Webula town

April 11, 2022, Comment off

စစ်အာဏာသိမ်းမှုနှင့် ချင်းပြည်နယ်၊ ဝေဘူလမြို့ ရင်ဆိုင်နေရသည့် အကျပ်အတည်း

၁။ ဝေဘူလမြို့

ဝေဘူလမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် ဆက်သွယ်ပေးထားသည့် မြို့တစ်မြို့ဖြစ်ပြီး ကလေးမြို့မှ ၁၆ မိုင်၊ နတ်ချောင်းကျေးရွာမှ ၁၂ မိုင်၊ ဖလမ်းမြို့မှ ၄၂ မိုင်အကွာတွင် တည်ရှိပါသည်။ ရပ်ကွက် (၄) ရပ်ကွက်ရှိပြီး အိမ်ခြေ (၁၇၀) နှင့် လူဦးရေ ၁၀၀၀ ကျော်ခန့် နေထိုင်ကြပါသည်။ ဆွာန်ဒေါန် (Suangdawn) ဧရိယာအတွင်း တည်ရှိပြီး အဆိုပါ ဧရိယာတွင် ကျေးရွာပေါင်း (၁၆) ရွာ ရှိပါသည်။

အဓိကအသက်မွေးဝမ်းကျောင်းမှာ တောင်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး အဓိကအားဖြင့် နှစ်ရှည်ပင်၊ မျောက်ငိုပင်၊ စပျစ်ပင်၊ လုံးကာ၊ သံပုရာပင်၊ လိမ္မော်ပင်၊ ဆနွင်းပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကော်ဖီထုတ်နှင့် အခြားသီးနှံများကို စိုက်ပျိုးကြသည်။

 

၂။ ဝေဘူလမြို့သို့ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ခြင်း

စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းဒေသကြီးမှ ချင်းပြည်နယ်အဝင်ဖြစ်သည့် ဝေဘူလ မြို့သို့ အကြိမ်ကြိမ်ဝင်ရောက်ကာ ပြည်သူများအား ခြိမ်းခြောက်ခဲ့ကြပါသည်။

(က)  ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ မွန်းလွဲအချိန်တွင် ဝေဘူလမြို့သို့ အင်အား (၇၀) ဝန်းကျင် ခန့်ရှိသည့် စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး သေနတ်အချက် (၃၀) ထက်မနည်း ရမ်းသန်းပစ်ဖောက်ခြင်းဖြင့် ပြည်သူများအား ထိတ်လန့်စေခဲ့ပါသည်။

(ခ)    ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ (၄) ရက်နေ့၊ ညနေပိုင်းတွင် ဝေဘူလမြို့သို့ စစ်ယာဥ်တန်းများဖြင့် ရောက်ရှိလာပြီး ရာလ်ဘွမ် (Ral-om) အထိ ရောက်ရှိခဲ့ကြသည်။

(ဂ)    ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့၊ မွန်းလွဲချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အား ၂၂၀ ခန့်ဖြင့် ဝင်ရောက်လာပြီး ဒေသခံပြည်သူများ ထိတ်လန့်မှုဖြစ်စေရန် သေနတ် အချက် ၃၀ ခန့် ပစ်ဖောက်ခဲ့ကြပါသည်။

 

၃။ ဝေဘူလအနီးတဝိုက် တိုက်ပွဲဖြစ်ပွားမှု

ဝေဘူလမြို့သည် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ကို ချိတ်ဆက်ပေးသည့် အဓိကနေရာဖြစ်ရာ  စစ်ကောင်စီတပ်များ နတ်ချောင်း၊ ချောင်းခွရွာများမှတဆင့် ချင်းပြည်နယ်သို့ အင်အားအလုံးအရင်း ဖြင့် ချီတက်လေ့ရှိရာ မြို့လည်းဖြစ်သည်။ မြို့တွင်း၊ မြို့ပြင်၊ အနီးဒေသပတ်ဝန်းကျင်တွင် စစ်ကောင်စီ တပ်များနှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ မကြာခဏ တိုက်ပွဲဖြစ်ပွားရာ အရပ်လည်း ဖြစ်ပေသည်။

