
June 12, 2022, Comment off
စစ်ကောင်စီ၏ (၄) ကြိမ်တိုင် ဖျက်ဆီးခံရသည့် တလန်ဇာရ် (Tlangzar) ကျေးရွာ
၁။ နိဒါန်း
တလန်ဇာရ် (Tlangzar) ကျေးရွာသည် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းခရိုင်၊ ဖလမ်း မြို့နယ်၊ ကလေး-ဖလမ်း-ဟားခါး ပြည်ထောင်စုကားလမ်းမပေါ်၊ ဖလမ်းမြို့မှမိုင် (၂၀) အကွာတွင် တည်ရှိသည်။ အရှေ့ဖက်တွင် တားလ် (Ṭaal) ကျေးရွာ၊ အနောက်ဖက်တွင် ရမ်ထလို (Ramthlo) ကျေးရွာ၊ မြောက်ဖက် တွင် ရိူလ်ဘူး (Rulbu) ကျေးရွာ နှင့် ဟရမ်းနှမ်(လ်) (Hrianghngang) ကျေးရွာများရှိပါသည်။ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကောက်ယူထားသော စာရင်းအရ အိမ်ထောင်စု (၉၂) ရှိပါသည်။ လူဦးရေမှာ ကျား-၁၉၃ ဦး၊ မ -၂၀၈ ဦး၊ စုစုပေါင်း (၄၀၁) ဦး ရှိပါသည်။
အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး အဓိကစိုက်ပျိုးသီးနှံများမှာ အာလူး၊ ပြောင်းဖူး၊ ကြက်သွန်နီ/ဖြူ၊ဝါဥနှင့်ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။ နှစ်ရှည်သီးစားပင် များအဖြစ် ထောပတ်ပင်၊ မက်ခေါက်ပင်နှင့် ကြံပင်များလည်း စိုက်ပျိုးထားပါသည်။ နွားနောက်များ လည်း မွေးမြူထားပါသည်။
တလန်ဇာရ် (Tlangzar) ကျေးရွာသည် တပ်မတော်အာဏာသိမ်းသည့်အချိန်မှစ၍ ၂၀၂၂ ခုနှစ်၊ မေလအထိ စစ်ကောင်စီတပ်များ၏ (၄) ကြိမ်တိုင်တိုင် အကြမ်းဖက်ဝင်ရောက်ကျူးကျော် ဖျက်ဆီးခံရသည့် ကျေးရွာဖြစ်ပါသည်။

၂။ ကျေးရွာပတ်ဝန်းကျင်အတွင်း တပ်မတော်၏ အကြမ်းဖက်မှုအား ခုခံမှု
ထလန်ဇာရ်ကျေးရွာ အနီးနားအတွင်း တပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အကြား ထိတွေ့မှုတိုက်ပွဲ (၅)ကြိမ် ရှိခဲ့ပါသည်။
(၁) (၂၁.၇. ၂၀၂၁) ရက်နေ့ မှ (၂၅.၇.၂၀၂၁) ရက်နေ့
(၂) (၇. ၈. ၂၀၂၁) ရက်နေ့ မှ (၉.၈.၂၀၂၁) ရက်နေ့
(၃) (၁၅.၁၀.၂၀၂၁) ရက်နေ့ မှ (၁၂) ရက် တိုက်ပွဲဖြစ်ပြီး ရွာထဲတွင် ပြည်သူ့ ကာကွယ်ရေးတပ်မှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရပါသည်။
(၄) (၁၉.၂.၂၀၂၂) ရက်နေ့တွင် စတုတ္ထအကြိမ်ရွာအတွင်း (၃)ရက်တိုက်ပွဲဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်(၂)ဦး ကျဆုံးခဲ့ပြီး (၁)ဦးမှာ ခေါင်းဖြတ်ခြင်း ခံခဲ့ရ ပါသည်။
(၅) (၄.၅.၂၀၂၂) ရက်နေ့တွင် ပဥ္စမအကြိမ် ရွာတောင်ထိပ်ပေါ်တွင် (၂) ရက် တိုက်ပွဲ ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(၆)ဦးနှင့် ရွာနီးနားကားလမ်းတွင် လက်နက် ကြီး ထိမှန်၍ (၂)ဦး ကျဆုံးခဲ့ရပါသည်။
၃။ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း အကြမ်းဖက်ကျူးကျော်မှုနှင့် ဖျက်ဆီးမှုများ
စစ်ကောင်စီတပ်များသည် တလန်ဇာရ်ကျေးရွာအတွင်းသို့ (၄) ကြိမ်တိုင်တိုင် ဝင်ရောက်ပြီး အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ လူနေအိမ်များအတွင်း ရမ်းသမ်းပစ်ခတ်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပါသည်။
၂၁.၇.၂၀၂၁ မှ ၂၅.၇.၂၀၂၁ ရက်နေ့ထိ (၅) ရက်တာ ကာလအတွင်း ကလေးမြို့မှ ဆန်တက် လာသည့် တပ်မတော်အင်အား (၁၅၀) ခန့် ရောက်လာပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်စခန်း ချကြပါသည်။ ကျေးရွာအတွင်း စခန်းချစဥ်အတွင်း အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးခြင်း၊ ကျေးရွာ အတွင်း ရမ်းသမ်းပစ်ခတ်ခြင်းတို့ဖြင့် အရပ်သားပြည်သူများအား ခြိမ်းခြောက်ခဲ့ပါသည်။
