
November 6, 2022, Comment off
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန်ပက်လက်မြို့နယ်၏ စီးပွားရေးအကျပ်အတည်းများ
ချင်းပြည်နယ်တွင် မြို့နယ် (၉)မြို့နယ်ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် တပြည်နယ်လုံး၏ လူဦးရေ စုစုပေါင်း (၅၂၂၆၆၂) ဦး ခန့်ရှိခဲ့သည်။ ၎င်းနှစ်တွင် ကန်ပက်လက်မြို့နယ်၏ လူဦးရေသည် (၂၄၂၀၆) ဦး ခန့်ရှိသည်။ ကန်ပက်လက်မြို့နယ်သည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်တွင် တည်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းအဖြစ် ကုန်းလမ်းတစ်မျိုးတည်းကိုသာ အားကိုးရသည်။ လမ်းပန်းဆက်သွယ်ရေး အသင့်အတင့်ကောင်းမွန်ပြီး စီးပွားရေးအရ အနည်းငယ် နှောင့်နှေးသည်ဟု ဆိုနိုင်သည်။
မြို့နယ်အတွင်းနေထိုင်သော ပြည်သူများသည် ယခင်က ရွှေ့ပြောင်းတောင်ယာစနစ်ကို အဓိကလုပ်ကိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဒေသတွင်း သဘာဝအလျောက်ပေါက်ရောက်သောဝဉ(elephant food yum) သည် ဈေးကွက်အလွန်ကောင်းလာခြင်းကြောင့် အတည်တကျ ဉယာဉ်စိုက်ပျိုးခြင်းကို ပိုမိုလုပ်ဆောင်လာကြပြီး ဝဉ ။ တစ်မြို့နယ်လုံး၏ ၇၀% နီးပါးခန့်သောအိမ်ထောင်စုများသည် ဝဉ ကို အဓိကမှီခိုအားထားသည့် အခြေအနေ အထိဖြစ်လာခဲ့သည်။
ဝဉ သည် အသီးလည်းသီး၍ ဉလည်းဉ သည့် အပင်တစ်မျိုးဖြစ်သည်။ အသီးကို မျိုးစေ့အဖြစ်ပြန်လည်ရောင်းချရပြီး မြေကြီးထဲတွင်ဉသည့်အဉကိုမူ အစိုလိုက် ရောင်းနိုင်သကဲ့သို့ အခြောက်လှမ်း၍လည်း ရောင်းရသည်။ မန္တလေးမြို့သို့အဓိကတင်ပို့ရောင်းချကြပြီး ကုန်သည်များမှတဆင့် သော်လည်းကောင်း စိုက်ပျိုးတောင်သူများကိုယ်တိုင်မှသော်လည်း နှစ်စဉ် သွားရောက်ရောင်းချလေ့ရှိကြသည်။ ဝဉစိုက်တောင်သူမိသားစု တစ်စု၏ နှစ်စဉ် ပျဉ်းမျှဝင်ငွေ သည် ကျပ် သိန်း (၂၀) ခန့်အထိ ရှိသည်။ စီးပွားဖြစ်စိုက်ပျိုးသူများ၏ ဝင်ငွေမှာမူ ထိုထက်အဆပေါင်းများစွာ မြင့်မားသည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက် စစ်တပ်၏အာဏာသိမ်းမှုမတိုင်မီအထိ လွတ်လပ်စွာစိုက်ပျိုး သယ်ယူ ရောင်းချ နိုင်သော်လည်း အာဏာသိမ်းမှု နောက် ပိုင်းတွင် ဝဉ သယ်ယူခြင်းကို စစ်တပ် က ဖမ်းဆီးကန့်သတ်မှုများ လုပ်ဆောင်လာ ခြင်းကြောင့် ဈေးကွက်ပျက်စီးသွားခဲ့ပြီး တစ်မြို့နယ်လုံး၏ ဝင်ငွေသည် ရုတ်ချည်း ကျဆင်းသွားခဲ့သည်။ မြို့နယ်အတွင်းရှိတောင်သူများ၏ အဓိကမှီခိုအားထားသည့် ဝဉ ဈေးကွက်ပျက်စီးသွားခဲ့ရာ မိသားစုတိုင်း၏ ရှေ့ဆက် စားနပ်ရိက္ခာဖူလှုံစွာရရှိနိုင်ရေးသည် စိန်ခေါ်မှုတရပ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် တဖက်တွင် ဈေးကွက်ပြန်လည်ကောင်းမွန်လာနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် ဝဉစိုက်ပျိုးခြင်းကို ဆက်လက်လုပ်ကိုင်နေသူများလည်းရှိသည်။
ကန်ပက်လက်မြို့နယ်ရှိ တောင်သူတစ်ဦးမှ ၎င်းတောင်ယာပြန်လည်ခုတ်ယူနေခြင်းနှင့်ဆက်စပ်ပြီး မေးမြန်းကြည့်ရာ “ကျတော်တို့လည်း ဝဥ ကောင်းလာတော့ တောင်ယာမလုပ်ဖြစ်တာ (၄) နှစ်လောက်ရှိပြီ။ တောင်ယာလုပ်ရင် ကိုယ်ရလာတဲ့စပါးကို ပိုက်ဆံနဲ့ပြန်တွက်ကြည့်ရင် လုပ်အားခမကာမိဘူး။ ဝဥ ကျတော့ လုပ်နိုင်ရင် လုပ်နိုင်သလောက် ဝင်ငွေရတယ်။ တောင်ယာလုပ်တာထက်ပိုပြီး အဆင်ပြေတယ်။ တောင်ယာလုပ်ရတာ ပိုတောင်ပင်ပန်းသေးတယ်။ အဲဒါကြောင့်လည်း တောင်ယာမလုပ်တော့ဘဲ ဝဥ စိုက်ခင်းကိုပဲ တစိုက်မတ်မတ်လုပ်လာခဲ့တာ။ ဒါပေမယ် နိုင်ငံရေးက ဒီလိုဖြစ်လာတော့ မနှစ်ကတည်းက ဝဥ ကို မရောင်းရတော့ပြန်ဘူး။ ဝင်ငွေရတဲ့လမ်းကလုံးဝ ပျောက်သွားတာပေါ့။ အရင်ကတော့ ဝဥ ရောင်းပြီး ဆန် ကအစ အိမ်အသုံးအဆောင် တွေ ဝယ်လို့ရတယ်။ အခုက စားစရာဆန်တောင် မဝယ်နိုင်တော့ဘူး။ အဲဒါကြောင့် တောင်ယာပြန်လုပ်မှပဲ ဖြစ်မယ် ဆိုပြီးတော့ ဒီနှစ်တော့ တစ်ရွာလုံးက တောင်ယာပြန်ခုတ်ကြတာ။ နောက်နှစ်ကနေတော့ ကိုယ်စိုက်တာ ကိုယ်ပြန်စားရမှာဆိုတော့ စားစရာဆန်အတွက်တော့ မပူရတော့ပေမယ့် ကျန်းမာရေးတို့၊ ပညာရေးတို့ နှင့် အိမ်သုံးပစ္စည်းတွေ အတွက်ကျတော့ ဝင်ငွေမရှိတော့ဘူးဆိုတော့ ဘယ်လိုဖြစ်လာမလဲတောင် မသိတော့ပါဘူး” ဟု ၎င်း၏ ခံစားချက်ကို ပြောပြသည်။ တောင်ယာလုပ်ငန်းတစ်ဖက် ဝဉစိုက်ပျိုးရေးလုပ်ငန်းတစ်ဖက် ဖြင့် ခက်ခဲပင်ပန်းစွာ လုပ်ကိုင်နေသောမိသားစုလည်း များစွာရှိသည်။

