December 14, 2022, Comment off

အပြစ်မဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအား သေဒဏ်ချမှတ်ခံရခြင်းနှင့် စပ်လျဥ်း၍ ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်

အပြစ်မဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအား သေဒဏ်ချမှတ်ခံရခြင်းနှင့် စပ်လျဥ်း၍ ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်

၂၀၂၂ ဧပြီလ ၁၈ရက် နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာဖြစ်သူ ဒုတိယဗိုလ်မှူးကြီးဟောင်း စောမိုးဝင်း(ငြိမ်း) အား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်ဟု ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦး စွပ်စွဲခံရသည်။ ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့တွင်ပါဝင်သည်ဟုလည်း စွပ်စွဲခံရသည်။

 

၂၀၂၂ ဧပြီလ ၂၁ရက် နေ့တွင် ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးဖြစ်သူ မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက်ဇော်၊ မောင်ဟိန်းထက် ၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်းမောင်မောင်တို့ကို ဖမ်းဆီးပြီး တောင်ဒဂုံရဲစခန်းတွင်ချုပ်နှောင်ထားရာမှ အင်းစိန်အကျဥ်းထောင်သို့ ရွှေ့ပြောင်းခဲ့သည်။

 

၂၀၂၂ နိုဝင်ဘာလ ၃၀ရက်နေ့တွင် စွပ်စွဲခံ အဆိုပါ ကျောင်းသား ၇ ဦးအား ဥပဒေကြောင်းအရ ရှေ့နေငှားရမ်းခွင့်နှင့် မည်သည့်ခုခံချေပခွင်မျှ မပေးဘဲ အကျဥ်းထောင်တွင်း စစ်ခုံရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂(က)အရ သေဒဏ်အမိန့် ချမှတ်ခဲ့သည်။

 

ဤဖြစ်စဥ်ကို ကြည့်ခြင်းအားဖြင့် ပြစ်မှုအတွက် ခိုင်လုံသော သက်သေအထောက်အထားကို မည်သူကထွက်ဆိုပါသနည်း။ ထို့နောက် အရပ်သားပြည်သူအား တရားစီရင်ရာတွင် အရပ်ဘက် တရားရုံး၌ စီရင်ချင်းမပြုပဲ စစ်ခုံရုံးသို့ တရားစီရင်ခြင်းသည် မည်သို့သော တရားစီရင်ခြင်းဖြစ်မည်နည်း။ ရှေ့နေငှားခွင့်မပေးရုံသာမက မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်ပြင် လုံးဝမပေးခြင်းသည် မည်သို့သော ဘက်လိုက်မှုကင်းသော၊ တရားမျှတမှန်ကန်သော တရားစီရင်ချက် ဖြစ်သည်ဟု မှတ်ယူနိုင်မည်နည်း။

 

ထို့ပြင် စွပ်စွဲခံရသော ကျောင်းသားများကို ဥပဒေဆိုင်ရာ အခြေခံလူ့အခွင့်အရေးဖြစ်သော တရားဝင်ကိုယ်စားပြုခွင့် နှင့် ခုခံချေပခွင့် မပေးဘဲ စစ်ခုံရုံးမှ တစ်ဖက်သတ် တရားစီရင်ခြင်းကြောင့် တရားမျှတရေးချိန်ခွင်လျှာသည် တစ်ဖက်စောင်းကာ ဘက်လိုက်မှုကင်းသော တရားစီရင်ရေးဟု ယူဆရန် မဖြစ်နိုင်သည့်အပြင်၊ စစ်ကောင်စီက တရားမျှတမှုကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျောင်းသား ၇ ဦးအပေါ် ချမှတ်ထားသော သေဒဏ်စီရင်ချက်သည် တရားစီရင်ရေးမူကို လုံးဝဆန့်ကျင့်ရာ ရောက်သည့်အပြင် လူ့အခွင့်အရေးကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်နေပါသည်။

 

ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း(၁၉၄၈) အပိုဒ် ၁၀ အရ “လူတိုင်းသည် ၄င်းတို့၏ အခွင့်အရေးနှင့် တာဝန်ရှိမှုများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ၄င်းအပေါ် ပြစ်မှုကြောင်းအရ စွပ်စွဲချက်ကို အဆုံးအဖြတ် ခံရာတွင်လည်းကောင်း လွတ်လပ်၍ ဘက်လိုက်မှုမရှိသော တရားရုံးတစ်ရပ်က အများပြည်သူရှေ့မှောက်တွင် တရားမျှတစွာ ကြားနာစစ်ဆေးခြင်းကို တန်းတူရည်တူ အပြည့်အဝ ရပိုင်ခွင့်ရှိသည်” ဟူသည့်အချက်ကိုလည်း မျက်ကွယ်ပြုခြင်း ခံနေရပါသည်။

 

အရပ်သားပြည်သူများကို အရပ်ဘက်တရားရုံးများတွင် တရားစွဲဆိုစီရင်ခြင်းမပြုပါဘဲ အကျဥ်းထောင်တွင်း တရားရုံးများတွင်သာ မတရားစွဲဆိုကာ ရှေ့နေငှားရမ်းခွင့်နှင့် ခုခံချေပခွင့်များ ဆုံးရှုံနေရခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထို့ပြင် ဖမ်းဆီးခံရသော အရပ်သားပြည်သူများကို အကျဥ်းထောင်တွင်းစစ်တရားရုံးများတွင် စစ်ဥပဒေအတိုင်းစွဲဆိုကာ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နေမှုကိုလည်း မေးခွန်းထုတ်စရာပင် ဖြစ်ပါသည်။

 

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် တရားမဲ့လုပ်ဆောင်နေမှုများကို ရပ်တန်းကရပ်ပြီး စစ်ကောင်စီ ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအပါအဝင် လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် တာဝန်ယူ တာဝန်ခံစေဖို့ ပြည်တွင်းနှင့် ပြည်ပနိုင်ငံတကာအဖွဲ့အစည်းများက ထိရောက်သော လုပ်ဆောင်မှုများ အချိန်မဆိုင်းဘဲ ချက်ချင်းလုပ်ဆောင်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။