ်းခဲ့ရသည်။

၃.၂။ မတရားဖမ်းဆီးခြင်း

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်သည့်အပြင် အများပြည်သူသွားလာသည့် လမ်းများတွင် စစ်ဆေးခြင်းများ၊ ၎င်းတို့အား ဆန့်ကျင်သည့် ဓါတ်ပုံ၊ အကြောင်းအရာများအား ပါဝင်မည့်အထင်ဖြင့် အရပ်သားပြည်သူများ၏ ဖုန်းများအား စစ်ဆေး ခြင်း၊ သိမ်းဆည်းခြင်းအပြင် အကြောင်းမဲ့ဖမ်းဆီးကာ ငွေဖြင့် ပြန်လည်ရွေးယူခိုင်းခြင်း စသည်ဖြင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက် ခြိမ်းခြောက်ခဲ့ကြသည်။

ကန်ပက်လက်မြို့နယ်အတွင်း စစ်အာဏာသိမ်းသည့်အချိန်မှစ၍ အရပ်သားပြည်သူ (၄၀) ကျော် စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခြင်းခံခဲ့ရသည်။ ထိုထဲတွင် စိတ်မနှံသည့် အရပ်သား တစ်ဦးအပါအဝင် ကြက်ခြေနီတပ်ဖွဲ့ဝင် (၂) ဦးနှင့် NGOs ဝန်ထမ်း (၁) ဦးပါ ပါဝင်ပါသည်။ အရပ်သား များသည် ဖမ်းဆီးထိန်းသိမ်းထားခံရစဥ်အတွင်း စစ်ကောင်စီတပ်၏ နှိပ်စက်ခြင်း၊ ကြိုးတုတ်၍ စစ်ဆေးမေးမြန်းခြင်းတို့ကို ခံခဲ့ရသည်။

၃.၃။ မီးရှို့ဖျက်ဆီးမှု

စစ်ကောင်စီတပ်များသည် ၎င်းတို့ ချီတက်ရာ လမ်းတစ်လျှောက်ရှိ နေအိမ်၊ ကျေးရွာများတွင် မင်းမဲ့စရိုက်ဆန်ဆန်ပြုမူခြင်း၊ လူနေအိမ်များအတွင်း ဖောက်ထွင်းခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း တို့ကို လုပ်ဆောင်လေ့ရှိပါသည်။ ကန်ပက်လက်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် (၁၉) ခန့် မီးလောင်ပြာကျခဲ့ရသည်။

ကန်ပက်လက်မြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် လူနေအိမ်စာရင်း

စဥ် အိမ်ပိုင်ရှင် အမည် မြို့/ရွာ မီးရှို့ဖျက်ဆီး

ခံရသည့် နေ့ရက်

မှတ်ချက်
၁။ U Thang Mang မြို့ပတ်လမ်း 23-Nov-21 CDF သတင်းပေးဟု စွပ်စွဲ ကာ မီးရှို့
၂။ Saya Ki Niang Lin ပါကွန်း(Parkon) ကျေးရွာ 9-Dec-21 စစ်ကောင်စီတပ်စစ်ကြောင်းချီတက်စဉ် မီးရှို့ခံရ
၃။ U Phwe Niang ပါကွန်း(Parkon) ကျေးရွာ 9-Dec-21 စစ်ကောင်စီတပ်စစ်ကြောင်းချီတက်စဉ် မီးရှို့ခံရ
၄။ Saya Ling Thang ပါကွန်း(Parkon) ကျေးရွာ 9-Dec-21 စစ်ကောင်စီတပ်စစ်ကြောင်းချီတက်စဉ် မီးရှို့ခံရ
၅။ Daw Li Bu ပါကွန်း(Parkon) ကျေးရွာ 9-Dec-21 စစ်ကောင်စီတပ်စစ်ကြောင်းချီတက်စဉ် မီးရှို့ခံရ
၆။ U Thang Ling ပါကွန်း(Parkon) ကျေးရွာ 9-Dec-21 စစ်ကောင်စီတပ်စစ်ကြောင်းချီတက်စဉ် မီးရှို့ခံရ
 

