ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသော ကန်ပက်လက်မြို့နယ်ရှိ မူလွန်ကျောင်း (၁) ကျောင်းပုံ

December 28, 2022, Comment off

၂၀၂၂-၂၃ ပညာသင်နှစ် ချင်းပြည်နယ်၏ အခြေခံပညာရေးအခြေအနေ လေ့လာခြင်း

နိဒါန်း

ချင်းပြည်နယ်သည် မြို့နယ် (၉) မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၀ ပြည့်နှစ်၊ မြို့နယ် (၉) မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသီးသီး၏ အစီရင်ခံစာများ ပြန်လည်စုပေါင်း တွက်ချက်မှုအရ တစ်ပြည်နယ်လုံးတွင် လူဦးရေ စုစုပေါင်း (၅၂၂၆၆၂) ဦး ခန့်မှီတင်းနေထိုင်ကြသည်။ ၎င်းအစီရင်ခံစာအရ တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် အခြေခံပညာ ကျောင်းပေါင်း ၁၄၇၀ ခန့် ရှိပြီး ကျောင်းသူ/သား စုစုပေါင်း (၁၃၅၄၃၆) ဦးခန့် ပညာသင်ကြားခဲ့ကြသည်။ (MIMU Township Profiles. 2020 January)

ကိုဗစ်ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့် ပိတ်ထားခဲ့သည့် ကျောင်းများကို စစ်ကောင်စီ မှ ၂၀၂၂-၂၃ ပညာသင်နှစ်တွင်  အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လာပြီး ကျောင်းအပ်နှံရေးကာလအဖြစ် မေလ (၂၆) ရက်မှ ဇွန်လ (၁)ရက်နေ့ အထိ သတ်မှတ်ကာ ကျောင်းအပ်ပြန်လည်လက်ခံကြောင်း ကြေငြာခဲ့သည်။ ကျောင်းအပ်နောက်ဆုံးရက် ရောက်ရန် (၁) ရက် အလို မေလ (၃၁) ရက် အထိ တစ်နိုင်ငံလုံး၌ ကျောင်းအပ်နှံပြီးသူ ၅.၂ သန်း ခန့်ရှိကြောင်း၊ ကျောင်းအပ်နှံမှုအများဆုံးမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ကျောင်းအပ်နှံသော ကျောင်းသား/ သူပေါင်း (၉၁၇၇၂၁) ဦး ရှိကြောင်း၊ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်း ဒေသကြီးဖြစ်ပြီး ကျောင်းအပ်နှံသော ကျောင်းသား/သူပေါင်း ၇ သိန်းခန့် ရှိကြောင်း ဇွန်လ (၁) ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

မေလ (၁) ရက်နေ့ထိ ချင်းပြည်နယ်တွင်လည်း ကျောင်းအပ်နှံသူစုစုပေါင်း (၂၂၀၀၀) ဦး ဝန်းကျင်ခန့်ရှိပြီ ဖြစ်ကြောင်း ပြည်နယ်ပညာရေးရုံးမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကားပြီး Chin World Media သတင်းဌာနက ဖော်ပြထားသည်။ ၎င်းဖော်ပြချက်အရ ချင်းပြည်နယ်၏ တစ်ပြည်နယ်လုံးအဆင့် ကျောင်းအပ်နှံမှု ရာခိုင်နှုန်းသည် ၂၀၂၀ ပြည့်နှစ် ကျောင်းသားအင်အားနှင့် နှိုင်းယှဉ်ပါက ၁၆.၂၄ ရာခိုင်နှုန်းခန့်သာ ရှိသည်။ စစ်ကောင်စီ ၏ လက်အောက်ခံ ပညာရေးဌာနသည် ချင်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၉ မြို့နယ်အနက် ကန်ပက်လက်မြို့နှင့် ထန်တလန်မြို့မှလွဲ၍ ကျန်မြို့နယ် (၇) မြို့နယ်တွင် ကျောင်းဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်းကိုလည်း ပြောဆိုထားသည်။

ထန်တလန်မြို့နယ် (Thantlang township)