၁၃.၁၀.၂၀၂၁ ရက်နေ့တွင် ကလေးမြို့မှ ဆန်တက်လာသည့် တင့်ကား (၂) စီးပါ တပ်မတော်ယာဥ် (၅၀) ကျော် သည် ကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်လာပြီး ကျေးရွာအဝင် ကားလမ်းမတစ်လျှောက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကြပါသည်။ ထို့နေ့ တွင်ပင် ဟားခါးမှ ပြန်လာသည့် တင့်ကား (၂) စီး နှင့် တပ်မတော်ယာဥ်တန်း (၅၆) စီးသည့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး (၃) ရက်တာ စခန်းချခဲ့ကြပါသည်။
၂.၃.၂၀၂၂ ရက်နေ့တွင် ကလေးမြို့မှ တက်လာသည့် တပ်မတော်ယာဥ်တန်း (၂၆) စီးနှင့် ဖလမ်းမြို့မှ တင့်ကား (၂) စီး တို့သည် ကျေးရွာအတွင်းသို့ ထပ်မံ ကျူးကျော်ခဲ့ကြသည်။
၄-၅-၂၀၂၂ ရက်နေ့ မှ ၅-၅-၂၀၂၂ ရက်နေ့ (၂) ရက်တာကာလအတွင်း ဟားခါးမှ ပြန်လှည့်လာသည့် တင့်ကား (၂) စီးနှင့် ယာဥ်တန်း (၂၆) စီးသည့် ကျေးရွာအတွင်းသို့ ကျူးကျော် လာပြီး နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
၃.၁။ အကြောင်းမဲ့ ဖမ်းဆီးမှု။
စစ်ကောင်စီတပ်များသည် ၎င်းတို့ စစ်ချီတက်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများအတွင် အကြမ်းဖက်ဝင်ရောက်လေ့ရှိတတ်ပြီး ပြည်သူများ၏ အိမ်များနှင့် တန်ဖိုးရှိ ပစ္စည်းများအား ဖောက်ထွင်းခိုးယူလေ့ရှိသည့်အပြင် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းတို့ကို ၎င်းတို့၏ စစ်ရေးရည်ရွယ်ချက်များအဖြစ် လုပ်ဆောင်လေ့ရှိသည်။ ၂၁-၇-၂၀၂၁ ရက်နေ့တွင် တလန်ဇာရ် ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး အပြစ်မဲ့ ပြည်သူ (၂) ဦးအား ဖမ်းဆီးခဲ့ပြီး ၂၃-၇-၂၀၂၁ ရက်နေ့တွင် လွှတ်မြောက်ခဲ့ပါသည်။ ဖမ်းဆီးခံရသည့် အရပ်သားနှစ်ဦးမှာ ဦးဇုန်လျန်ထောင်း (Zung Lian Thawng) နှင့် ကျုံးလျန် (Cung Lian) တို့ ဖြစ်ကြပြီး PDF/ CDF အဖွဲ့ ဝင် ဟုတ်မဟုတ်၊ PDF/CDF နှင့်အဆက်အသွယ် ရှိမရှိ တို့နှင့် လမ်းကြောင်းအခြေအနေများကို မေးမြန်းကြောင်း သိရသည်။ ထို့အပြင် (၃) နာရီခန့် ကြာအောင် မြောင်းထဲတွင် အိပ်စက်စေပြီး မေးမြန်းစဥ်တွင် ပါးရိုက်ကာ ခန္ဓာကိုယ်အနှံ့ ရိုက်နှိက်ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
၃.၂။ ဖောက်ထွင်းခိုးယူမှု
တလန်ဇာရ်ကျေးရွာသို့ စစ်ကောင်စီတပ်များ ကျူးကျော်စခန်းချနေစဥ်အတွင်း စစ်ကောင်စီ တပ်များသည် အရပ်သားပြည်သူများအပေါ် မင်းမဲ့စရိုက်ဆန်စွာ ပြုမူခဲ့ပါသည်။ ကျေးရွာအတွင်းရှိ အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်း၊ အိမ်တွင်းပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဘုရားကျောင်းရှိ အသုံးအဆောင်များ၊ ကျေးရွာပိုင် ပစ္စည်းများအား ၎င်းတို့နှင့်အတူ ခိုးယူသယ် ဆောင်ခဲ့ကြသည်။
၃.၃။ မီးရှို့ဖျက်ဆီးမှု