၇။

ဦးနိုင်းထန်း (U Naing Thang) မောချောင်း(Mawchaung)ရွ 21-Feb-22 ကျင်ဒွေး(Kyindwe)မြို့သို့ ရိက္ခာပို့သည့် စကစတပ် များမှ အပြန်လမ်းတွင် အကြောင်းမဲ့ မီးရှို့ခဲ့ခြင်း ဖြစ်သည်။
 

၈။

ဆရာဦးတပ်ကွီး

(U Tat Kui)

မောချောင်း(Mawchaung)ရွာ 21-Feb-22 ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့် စကစတပ် များမှ အပြန်လမ်းတွင် အကြောင်းမဲ့ မီးရှို့ခဲ့ခြင်း ဖြစ်သည်။
 

၉။

ဒေါ်ပန်ဘူး (Daw Pan Bu) မောချောင်း(Mawchaung)ရွ 21-Feb-22 ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့် စကစတပ် များမှ အပြန်လမ်းတွင် အကြောင်းမဲ့ မီးရှို့ခဲ့ခြင်း ဖြစ်သည်။
၁၀။ ဦးထန်းနိုင်း (U Thang Naing) မောချောင်း(Mawchaung)ရွ 21-Feb-22 ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့် စကစတပ် များမှ အပြန်လမ်းတွင် အကြောင်းမဲ့ မီးရှို့ခဲ့ခြင်း ဖြစ်သည်။
၁၁။ Unknown  လှိုင်ဒုတ်(Hlaidok)ရွာ 21-Feb-22 ကျင်ဒွေးမြို့သို့ ရိက္ခာပို့သည့် စကစတပ် များမှ အပြန်လမ်းတွင် အကြောင်းမဲ့ မီးရှို့ခဲ့ခြင်း ဖြစ်သည်။
၁၂။ U Shaing Kui စမ္မသား(Samma thar) ရွာဟောင်း 15-Mar-22 လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်
၁၃။ U Mana Bu စမ္မသားရွာဟောင်း 15-Mar-22 လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်
၁၄။ Daw Htain Thang စမ္မသားရွာဟောင်း 15-Mar-22 လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်
၁၅။ U Thang Bu စမ္မသားရွာဟောင်း 15-Mar-22 လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်
၁၆။ Daw Shin Kui စမ္မသားရွာဟောင်း 15-Mar-22 လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်
၁၇။ U Mana Kui စမ္မသားရွာဟောင်း 15-Mar-22 လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်
၁၈။ U King Bu စမ္မသားရွာဟောင်း 15-Mar-22 လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်
၁၉။ U Kui Htung စမ္မသားရွာဟောင်း 15-Mar-22 လက်နက်ကြီးကျည်ထိမှန်၍ မီးလောင်

၃.၄။ ဘာသာရေးအဆောက်အအုံများ ဖျက်ဆီးမှု

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်အတွင်း ၎င်းတို့ ဆင်နွဲသည့် စစ်ဆင်ရေးများတွင် ဘာသာရေးအဆောက်အအုံများအား တမင် တိုက်ခိုက် ဖျက်ဆီးလေ့ရှိသည်ကို တွေ့ရှိရပါသည်။ ဘာသာရေးအဆောက်အအုံများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဖျက်ဆီးခြင်း၊ ကျောင်းဝင်းများနှင့် အထွဋ်အမြတ်ထားရာနေရာတို့တွင် တပ်စွဲစခန်းချခြင်း၊ အရက်သေစာသောက် စားခြင်းတို့ဖြင့် မထီမဲ့မြင် စော်ကားပြုမူလေ့ရှိပါသည်။