စစ်ကောင်စီမှ ကျောင်းဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း ကြေငြာထားသည့် ထန်တလန် မြို့နယ်တွင် စစ်ကောင်စီတပ်များသည် မြို့ထဲရှိလူနေအိမ်များ နှင့် ဘာသာရေးအဆောက်အဦးများကို (၃၅) ကြိမ် ထက်မနည်း မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး ပေါင်း (၁၃၀၀) ကျော်ခန့် ပျက်စီးပြာကျခဲ့သည်။ ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ မီးရှို့ ဖျက်ဆီးမှုများနှင့် ရမ်းသမ်းပစ်ခတ်မှုများကို ကြုံတွေ့နေရသော  ထန်တလန်မြို့နေပြည်သူများသည် မြို့ထဲတွင်နေထိုင်ဝံ့ခြင်းမရှိတော့ဘဲ လုံခြုံသည့် နေရာအသီးသီးသို့ စစ်ဘေးရှောင်ထွက်ပြေး တိမ်းရှောင်ကြပြီး မြို့ထဲတွင် နေထိုင်သောပြည်သူ မရှိတော့သည့် အခြေအနေအထိ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် စစ်ကောင်စီသည် ထန်တလန်မြို့တွင် ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိတော့သည်သာမက ကျေးရွာအဆင့်တွင်လည်း အာဏာသက်ရောက်အောင် ထိမ်းချုပ်နိုင်မှုမရှိခြင်းကြောင့် တစ်မြို့နယ် လုံးအဆင့်တွင် မည်သည့်စာသင်ကျောင်းကိုမျှ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိပေ။ ထန်တလန်မြို့နယ်၏ ကြားကာလ ပညာရေးကန္ဍအားလုံး အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ ချိတ်ဆက်ကာ Public Administration, Thantlang, Education Department ကသာ လုပ်ဆောင်သည်။ Public Administration, Thantlang, Education Department သည် ၎င်း၏ ပညာရေးဆိုင်ရာ ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ဇူလိုင် (၁၀)ရက် ၂၀၂၂ ခုနှစ်တွင် အောက်ပါအတိုင်း ကြေငြာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

“၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့မှစ၍ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၅၁) ရွာတွင် ပထမအဆင့် ကြားကာလ (၆)လ ပညာရေးစီမံချက်ဖြင့် ဖက်ဒရယ်ပညာရေးစနစ်နှင့်အညီ မူလတန်းအဆင့် နှင့် အလယ်တန်းအဆင့်ကျောင်းများကို ဖွင့်လှစ်လျက်ရှိရာ မူလတန်းအဆင့်တွင် ကျောင်းသား/သူပေါင်း (၄၉၀၀) ဦး၊ အလယ်တန်းအဆင့်တွင် (၂၃၁၆) ဦး၊ စုစုပေါင်း (၇၂၁၆) ဦး ပညာသင်ယူနေကြသည်။ စစ်ဘေးရှောင်ကျောင်းသား/သူဦးရေ (၃၀၀၀) ခန့်ရှိပါသည်။ ပထမအဆင့် ကြားကာလပညာရေးစီမံချက်ကာလအဆုံး စစ်ဆေးခြင်းကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အောင်စာရင်းကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေငြာပေးမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် ဒုတိယအဆင့် ကြားကာလ ပညာရေးစီမံချက်အရ ကျောင်းများပြန်လည်ဖွင့်လှစ်မည်။ ကြားကာလပညာရေးလုပ်ငန်းများ ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်စေရန် မိဘပြည်သူများအနေဖြင့် ဆက်လက်ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံပါသည်။”

ဤကြေငြာချက်သည် Public Administration, Thantlang, Education Department ၏ ထန်တလန်မြို့နယ်အတွင်း ကြားကာလပညာရေးစနစ်ကို ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို မြင်သာစွာဖော်ပြပါသည်။

ကန်ပက်လက်မြို့နယ် (Kanpetlet township)

စစ်ကောင်စီမှ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသည့် ကန်ပက်လက်မြို့နယ်တွင် ကျေးရွာပေါင်း ၁၁၆ ရွာ နှင့် မြို့ (၂) မြို့ ရှိပြီး အိမ်ထောင်စု (၄၂၉၃) စု နှင့် လူဦးရေအားဖြင့် (၂၄၂၀၆) ဦး မှီတင်းနေထိုင်ကြသည်။ မြို့နယ် ပညာရေးကဏ္ဍတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ အစီရင်ခံစာအရ အခြေခံပညာရေးအဆင့်တွင် အထက နှင့် အထက (ခွဲ) အဆင့်ကျောင်းပေါင်း (၁၄) ကျောင်း၊ အလယ်တန်းအဆင့် (မူလွန်အပါအဝင်) ၃၇ ကျောင်း နှင့် မူလတန်းအဆင့်ကျောင်းပေါင်း ၇၁ ကျောင်း  ရှိပြီး ဆရာ/မ အင်အား စုစုပေါင်း ၇၆၀ ခန့် နှင့် ကျောင်းသူ/သား စုစုပေါင်း ၈၆၀၀ ခန့် ပညာသင်ကြားခဲ့ကြသည်။ (MIMU Township Profiles, 2020 January)