၄.၅.၂၀၂၂ ရက်နေ့တွင် ဟားခါးဖက်မှ ပြန်လှည့်လာသည့် တပ်မတော်ယာဥ်တန်း (၂၆) စီးနှင့် တင့်ကား နှစ်စီးသည် တလန်ဇာရ်ကျေးရွာအတွင်းသို့ စခန်းချခဲ့ကြသည်။ ၅.၅.၂၀၂၂ ရက်နေ့၊ မနက် (၈:၁၅) အချိန်တွင် ကျေးရွာရှိ လူနေအိမ်ပေါင်း (၁၇) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် (၃) အိမ် ပျက်စီးခဲ့ရပြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာရှိ လူနေအိမ်အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ရသည်။ စစ်ကောင် စီတပ်၏ မီးရှို့မှုနှင့် ဖျက်ဆီးမှုတို့ကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၃၅၀၀) ခန့် ရှိပါသည်။
၄။ စစ်ဘေးရှောင်အခြေအနေနှင့် လိုအပ်ချက်များ
စစ်ကောင်စီတပ်များ၏ အကြိမ်ကြိမ် ဝင်ရောက်ကျူးကျော်မှုများကြောင့် တလန်ဇာရ် ကျေးရွာရှိ ပြည်သူများသည် တောတောင်များတွင်လည်းကောင်း၊ နီးစပ်ရာကျေးရွာများတွင် လည်းကောင်း ထွက်ပြေးပုန်းရှောင်နေရသည်။ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုတို့ကြောင့် ပြည်သူအချို့မှာ နေစရာ၊ ပြန်စရာအိမ်ပင် မရှိတော့သည့် အိုးမဲ့အိမ်မဲ့ဘဝသို့ နေ့ချင်းညချင်း ရောက် ရှိသွားရသည်။
စစ်အာဏာသိမ်းမှူနှင့် စစ်ကောင်စီတပ်တို့၏ အကြမ်းဖက်မှုတို့ကြောင့် ပြည်သူများ၏ ဘဝမှာ တစ်နေ့ထက်တစ်နေ့ ကျပ်တည်းသထက် ကျပ်တည်းလာပါသည်။ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်များ၏ အင်အားအဆမတန်တိုးချဲ့မှုနှင့် စစ်ဆင်ရေးများ၊ စစ်ကောင်စီတပ်များ စာသင်ကျောင်းများအတွင်း စခန်းချရပ်နားခြင်းစသည့် မလုံခြုံမှုကြောင့် ပညာသင်ကြားမှုများ ရပ်နားခဲ့ရပါသည်။ စစ်ကောင်စီမှ ကျောင်းများ ဖွင့်လှစ်သည်ဆိုသော်လည်း စစ်ကောင်စီတပ်သား များ၏ ရက်စက်မှုများကို မြင်တွေ့ရသည့် ပြည်သူများမှာ မိမိတို့ကလေးများအား အဆိုပါကျောင်း များသို့ စေလွတ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ချင်းပြည်နယ်အတွင်း အင်တာနက်လိုင်းများ ဖြတ် တောက်ထားခြင်းတို့ကြောင့် အွန်လိုင်းပညာရေးစနစ်လည်း ရပ်တန့်ခဲ့ရပြီး ချင်းပြည်နယ်ရှိ ကလေး အများစုမှာ မျက်စိပိတ်နားပိတ်ဘဝဖြင့် နေထိုင်နေရပါသည်။
၎င်းအပြင် စီးပွားရေးအနေဖြင့် စိုက်ပျိုးရေးသာ အဓိကထား လုပ်ဆောင်နေရသည့် ဒေသ ဖြစ်ရာ ယခုကဲ့သို့ စိုက်ပျိုးရာသီတွင် ကာလရှည်ကြာ စစ်ရှောင်နေရသဖြင့် မည်သည့်စိုက်ပျိုးရေး လုပ်ကိုင်ကိုမျှ မလုပ်ကိုင်နိုင်ပေ။
၅။ နိဂုံး
စစ်ကောင်စီတပ်၏ တလန်ဇာရ် ကျေးရွာအတွင်း ကျူးကျော်သောင်းကျန်းမှု များကြောင့် ပြည်သူများမှာ ယခုထက်တိုင် မိမိတို့နေရပ်သို့ မပြန်နိုင်ဘဲ တောထဲတောင်ထဲတွင်သော်လည်း ကောင်း၊ နီးစပ်ရာကျေးရွာများတွင်သော်လည်းကောင်း ရွေ့ပြောင်းတိမ်းရှောင်နေရလျက်ရှိသည်။ စစ်ကောင်စီတပ်များ၏ ကျူးကျော်ဖျက်ဆီးမှုတို့ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ပြည်သူ အရေအတွက် များပြားလာသည်နှင့်အညီ စားဝတ်နေရေးပြဿနာများ၊ အငတ်ဘေးပြဿနာများ ရင်ဆိုင်နေကြရသည်။
စစ်ကောင်စီ၏ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျူးလွန်သည့် ရာဇဝတ်မှုများသည် ယဥ်ကျေးသည့် မည်သည့်ကမ္ဘာနိုင်ငံများမှ လုံးဝလက်ခံနိုင်စရာ မရှိသည့် စစ် ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ပြစ်မှုများဖြစ်ကြောင့် ထင်ရှားလှပါ သည်။