ကန်ပက်လက်မြို့နယ်အတွင်းတွင်  စစ်ကောင်စီတပ်များမှ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၄) ခုနှင့် အဆောက်အုံများအား ဖျက်ဆီးခဲ့သည့်အပြင် ကျောင်းပိုင် ပစ္စည်းအများအပြားကိုလည်း ခိုးယူ သယ်ဆောင်သွားကြသည်။

၂၀၂၁ ခုနှစ်၊ မတ်လ နှင့် ဇူလိုင်လ တွင် ကန်ပက်လက်မြို့ရှိ မက်သဒစ်အသင်းတော် ဘုရားရှိခိုးကျောင်းအား စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဘုရား ကျောင်း နံရံများ၊ ခေါင်မိုးများ ပေါက်ပြဲ ပျက်စီးခဲ့ရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်ထားသည့် ကန်ပက်လက်မြို့၊ မက်သဒစ်ဘုရားကျောင်း

၎င်းအပြင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ကန်ပက်လက်မြို့ရှိ ကက်သလစ် ဘုရားရှိခိုးကျောင်းအား ဖောက်ထွင်းဝင်ရောက်ပြီး ကာလတန်ဖိုး သိန်း (၅၀) ခန့်ရှိသည့် ဆေးဝါး ပစ္စည်းများနှင့် ဆန်အိတ်များ၊ ကွန်ပျူတာများကို ခိုးယူသယ်ဆောင်သွားကြသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ကန်ပက်လက်မြို့ပေါ်ရှိ ဘဝသစ် (ဧဝံဂေလိ) အေဂျီ (AG) အသင်းတော်ဘုရားကျောင်းအား စစ်ကောင်စီတပ်များမှ ဖောက်ထွင်းခိုးယူခဲ့ကြပြန်သည်။ ဘုရား ကျောင်းပြတင်းပေါက်မှန်များအားလုံးကို ရိုက်ခွဲဖျက်ဆီးခဲ့ကြပြီး ဘုရားကျောင်းအတွင်းရှိ ဂီတာ၊ ကွန်ပျူတာ (၂) လုံး၊ Projector နှင့် အခြား လျှပ်စစ်ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြသည်။ ဘုရားကျောင်းဝန်းအတွင်းရှိ သင်းအုပ်ဆရာ၏ နေအိမ်တံခါးများကိုလည်း ရိုက်ချိုးဖျက်ဆီးပြီး အိမ်တွင်းရှိပစ္စည်းများအား မွှေနှောက်ခိုးယူခဲ့ကြသည်။

ဖောက်ထွင်းခိုးယူခံရသည့် သင်းအုပ်ဆရာနေအိမ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ကျင်ဒွေးမှ ဆောမြို့သို့ ပြန်လှည့်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ထန်းကုန်းကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၏ ဆိုလာစနစ်များကို ဖျက်ဆီးခဲ့ကြပြီး၊ ဘုရားကျောင်းခေါင်မိုးကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ကြသည်။

ဘုရားကျောင်းခေါင်မိုးကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ကြသည်။

၃.၅။ အများပိုင်အဆောက်အဦး (စာသင်ကျောင်း) များအား ဖျက်ဆီးခြင်း

စစ်ကောင်စီတပ်များသည် ဘာသာရေးအဆောက်အအုံများအပြင် အများပြည်သူပိုင် စာသင်ကျောင်းများ၊ ဆေးရုံများတို့တွင်လည်း တပ်စွဲစခန်းချလေ့ရှိပြီး အဆိုပါ အဆောက်အဦးများ အား ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိပါသည်။

ကန်ပက်လက်မြို့နယ်အတွင်းတွင် စာသင်ကျောင်း (၂) ကျောင်းသည် စစ်ကောင်စီတပ် များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပျက်ဆီးခဲ့ရသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ကျင်ဒွေးမှ ဆောမြို့သို့ ပြန်တက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ထန်းကုန်းကျေးရွာရှိ အ.မ.က ကျောင်းအတွင်း ဝင်ရောက်ခဲ့ကြပြီး ပြတင်းပေါက်မှန်များအား ရိုက်ခွဲကာ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