(၁) ၂၀၂၁ ခုနှစ်၊ မတ်လ (၂၉-၃၁) ရက်နေ့ထိ ရက်နေ့ ကလေးမြို့နယ် စည်သာကျေးရွာနှင့် နတ်ချောင်းကျေးရွာနှင့် ငါးဖားလမ်းခွဲတို့တွင် တိုက်ပွဲဖြစ်ပွားရာ ဝေဘူလမြို့သားတစ်ဦး အသက် ပေးခဲ့ရသည်။

(၂)    ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ချောင်းခွကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(၃)   ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၉ မှ ၃၁) ရက်အထိ လိုကြောမ်း (Locom) ကျေးရွာအနီးနှင့် ဝေဘူလမြို့တွင်းတို့တွင် စစ်ကောင်စီတပ်များမှ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defence Force – CNDF)  တို့အား အင်အားအလုံးအရင်းဖြင့် ကျူးကျော်တိုက်ခိုက်ရာ CNDF မှ ခုခံကာကွယ်ရင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

(၄)   ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် စစ်ကောင်စီတပ်များနှင့် CNDF/မဟာမိတ်တပ်ဖွဲ့များ ကြား ဝေဘူလမြို့အနီးတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။

(၅)   ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့တွင် ဝေဘူလမြို့အတွင်း ပစ်ခတ်မှုများ ထပ်မံ ဖြစ်ပွားခဲ့သည်။

(၆)   ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် နတ်ချောင်းကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။

(၇)   ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ အင်အား (၁၀၀) ကျော်ခန့်ရှိ စစ်ကောင်စီ တပ်များသည် ဝေဘူလမြို့အတွင်းသို့ လက်နက်ကြီးများအသုံးပြုကာ ထိုးစစ်ဆင် ဝင်ရောက် လာသဖြင့် CNDF နှင့် စုပေါင်းတပ်များမှ ပြန်လည် ခုခံရာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပါသည်။

 

၄။ တိုက်ပွဲအတွင်း ဝေဘူလမြို့ရှိ ပြည်သူများထိခိုက်မှုနှင့် ကျဆုံးမှု

စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များအား မြင်တွေ့နေရသည့် ပြည်သူများသည် နေ့စဥ်နှင့်အမျှ စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေကြရပါသည်။ ဝေဘူလမြို့နယ်အတွင်း စစ်ကောင် စီတပ်များ၏ ထိုးစစ်ဆင်မှု၊ အကြမ်းဖက်မှုများကြောင့် ပြည်သူများ ထိတ်လန့်ကြရသည့်အပြင် သေဆုံးသူ (၂) ဦး၊ ဒဏ်ရာရ ပြည်သူ (၄) ဦးထိ ရှိပါသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်မှ ဖြစ်ပွားသည့် စည်သာရွာနှင့် နတ်ချောင်းရွာအနီး စစ်ကောင်စီတပ်၏ အကြမ်းဖက် ပစ်ခတ်မှုများတွင် ပြည်သူများဘက်မှ ခုခံခဲ့သည့် ဦးကုမ်သဲ (U Kum Tei) ၏သား ဆလိုင်း မက်ဆီမင် (Salai Macsimin) သည် ကျည်ဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်။

၎င်းအပြင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့တွင် Locom ကျေးရွာအနီး စစ်ကောင်စီ တပ်များနှင့် တော်လှန်ရေးအဖွဲ့ဝင်များကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် ဦးစောလျန်ထန်း (U Saw Lian Thang) နှင့် ဒေါ်ကြွယ်နွမ်တို့၏သား  ဆလိုင်းနိုင်အောင် ကျဆုံးခဲ့ပါသည်။

 

၅။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝေဘူလမြို့အတွင်း ဖမ်းဆီးခဲ့သည့် လူဦး‌ရေစာရင်း