စစ်ကောင်စီ၏ အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ကျောင်းများ ပြန်လည် ဖွင့်လှစ်နေသော်လည်း ကန်ပက်လက်မြို့ပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် အထက (၁) ကျောင်းဝင်းထဲတွင် စစ်ကောင်စီတပ်များ တပ်စွဲထားဆဲဖြစ်သည်။ သို့သော် မြို့ပေါ်နှင့် ကျေးရွာများတွင် လုံခြုံရေး အခြေအနေ အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိခြင်းနှင့် အာဏာသက် ရောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခြင်းတို့ကြောင့် ကျောင်းဖွင့်လှစ်ခြင်းကိုမူ မည်သည့် နေရာတွင် မှ လုပ်ဆောင်နိုင်ခြင်းမရှိပေ။

သို့သော် ကန်ပက်လက်မြို့နယ်ပညာရေးဘုတ်အဖွဲ့ သည် NUG ပညာရေးဝန်ကြီးဌာန၏ နည်းပညာအကူအညီရယူပြီး ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ကန်ပက်လက်မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများပြန်လည်ဖွင့်လှစ်လျက်ရှိသည်။ မြို့နယ်တခုလုံးကို လွှမ်းခြုံလုပ်ဆောင် နိုင်ရန် ပညာရေးနယ်မြေ (၅) ခု ခွဲဝေသတ်မှတ်ကာ နယ်မြေအလိုက် တာဝန်ခံများထားရှိပြီး ကျောင်းဖွင့်လှစ်နိုင်ရေး၊ အချင်းချင်း ချိတ်ဆက်လုပ်ဆောင်နိုင်ရေးနှင့် ရန်ပုံငွေရရှိရေးများအတွက်  လုပ်ဆောင်နေကြသည်။ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ပညာသင်ကာလကိုလည်း (၆)လ သတ်မှတ်သည်။ ဤသို့ဖြင့် ၂၀၂၂ ခုနှစ် ဇွန်လ မှစ၍ ကန်ပက်လက်မြို့နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း (မူလတန်း နှင့် အလယ်တန်း) ၁၀၀ ကျော်ကို ပြန်လည် ဖွင့်လှစ်ထားနိုင်သည်။ ကန်ပက်လက်မြို့ မြို့ပေါ်တွင်မူ မည်သည့် စာသင်ကျောင်းကိုမျှ ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပေ။

ထို့ပြင် မကွေးတိုင်း၊ ဆောမြို့နယ်သို့ စစ်ဘေးရှောင်ရသည့် ကန်ပက်လက်မြို့နယ်ရှိ ပြည်သူ များသည်လည်း စေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့် ကျောင်းသား/သူ ပေါင်း  (၂၃၀) ခန့် ပညာ သင်ကြားစေနိုင်ပြီ ဖြစ်သည်။ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေသောပြည်သူများသည် အခြေခံ ပညာရေးအတွက် စေတနာ့ ဝန်ထမ်းများကို ခေါ်ယူပြီး ကျောင်းများဖွင့်လှစ်ကာ သင်ကြားရေးကို ဆက်လက်လုပ်ဆောင်နေကြပြီး စစ်ရှောင်စခန်းတွင်မနေဘဲ နေအိမ်ငှားရမ်းနေသော မိသားစုများ သည်လည်း ကျူရှင်ဆရာ/မ များထံသို့ သား/သမီးများကို သွားရောက်အပ်နှံကာ ကလေးများပညာ သင်ကြားနိုင်ရေး ကြိုးစားလုပ်ဆောင်နေကြသည်။ စစ်ဘေးရှောင်စခန်းတွင် ဖွင့်လှစ်သော စာသင်ခန်း များတွင်လည်း ထိုင်ခုံ၊ စားပွဲ၊ စာရေးကရိယာများ၊ ကလေးများအတွက် သင်ရိုးစာအုပ်များစသော လိုအပ်ချက်များစွာ ရှိနေပါသေးသည်။