ကန်ပက်လက်မြို့နယ်သည် တစ်မြို့နယ်လုံးတွင် ဝဉ စိုက်ပျိုးခြင်းလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်ဆောင်နေခြင်းကြောင့် နေ့စား/ကျပန်းလုပ်သားများအတွက်လည်း ဝဉခြံ ပေါင်းရှင်းခြင်းလုပ်ငန်းသည် ဝင်ငွေရလုပ်ငန်းတစ်ခုအဖြစ်အခိုင်အမာရှိနေခဲ့သည်။ တနေ့လုပ်အားခသည်လည်း (၇၀၀၀) ကျပ် ဝန်းကျင် ဖြစ်ခဲ့သည်။ အချို့မိသားစုများသည် တောင်ယာစိုက်ခင်းကဲ့သို့သော အခြားလုပ်ငန်း မလုပ်ဘဲ ဝဉ တစ်မျိုးတည်းကိုသာတပိုင်တနိုင်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ပြင်ပမှနေ့စားလုပ်သားငှားရန်းရန် မလိုအပ်ဘဲ မိသားစုမှ နိုင်နင်းစွာလုပ်ကိုင်နိုင်ကြသည်။ သို့သော် ယခုအခါ ကျပန်းလုပ်သားများ၏ တစ်နေ့လုပ်အားခသည် (၈၀၀၀) ကျပ်ခန့် ဖြစ်လာသော်လည်း ကန်ပက်လက်မြို့အနီးအနား တွင် လုံခြုံရေးအခြေအနေကြောင့် နေ့စားလုပ်လိုသူလည်းအလွန်ရှားပါးလာသည်။ ထို့အပြင် ကျေးရွာများတွင်လည်း ဝဉ ဈေးကွက် မရှိခြင်းကြောင့် တောင်ယာလုပ်ငန်းပြန်လည်လုပ်ကိုင်သူအလွန်များပြားလာပြီး ၎င်းတို့၏ ဝဉ စိုက်ခင်းများ ကိုနိုင်နင်းစွာလုပ် ဆောင်နိုင်ခြင်းမရှိကြတော့ပေ။ မိသားစု တိုင်း မိမိ မိသားစုအတွက်သာ အချိန်ပေး လုပ်ငန်းလုပ်ကိုင်နေကြခြင်းကြောင့် နေ့စား/ကျပန်းလုပ်ကိုင်လိုသူလည်း အလွန်ရှားပါးလာသည်။ ဝင်ငွေရလုပ်ငန်း လုပ်ကိုင်ရန်အတွက် အချိန်မပေး နိုင်ကြတော့ဘဲ မိသားစုစားရေး တစ်မျိုး တည်း အတွက်သာ ရုန်းကန်နေကြရသည့် အခြေအနေဖြစ်သည်။ ဤသို့အလုပ်အကိုင်ရှားပါးလာခြင်း နှင့် ပညာသင်ကြားနိုင်ရန် အခွင့်အလမ်း ရှားပါးလာခြင်းတို့ကြောင့် ပြည်ပထွက်ခွာသူများ နေ့စဉ်တိုးပွားလျက်ရှိပြီး ဤသည်မှာလည်း ရေရှည်အတွက် မြို့နယ်၏ ကြီးမားသောလူသားအရင်းအမြစ် ဆုံးရှုံးမှုဖြစ်လာ နိုင်ပေသည်။

ကန်ပက်လက်မြို့ပေါ်တွင် ကုန်စုံဆိုင်၊ ကုန်ချောက်ဆိုင်၊ အထည်ဆိုင် နှင့် ကုန်စိမ်းဆိုင် စုစုပေါင်း (၃၀) ခန့်ရှိခဲ့ပါသည်။ ၎င်းအနက် ယခုအခါ (၁၀) ဆိုင်ခန့်သာ ဖွင့်လှစ်နိုင်ပြီး ဖွင့်လှစ်သောအချို့ဆိုင်များသည်လည်း တနေကုန် ဖွင့်လှစ်ရောင်းချခြင်းမရှိဘဲ နံနက် (၈)နာရီခန့် မှ နံနက် (၁၁) နာရီ အထိသာ ဆိုင်ဖွင့် ရောင်းချကြသည်။ ထိုသို့ တနေကုန်ဖွင့်လှစ်ရောင်းချခြင်းမရှိသည့် အကြောင်းရင်းမှာ လုံခြုံရေးအခြေအနေစိုးရိမ်ခြင်းကြောင့် နှင့် ဝယ်ယူသူ နည်းပါးလွန်းခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ဈေးဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦး

နေ့စဉ်ဖွင့်လှစ်သည့် လက်ဖက်ရည်ဆိုင် ထို့အပြင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းကြောင့်လည်း ဈေးရောင်းသည့်ဈေးသည်များတွင်လည်း အခက်အခဲများစွာ ရှိသကဲ့သို့ ဝယ်ယူစားသုံး သောပြည်သူများ အတွက်လည်းလွန်စွာ ခက်ခဲလာပါသည်။ ဤသို့ ကုန်ဈေးနှုန်းများ အလွန်မြင့်တက်လာခြင်းမှာ ပစ္စည်းများမှာယူရသည့် မန္တလေးမြို့ရှိ ပင်ရင်းဆိုင်ကြီးများတွင်လည်း ယခင့်ထက်ဈေးနှုန်းမြင့်မားစွာ ပေးဝယ်ယူရခြင်း နှင့် ကုန်တင်ကားခများမြင့်မားလာခြင်းများ ကြောင့်ဖြစ်ကြောင်းလဲ သိရသည်။ ယခင်ကကဲ့သို့ ပုံမှန်လိုင်းကားများပြေးဆွဲမှုမရှိတော့ခြင်းကြောင့်လည်း ဈေးရောင်းသောကုန်သည်များ ပစ္စည်း မှာယူတင်ပို့ရောင်းချမှုများတွင် အခက်အခဲများစွာကြုံတွေ့ကြရသည်။
အများစုသော မိသားစုတို့၏ အဓိကစားသုံးကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ပြာရည် နှင့် ကော်ဖီမစ် တို့၏ ဈေးနှုန်းသည်လည်း ၂၀၂၁ခုနှစ် ဇန်နဝါရီ မတိုင်ခင် နှင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အောက်ပါအတိုင်း ပြောင်းလဲလာခဲ့သည်။

(ချင်းပြည်နယ်၊ ကန်ပက်လက်မြို့)
ဖော်ပြပါဇယားအရ တစ်နှစ်အတွင်း ဒေသအတွင်းကိုယ်တိုင် ပြုလုပ်သုံးစွဲနေသော ပြာမှုန့် မှလွဲ၍ စားသုံးကုန် အများစုသည် ထက်ဝက်ကျော်အထိ ဈေးနှုန်းမြင့်တက်လာကြသည်။ စားသုံးဆီ နှင့် ကော်ဖီမစ် သည် ထက်ဝက်ကျော် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရသည်။ ပြာမှုန့်သည် ပြာရည်စစ်တောင်းထဲတွင် ထည့်ပြီး အရည်စစ်ကာ ဟင်းချက်ရာတွင်အသုံးပြုသည့်အရည်တမျိုးဖြစ်ပြီး ဒေသတွင်း ကိုယ်တိုင် ပြုလုပ် သုံးစွဲသည့် စားကုန်တမျိုးဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းပြောင်းလဲမှု အနည်းငယ်သာ ရှိသည်။
ယခင် ၂၀၂၀ ခုနှစ်အတွင်းတွင် မိသားစုဝင် (၅) ဦးခန့်ရှိသော မိသားစုတစ်စု၏ လစဉ်ပျမ်းမျှ မီးဖိုချောင်အသုံးစရိတ်သည် (၁၀၀,၀၀၀) ကျပ်ခန့် ရှိခဲ့ရာမှု ယခုအခါ ငွေကြေးအဆင်ပြေသော မိသားစုများသည် မီးဖိုချောင်အသုံးစရိတ်ကို (၂၀၀,၀၀၀) ကျပ် ခန့် ကုန်ကျနေကြသည်။ အချို့သောမိသားစုများသည် ငွေကြေးခက်ခဲခြင်းကြောင့် ပိုမိုမြင့်မားသည့်အသုံးစရိတ် ကိုအသုံးပြုလာခြင်းထက် လျော့ပေါ့စားသုံးလာသည့်ပုံစံကို