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့မှစ၍ စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ၊ လူအင်အားအလုံးအရင်းဖြင့် ဝေဘူလမြို့နယ်တစ်ဝိုက်သို့ ဦးတည်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါ သည်။ ဇန်နဝါရီလ ၉ ရက်နေ့၊  နေ့လည် ၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဝေဘူလ မြို့၊ ဒေသခံ ပြည်သူ (၃) ဦးအပါအဝင် ပြည်သူ (၅) ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပါသည်။

 

စဉ် အမည် အသက် အဘအမည် ဖမ်းဆီးခံရသည့်နေ့ ပြန်လွတ်သည့်နေ့
၁။ ဆလိုင်းတွန်ကျဲအို

(Salai Tuan Ceu)

၂၄ ဦးလန်ကျုံး

(U Lan Cung)

၉-၁-၂၀၂၂ ၂၃-၁-၂၀၂၂
၂။ ဆလိုင်းစတီဗင်

(Salai Steven)

၃၁ ဦးနွမ်လွယ်

(U Nuam Luai)

၉-၁-၂၀၂၂ ၂၃-၁-၂၀၂၂
၃။ ဆလိုင်းသျှန်းဒိုဆန်း

(Salai Thian Do Sang)

၃၆ ဦးခဲင်ဇာမ်

(U Khen Zam)

၉-၁-၂၀၂၂ ၁၀-၁-၂၀၂၂

 

၆။ ဝေဘူလမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖျက်ဆီးမှု

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်အတွင်း ၎င်းတို့ စစ်ကြောင်းချီတက်ရာ လမ်းတစ် လျှောက်ရှိ ကျေးရွာများတွင် တပ်စွဲစခန်းချ၍ ပြည်သူပိုင် အဆောက်အဦးများ၊ နေအိမ်များအား ဖျက်ဆီးလေ့ရှိသည်။ ဝေဘူလမြို့တွင် စစ်ကောင်စီတပ်များ အကြမ်းဖက် ဝင်ရောက်ဖျက်ဆီးမှု ကြောင့် မြို့ပိုင်အဆောက်အဦး (၃) ခု လူနေမရအောင်အထိ ပျက်စီးခဲ့ရသည်။ မြို့ထဲရှိ လူနေအိမ် ပြတင်းပေါက်မှန်များ၊ တံခါးပေါက်များ၊ သေတ္တာ၊ ဘီရိုများ၊ အိုးခွက်ပန်းကန်များအား စိတ်ကြိုက် မွှေနှောက်ဖျက်ဆီးခဲ့သည့် အပြင် တန်ဖိုးရှိပစ္စည်းများအား ခိုး​ယူသယ်ဆောင်ခဲ့ကြသည်။ ၁၂၅/၁၃၅ မော်တော်ဆိုင်ကယ် (၁၀) စီးအား မီးရှို့ခဲ့ကြပြီး အစီး (၂၀) ခန့်အား ဖျက်ဆီးခဲ့ကြသည်။ ၎င်းအပြင် ဝက် (၃) ကောင်၊ ဆိတ် (၆) ကောင်နှင့် ကြက်အကောင် (၂၀၀) ခန့်အား သတ်ဖြတ် စားသောက် ခဲ့ကြသည်။ အိမ်သုံးမီးစက် (၃) လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။

စစ်ကောင်စီတပ် ဖျက်ဆီးခဲ့သည့် ပြည်သူ့နေအိမ်တစ်ချို့

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုယူဖျက်ဆီးခံရသည့် အိမ်တစ်လုံး

၇။ ဝေဘူလမြို့နှင့် စစ်ဘေးရှောင်အကြပ်အတည်း

ဝေဘူလမြို့နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်တို့၏ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် အကြမ်းဖက်ခြိမ်းခြောက်နေမှုများကြောင့် ပြည်သူ များသည်  နီးစပ်ရာကျေးရွာများနှင့် တောတောင်တို့ထဲတွင် ပြေးလွှားပုန်းရှောင်နေရပါသည်။ စစ် ကောင်စီတပ်များ မိမိတို့ ပုန်းရှောင်နေသည့်နေရာသို့ ဝင်ရောက်လာပါက ထပ်မံရှောင်တိမ်းရပြန် သည်။