ထန်းကုန်း (Thankone) အ.မ.က ကျောင်း

၎င်းအပြင် (၂၇) ရက်နေ့တွင် မောချောင်းကျေးရွာသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး မောချောင်း အ.လ.က ကျောင်းဆောင်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ ကြသည်။ လက်နက်ကြီးထိမှန်မှုကြောင့် ကျောင်းဆောင် ခေါင်မိုးများ လုံးဝပျက်ဆီးခဲ့ရသည်။

မောချောင်း(Mawchaung) အ.လ.က ကျောင်း

၃.၆။ စစ်ဘေးရှောင်စခန်းနှင့် စစ်ဘေးရှောင်များ၏ အခြေအနေ

ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပြည်သူများသည် စစ်ရှောင်စခန်း (၃) နေရာတွင် အဓိက နေထိုင်ခိုလှုံနေကြသည်။ ၎င်း စစ်ရှောင်စခန်း (၃) ခု အနက် ကန်ပက်လက်မြို့အနီး ဆော်လောင်းကျေးရွာတွင် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ (ကန်ပက်လက်) ၏ ဦးဆောင်မှုအောက်၌ ဖွင့်လှစ်သော စစ်ရှောင်စခန်းသည် အနီးအနားတွင် မကြာခဏ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲမှုများလေ့ရှိခြင်း၊ ဆန်နှင့်စားနပ်ရိက္ခာများ ဝယ်ယူရာတွင် စစ်တပ်ဂိတ်များ ဖြတ်ကျော်ရပြီး တင်းကြပ်သောစစ်ဆေးမှုများ ကြုံတွေ့ရကြခြင်းကြောင့် ခိုလှုံနေကြသည့် ပြည်သူများ ဆက်လက်နေထိုင်ရဲတော့ခြင်း မရှိသည်က တကြောင်း၊ ယခင်လများတွင် ကြက်ခြေနီ တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးစစ်ဆေး ခံရမှုများရှိခဲ့သည်က တကြောင်းကြောင့် ယခုအခါ ဆက်လက် လည်ပတ်နိုင်ခဲ့မရှိတော့ဘဲ ပိတ်ထားရသည့် အခြေအနေဖြစ်သည်။

လတ်တလောအချိန်တွင် ကန်ပက်လက်မြို့ပေါ်နှင့် မြို့အနီးအနားရှိကျေးရွာမှ စစ်ရှောင် ပြည်သူများသည် မကွေးတိုင်း ဆောမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်စခန်း (၂) နေရာ ဖြစ်သော သီကုန်းကျေးရွာစစ်ဘေးရှောင်စခန်း နှင့် အကြည်ကတင်းကျေးရွာအနီးရှိ စစ်ဘေးရှောင်စခန်း တို့တွင် သာ သွားရောက်ခိုလှုံနေကြရသည်။ ၎င်း (၂) နေရာ အနက် အနက် သီကုန်း စစ်ဘေးရှောင် စခန်းတွင် အိမ်ခြေ (၁၆) အိမ် နှင့် လူဦးရေ (၈၀) ကျော်ခန့် ခိုလှုံနေကြသည်။ ဘာသာရေး အဆောက်အဦး ဖြစ်သော သီလရှင်ကျောင်းအား ကျေးရွာမှ စစ်ဘေးရှောင်စခန်းအဖြစ် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