ပြောင်းလဲကျင့်သည့်လာကြသည့်ဟန်ရှိသည်။ အခြားကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာသည်နှင့်အညီ ဟင်းသီးဟင်းရွက်ဈေးများလည်း ကြီးမြင့်လာပြီး ယခင်က ၂၀၀ ကျပ်ဖြင့် မိသားစုစားလောက်သည့် ဟင်းရွက်ပမာဏ ဝယ်ယူနိုင်သော်လည်း ယခုအခါ ပမာဏ အနည်းငယ်ကို ဝယ်ယူနိုင်တော့သည်။ မီးဖိုချောင်အသုံးစရိတ်သည် ကိုယ်တိုင်ဉယာဉ်ခြံရှိပြီး တနိုင်တပိုင် မိသားစုစိုက်ခင်းများလုပ်ဆောင် နေသူများအတွက် ရာသီအလိုက် အသီးအရွက်မဝယ်ယူရ တော့ခြင်းကြောင့် ကုန်ကျစရိတ်သက်သာမှုရှိနိုင်သော်လည်း ကိုယ်ပိုင်ဉယာဉ်ခြံမရှိသောမိသားစုများအတွက်မူ ကုန်ကျမှု မြင့်တက် များပြားလာပါသည်။
ကန်ပက်လက်မြို့နယ်သည် ကုန်းလမ်းတစ်မျိုးတည်းကိုသာ အားကိုးရသည့်မြို့နယ်ဖြစ်သည့် အလျောက် မိသားစုတိုင်းနီးပါးသည် ဈေးဝယ်ခြင်း နှင့် ခရီးသွားလာခြင်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆိုင်ကယ်တစ်စီးစီ ပိုင်ဆိုင်ကြသည်။ ၎င်းဆိုင်ကယ်အတွက်မိသားစုတစုသည် ဓာတ်ဆီကို လစဉ်ပျမ်းမျှ အနည်းဆုံး ၈ ဗူး မှ ၁၅ ဗူးခန့်အထိ အသုံးပြုကြခြင်းကြောင့် ၂၀၂၁ မတိုင်ခင် အစောပိုင်းကာလများတွင် ဓာတ်ဆီ (၁)ဗူး၏ဈေးနှုန်းသည် ကျပ် ၈၀၀ မှ ၁,၀၀၀ အထိ ရှိခဲ့ခြင်းကို အခြေခံ၍တွက်ချက်လျှင် ဓာတ်ဆီတစ်မျိုးတည်းအတွက် လစဉ် ကျပ် (၁၀,၀၀၀) ဝန်းကျင်ခန့်အသုံးပြုကြသည်ဟု ဆိုနိုင်သည်။ ယခုအခါ ဓာတ်ဆီ (၁)ဗူးဈေးနှုန်းသည် ကျပ် (၄,၀၀၀) ဖြစ်၍ မိသားစုတစ်စု၏ ဓာတ်ဆီအတွက်အသုံးပြုရသည့် ငွေကြေးပမာဏမှာလည်း ပိုမိုများပြား လာပြီး လစဉ် ကျပ် ၄၀,၀၀၀ နီးပါးအထိမြင့်တက်လာခဲ့သည်။
ထို့အပြင် ကျန်းမာရေး၊ အလုပ်အကိုင်၊ သင်တန်းများ တက်ရောက်ခြင်း နှင့် အခြားသောအကြောင်း ကိစ္စအမျိုးမျိုးကြောင့် မြို့ကြီးများသို့သွားရောက်လေ့ရှိကြပြီး အထူးသဖြင့် ရန်ကုန် နှင့် မန္တလေးမြို့များသို့ သွားရောက်သူများပြားပါသည်။ ယခင်က ကန်ပက်လက်မြို့မှ ရန်ကုန်မြို့သို့သွားရောက်ရာတွင် လိုင်းကားခအဖြစ် ငွေကျပ် (၁၈,၀၀၀) ခန့်သာအသုံးပြုခဲ့ရာသော်လည်း ယခုအခါ ငွေကျပ် (၃၅,၀၀၀) အထိ ကုန်ကျသုံးစွဲရသည်။ ယခင်က မြို့နယ်အတွင်းရှိကျေးရွာများသို့ သွားလာရသည့် လမ်းများသည် အသင့်အတင့် အဆင်ပြေကောင်းမွန်သည့် အခြေအနေရှိခဲ့သော်လည်း ယခုအခါ လမ်းမကြီးအချို့ကို စကစတပ်များမှ ပိတ်ထားခြင်းကြောင့် လမ်းကြောင်းသစ်များ ပြန်လည်ရှည်ဖွေပြီး ခက်ခဲစွာသွားလာရကြသည်။ အဆင်ပြေချောမောစွာသွားလာခဲ့ရသည့် လမ်းကြောင်းများကို အသုံးမပြုနိုင်တော့ခြင်းကြောင့် မြို့နယ်အတွင်းရှိလူထုသည် ကိုယ့်အားကိုယ်ကိုးလက်တူးလမ်းများကို ပြန်လည်တူးဖော်ဖောက်လုပ်ကြပြီး အသုံးပြုနေကြရသည်။ လမ်းများသည် လက်တူးလမ်းဖြစ်ခြင်းကြောင့် မိုးတွင်းကာလတွင် လမ်းသားများအလွန်ပျက်စီးပြီး ခက်ခဲပင်ပန်းစွာသွားလာရကြသည်။ ပုံမှန်သွားနေကျလမ်းမများကို ရှောင်ကွင်းပြီး အသစ်ပြန်လည်ဖောက်လုပ်ရသည့်လမ်းကြောင်းများ ဖြစ်ခြင်းကြောင့် လမ်းခရီးလည်း ယခင်ကထက်ရှည်လျားသည်။ ယခင်က ကန်ပက်လက်မြို့မှ (၄) နာရီ ခန့်သာသွားရသည့် ကျေးရွာကို ယခုအခါ (၈) နာရီခန့်ကြာ သွားရသည်။ ထို့ကြောင့် ခရီးသွားပြည်သူများသည် ယခင်ကထက် ဓာတ်ဆီဖိုးအတွက် ငွေကြေးကို ပိုမိုသုံးစွဲကြရပြီး ခက်ခဲကြမ်းတမ်းသောလမ်းများကို အသုံးပြုကာ နေ့စဉ်သုံး မိသားစုသုံး ပစ္စည်းများကို ဝယ်ယူသုံးစွဲ နေကြရသည်။
ဤသို့ စစ်တပ်၏ မတရားအာဏာသိမ်းယူမှုနောက်ပိုင်းတွင် နိုင်ငံတစ်ခုလုံး၏ အခြေအနေအရပ်ရပ် သည် အနှုတ်လက္ခဏာဖက်သို့ ဆုတ်ယုတ်ပျက်စီးလာခဲ့သည်။ စစ်ပွဲဖြစ်ပွားမှုအများဆုံးဒေသများကို ပိုမိုးဆိုးရွားစွာ ရိုက်ခတ်လာခဲ့ပြီး ကန်ပက်လက်မြို့နယ်သည်လည်း အလွန်ထိခိုက်ခံရသည့် မြို့နယ်တစ်ခု ဖြစ်သည်။ အာဏာသိမ်းကာလ (၂) နှစ်ခန့် ကြာမြင့်လာပြီဖြစ်သည့် အချိန်တွင်ပင် မိသားစုအချို့သည် နေ့စဉ် စားဝတ်နေရေးအတွက် ယခင်ကထက် အဆပေါင်းများစွာ ရုန်းကန်နေကြရသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် ရေရှည်တွင် မိသားစုများစွာ၏ စားနပ်ရိက္ခာဖူလှုံစွာရရှိနိုင်ရေးသည် ကြီးမားသော စိန်ခေါ်မှု တစ်ခုဖြစ်လာခဲ့ပြီး ထိုပြသနာ နှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီနိုင်ရေး နှင့် ပညာရေးလက်လှမ်းမီနိုင်ရေးများသည်လည်း အရေးတကြီးဖြေရှင်းသွားရမည့် ပြသနာများအဖြစ်တည်ရှိနေကြ သည်။
မှတ်ချက်။ ဤဆောင်းပါးကို 2022 ခုနှစ်၊ စက်တင်ဘာလ၊ ၏ အချက်အလက်များ အပေါ်အေခြခံ၍ ရေးသားထားပါသည်။