ဝေဘူလမြို့သည် စစ်ကောင်စီတပ်များ၏ ကျူးကျော်မှုကြောင့် ဇောင်ဆောမ်(Zawngsawm)၊ သဲရစ်(Teret)၊ နာအိုခင်(Naukhin)၊ လုံးသပ် (Lungtat)၊ ဒိုမွာလ် (Domual)၊ စီငိုင် (Singai)၊ မွာလ်ဇောလ်(Mualzawl) နှင့် အိုင်ဇောလ် (Aizawl)(မီဇိုရမ်) သို့ အကြိမ်ကြိမ် ထွက်ပြေး ပုန်းရှောင်နေရပါသည်။ ၎င်းအပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကျေးရွာများဖြစ်သော နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ရေစို၊ သံဖို၊ စည်သာ စသည့်  ကျေးရွာများမှ ပြည်သူပေါင်း (၄၀၀၀) ကျော်တို့ စစ်ရှောင်ခိုလှုံရာဒေသလည်း ဖြစ်ပေသည်။

၈။ နောက်ဆက်တွဲ စိန်ခေါ်မှုများ

ယခုအချိန်တွင် တိုက်ပွဲများ အရှိန်မြှင့်လာခြင်း၊ စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ကျူးကျော်မှုများကြောင့် ပြည်သူများမှာ အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ စစ်ကောင်စီ၏ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အပြင် အခြေခံစားဝတ် နေရေးလိုအပ်ချက်တို့ မြှင့်မားလျက်ရှိပါသည်။

၈.၁။ ပညာရေးထိခိုက်မှု

ဝေဘူလမြို့သည် ချင်းပြည်နယ်သို့ စစ်ကောင်စီတပ်များ ချီတက်လေ့ရှိရာလမ်းကြောင်း ဖြစ်သည့်အလျောက် စစ်ကောင်စီယာဥ်တန်းများသာမက ခြေလျင်တပ်များ မကြာခဏ ဖြတ်သန်း သွားလေ့ရှိသည်။ စစ်ကောင်စီတပ်များ၏ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် အကြောင်းပြ ချက်မရှိဘဲ ဖျက်လိုဖျက်ဆီးပြုလုပ်တတ်ခြင်းကြောင့် ပြည်သူများမှာ စစ်ကောင်စီတပ်များ မိမိတို့ ရပ်ကျေးရွာထဲ ဝင်ရောက်လာသည်နှင့်တပြိုင်နက် ထွက်ပြေးတိမ်းရှောင်လေ့ရှိပါသည်။ ထိုကြောင့် ကလေးသူငယ်များသည် ပညာသင်ကြားရန် အခက်အခဲများ ရင်ဆိုင်နေရပါသည်။ စစ်ကောင်စီ တပ်များ၏ စာသင်ခန်းများအတွင်း တပ်စွဲစခန်းချမှုကြောင့်လည်း ပညာဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေပါသည်။ ၎င်းအပြင် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းကြောင့် ယခင်က သင်ယူနိုင်သည့် online ပညာရေးလည်း သင်ယူနိုင်ခွင့်မရှိတော့ပဲ အမှောင်ချခံနေရပါတော့သည်။

၈.၂။ စီးပွားရေး၊ လူမှုရေးထိခိုက်မှု

ဝေဘူလမြို့သည် အသက်မွေးဝမ်းကြောင်းအတွက် အဓိကအားဖြင့် တောင်ယာလုပ်ငန်းနှင့် သီးနှံစိုက်ပျိုးရေးကို လုပ်ဆောင်နေရာ ယခုကဲ့သို့ စိုက်ပျိုးရာသီတွင် လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲလာပါသည်။ စစ်ကောင်စီတပ်များ နေရာအနှံ့ မကြာခဏသွားလာနေသည့်အတွက် တောင်ယာ သွားရန်ပင် စစ်ကောင်စီတပ်များ၏ စစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက်ခြင်း ခံရသည့်အတွက် မည်သူမျှ သွားလာရန် မဝံ့တော့ပေ။ ထို့အပြင် တိုက်ပွဲများ ပြင်းထန်လာခြင်း၊ လမ်းတွင် အစစ်ဆေးခံရခြင်း၊ လမ်းကြောင်းများ ပိတ်ဆို့ထားမှုတို့ကြောင့် တောင်ယာထွက်သီးနှံများအား နတ်ချောင်း၊ ကလေး မြို့သို့ မရောင်းချနိုင်တော့ပေ။