အကြည်ကတင်းကျေးရွာအနီးရှိ စစ်ရှောင်စခန်းတွင် အိမ်ခြေ (၁၁၀) နှင့် လူဦးရေ စုစုပေါင်း (၆၀၀) နီးပါး ပုံမှန် ခိုလှုံလျက်ရှိပြီး ခိုလှုံသူများမှာ ကန်ပက်လက်မြို့ပေါ် နှင့် အခြား ကျေးရွာ (၄) ရွာဖြစ်သည့် ရဲလောင်းပန်း၊ ငုံလောင်း၊ ကန်းလောင်း နှင့် ပါကွန်း ကျေးရွာမှ ပြည်သူများ သွားရောက် ခိုလှုံကြသည်။ စစ်ကောင်စီတပ် နှင့် PDF/CDF တို့ အကြား ဖြတ်ပေါ်လေ့ရှိသော တိုက်ပွဲအခြေနေ ပေါ်မူတည်ပြီး မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှ ပြည်သူများလည်း သွားရောက် ခိုလှုံလေ့ရှိကြသည်။

ကန်ပက်လက်မြို့နယ်မှ လာရောက်ခိုလှုံသူများသည် ဆန်နှင့်လူသုံးကုန်ပစ္စည်းများ ဝယ်ယူ ရန်အခက်အခဲရှိခြင်း နှင့် ဒေသလုံခြုံရေး အခြေအနေကြောင့် စစ်ရှောင်စခန်းသို့ သွားရောက်ခိုလှုံ ကြကြောင်း သိရသည်။ “ ဆန်နှင့် လိုအပ်တဲ့အိမ်သုံးပစ္စည်းလေး သွားဝယ်ရင်လဲ မြို့အဝင်ဂိတ်က ၁နာရီ၊ ၂နာရီလောက်ကြာအောင် စစ်ဆေးခံရတယ်။ လူလတ်ပိုင်းဆို လုံးဝ မသွားတာကောင်းတယ်။ မလုံခြုံဘူးလို့ခံစားရတယ်။ နောက် မြို့ပေါ်ကို စစ်ကြောင်းတွေ ထိုးလာရင်လည်း ကျနော်တို့ ရွာဖက် တွေကို ဖြတ်လာတာဆိုတော့ လူတွေက အိမ်တွေမှာ သိပ်မနေရဲကြဘူး။ တောထဲတွေကို ရှောင်နေ ရတယ်။ အရင်တခေါက် စစ်ကြောင်းထိုးလာတုန်းက ဆန်ဝယ်ဖို့ဆိုင်ကယ်နှင့် သွားတဲ့သူတချို့ကို သေနတ်နဲ့ပစ်တာ၊ ဖမ်းဆီးစစ်ဆေးတာ တွေလုပ်တော့ ပိုဆိုးတာပေါ့။ အိမ်မှာနေတာလည်းမလုံခြုံ၊ ဆန်ကလည်းဝယ်လို့မရတဲ့ အတူတူ စစ်ရှောင်စခန်းမှာ နေတာပဲ ပိုကောင်းပါတယ် ဆိုပီးတော့ မိသားစုလိုက် ဒီမှာ လာခိုလှုံကြတာ” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးကဆိုသည်။

စစ်ရှောင်ပြည်သူများသည် မိသားစုလိုက် သစ်ဝါးများ ခုတ်ပြီး တဲထိုးနေထိုင်သူများ ရှိသကဲ့သို့ (၁၀) အိမ် (၁) စု၊ (၅)အိမ် (၁) စု ဖြင့် စုပေါင်းနေထိုင်သူများလည်း ရှိသည်။ ၎င်းစစ်ရှောင်စခန်းကို ကျေးရွာရှိ Volunteer များမှ ကော်မတီဖွဲ့၍ တာဝန်ယူ ကြည့်ရှု ကြီးကြပ်မှုများ လုပ်ဆောင်ပေးနေကြ သည်။

ကျင်ဒွေးမြို့ အနီးရှိ ထန်းကုန်းကျေးရွာကိုလည်း ကျင်ဒွေးမြို့အခြေစိုက် စစ်တပ်နှင့် ရဲများ၏ လက်နက်ကြီးဖြင့် လှမ်းပစ်မှုများ မကြာခဏ ကြုံရ၍ တောထဲတွင် ရွာလုံးကျွတ် စစ်ရှောင်နေရလေ့ ရှိသည်။ ဘွန်ဘီ စစ်ရှောင်စခန်းနှင့် ခါရိုင်း စစ်ဘေးရှောင်စခန်းတို့သည် တိုက်ပွဲအခြေအနေများပေါ် မူတည်၍ အနီးနားရှိ ကျေးရွာပြည်သူများ တိမ်းရှောင်လေ့ရှိသည့် စခန်းများဖြစ်ပါသည်။

 ၄။ လတ်တလောအခြေအနေ၊ လိုအပ်ချက်များ

ကန်ပက်လက်မြို့နယ်အတွင်း ဖြစ်ပွားသည့် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှု များအား CDF-Kanpetlet နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက ကာကွယ်ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အားမမျှခြင်း၊ စစ်ကောင်စီတပ်များ၏ သာလွန်အင်အားများကြောင့် ပြည်သူကာကွယ် ရေးတပ်များ အထိနာခဲ့ရသည့်အပြင် ပြည်သူအများအပြားလည်း စစ်ကောင်စီတပ်များ၏ အကြမ်း ဖက်လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

ပြည်သူများမှာ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်  မိမိတို့မြို့နယ်၊ ကျေးရွာများအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာပါက နီးစပ်ရာ တောတောင် နှင့် လယ်ယာ များသို့ ပုန်းရှောင်ထွက်ပြေးရလေ့ရှိပါသည်။ လက်ရှိ ကန်ပက်လက်မြို့နယ်အတွင်း တိုက်ပွဲများ ကြောင့် အနီးအနားရှိ ကျေးရွာများဖြစ်သော စံမ္မသား၊ စံအိမ်နူး နှင့် အနီးပတ်ဝန်းကျင် ရှိ ကျေးရွာ မှ ပြည်သူ (၉၀၀) ဦး ခန့် တောတောင်ထဲတွင် စစ်ဘေးရှောင်နေရပါသည်။ တိုက်ပွဲများရက်ဆက် ဖြစ်နေခြင်းကြောင့် အစာရေစာ ပြတ်လပ်မှုများလည်း ကြုံတွေ့နေရပြီး အစားအသောက်၊ ဆေးဝါး နှင့် အရေးပေါ်ခိုလှုံရန် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း ကန်ပက်လက်မြို့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။  တချို့သောပြည်သူများသည် တောတောင်ထဲတွင် ပိတ်မိနေ သည့် အနေအထားတွင်ရှိပြီး အရေးပေါ်ကူညီ ကယ်ဆယ်မှုများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

တောတောင်ထဲတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများ

၅။ နိဂုံး

စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် စစ်ပွဲ အတွင်း လိုက်နာရမည့် စစ်ပွဲဆိုင်ရာကျင့်ဝတ်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပါသည်။ ၎င်းအပြင် အနော်ရထာ စစ်ဆင်ရေးနှင့် ဖြတ်လေးဖြတ် ဗျူဟာတို့ကြောင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်နှင့်အတူ စစ်ဘေးရှောင်ပြည်သူဦးရေလည်း မြင့်မားလာပါသည်။ စစ်ကောင်စီတပ်များသည် ၎င်းတို့ စစ်ဆင်ရေးအတွင်း လူနေအိမ်များ၊ မြို့များအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဘာသာရေးအထွဋ်အမြတ်ဆိုင်ရာအဆောက်အအုံတို့အား ပစ်ခတ်ခြင်းတို့ ဖြင့်၊ အရပ်သားပြည်သူများအပေါ် မတရားဖမ်းဆီးအကျဉ်းချခြင်း၊ နှိပ်စက်ခြင်းတို့သည် လူ့အခွင့် အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေရုံတင်မက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှု၊ စစ်ရာဇဝတ်မှုလည်း မြောက်နေပါသည်။