စစ်ကောင်စီတပ်များ၏ လူနေအိမ်များနှင့် နေအိမ်များအတွင်း သောင်းကျန်းဖျက်ဆီးမှု တို့ကြောင့်လည်း စားဝတ်နေရေးအပြင် အဝတ်အထည် နှင့် နေထိုင်စရာ နေအိမ်များအထိပါ ခက်ခဲလာပါသည်။

၈.၃။ ကျန်းမာရေးထိခိုက်မှု

ပြည်သူများမှာ covid-19 ကမ္ဘာကပ်ရောဂါအတွင်း ကောင်းမွန်စွာ မနေထိုင်ရဘဲ တောထဲ တောင်ထဲတွင် စစ်ကောင်စီတပ်များ၏ ရန်မှ ထွက်ပြေးပုန်းရှောင်နေရပါသည်။​ စစ်ဘေးရှောင် စခန်းများအတွင်း လူဦးရေများပြားခြင်းတို့ကြောင့်လည်း ပြည်သူအချို့မှာ covid-19 ရောဂါကူးစက် ခံရသည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်ချို့မှာ စိတ်ဓါတ်ရေးရာရောဂါလက္ခဏာများပါ ကြုံတွေ့ခံစားနေရပါသည်။ covid-19 ကာကွယ်ဆေး ဆက်လက် မထိုးနိုင်ခြင်းအပြင် မြို့တွင်း၌ ကျန်းမာရေးနှင့်ပတ်သက်သည့် အခြေခံဆေးဝါးများပင် လုံးဝမရှိသည့် အနေအထားဖြစ်နေပါသည်။

၈.၄။ လမ်းပန်းဆက်သွယ်ရေး

စစ်ကောင်စီတပ်၏ အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများ ဖြတ်တောက်ခံရသဖြင့် သတင်းအချက်အလက် မရရှိနိုင်ဘဲ ပြည်သူများမှာ ခရီးသွားလာခြင်းပင် မပြုရဲပေ။​ ထို့အပြင် ဝေဘူလ တောင်ကြောလမ်းမကြီးတစ်လျောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ယာဥ်အပျက် အစီးများပြားလာခြင်း၊ လမ်းများ ပျက်စီးလာခြင်းတို့ကြောင့် ဆိုင်ကယ်သွားလာဖို့အတွက်ပင် အလွန် ခက်ခဲပါသည်။

၈.၅။ အုပ်ချုပ်ရေး

စစ်အာဏာသိမ်းမှုနှင့်အတူ အုပ်ချုပ်ရေးယန္တရားပါ ပျက်စီးလာသည့်အတွက် ဝေဘူလမြို့၌ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ယူမည့်သူမရှိပေ။ အုပ်ချုပ်ရေးယန္တရား ပျက်ပြယ်သွားသည့်အတွက် မြို့၏ သာရေး၊ နာရေးကိစ္စများတွင် ဦးစီးဦးဆောင်သူမရှိတော့သည့်အတွက် ပြည်သူများ အကြပ် အတည်းနှင့် ရင်ဆိုင်နေရပါသည်။

၈.၆။ ဘာသာရေး

စစ်ကောင်စီတပ်များ၏ အများပိုင်အဆောက်အဦးများအားဖျက်ဆီးမှု၊ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခြင်းတို့ကြောင့် ပြည်သူများမှာ ဘုရားကျောင်းတက် ဝတ်ပြုရန်ပင် မပြုလုပ်နိုင်ကြတော့ပေ။ အချိန်မရွေး ကျရောက်လာနိုင်သည့် စစ်ကောင်စီတပ်များ၏ လက်နက်များကို ကြောက်ရွံ့ခြင်း တို့ကြောင့် ဘုရားကျောင်းများတွင် လူမရှိပေ။