ကျေးရွာများ၌ အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ကြရာတွင် အစိုးရ၏ အထောက်အပံ့ တစ်စုံတစ်ရာမျှ ရရှိနေခြင်း မရှိခြင်းကြောင့် ကျောင်းဖွင့်လှစ်မည့်ကျေးရွာတိုင်းသည် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ရသည့် အနေအထားဖြစ်သည်။ အမှတ် (၅) ဒေသပညာရေးနယ်မြေရှိ ကျေးရွာအချို့သည် ကူညီထောက်ပံမှုရရှိပြီး ကျောင်းသုံးပစ္စည်းများ နှင့် ဆရာ/မ လစာအတွက် အဆင်ပြေစွာ လည်ပတ် နိုင်သော်လည်း ကျန်နယ်မြေ (၄) ခုရှိ ကျေးရွာများသည် ခက်ခဲစွာ ရုန်းကန်အားထုတ်ပြီး ကျောင်းဖွင့် ကြရသည်။ ကျောင်းဖွင့်သော ကျေးရွာတိုင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ကျောင်းဖွင့်လှစ် နေကြခြင်းဖြစ်၍ ကျောင်းတွင် ဝင်ရောက် သင်ကြားပေးနေသော ဆရာ/မများအတွက် လစဉ် ထောက်ပံ့ကြေးနှင့် ကျောင်းအသုံးစရိတ်တို့ကို ကျေးရွာမှ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေထောက်ပံ့ ကြရသည်။ အချို့သောကျေးရွာများသည် ၎င်းကျေးရွာမှ ရပ်ဝေးရောက် မိသားစုများ၏ ကူညီ ထောက်ပံ့မှုကို ရရှိကြ၍ အဆင်ပြေသော်လည်း ကျေးရွာအများစုသည် ထောက်ပံ့မှု တစုံတရာ ရရှိမှုမရှိဘဲ ကျောင်းအသုံးစရိတ်အားလုံးအတွက် ကျေးရွာမှသာ တာဝန်ယူရှာဖွေရခြင်းကြောင့် အခက်အခဲ များစွာကို ကြုံတွေ့ကြရသည်။ ၂၀၂၂ ခုနှစ် ဇွန်လမှ စ၍ ကျောင်းများစတင် ဖွင့်လှစ် ခဲ့ကြပြီးဖြစ်သော်လည်း ကလေးများအတွက် သင်ရိုးစာအုပ်များ လုံလောက်အောင်မရရှိနိုင်ခြင်း၊ ကျောင်းပရိဘောကများ မလုံလောက်ခြင်း၊ ကျောင်းသုံးပစ္စည်းများ လုံလောက်မှုမရှိခြင်း ၊ဆရာ/မ များနှင့် စေတနာ့ဝန်ထမ်းများအား လစဉ် ထောက်ပံ့ကြေးပေးချေနိုင်မှုမရှိခြင်း စသည့် အခက်အခဲ မျိုးစုံကို ကျေးရွာအများစုက ကြုံတွေ့နေကြဆဲ ဖြစ်သည်။

ကန်ပက်လက်မြို့နယ်ရှိ သင်ကြားရေးဆရာ/မများ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတွင်  မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုအောက်ရှိ ဒေသတွင်းပညာရေးဆိုင်ရာ လုပ်ဆောင်နေသူများ၏ ကြိုးစားအားထုတ် ဦးဆောင်မှုနှင့် ငွေကြေးရှာဖွေပံ့ပိုးမှုဖြင့် ဆရာ/မများအတွက် ကျွမ်းကျင်ပညာရှင် များနှင့် ချိတ်ဆက်ပြီး ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရား၊ သင်ကြားသင်ယူမှုဖြစ်စဉ်နှင့် စစ်ဆေးအကဲဖြတ်ခြင်းနည်းများ စသည်တို့နှင့် သင်ရိုးသစ်သင်ခန်းစာများမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ နှင့် သင်္ချာဘာသာရပ်များကို အထူးပြုပြီး ဘာသာရပ်အလိုက် ချဉ်းကပ်သင်ပြနည်း စသည့် သင်တန်း များကို အဆင့်လိုက်ပြုလုပ်ပေးသည်။ ပညာရှင်ဖြင့် တိုက်ရိုက်သင်ကြားခြင်းကို online စနစ်ဖြင့် ပြုလုပ်ပြီး ဒေသအတွင်း သင်တန်းဆရာ/မများ စတင်မွေးထုတ်နိုင်ရန် ဆရာ/မ ၆ ဦးခန့်ကို ရွေးချယ်ပြီး  internet လိုင်းအသုံးပြုနိုင်သော နေရာသို့ ခေါ်ယူကာ သင်တန်းတက်ရောက်စေသည်။ ၎င်းသင်တန်းကို ပြီးမြောက်အောင် တက်ရောက်ပြီးသည့် ဆရာ/မ များမှတဆင့်  မြို့နယ်တွင်းရှိ ပညာရေးနယ်မြေ အသီးသီးသို့ အဆင့်လိုက်သင်တန်းများပြန်လည်ပို့ချပြီး သင်ကြားရေး ဆရာ/မများ နှင့် စေတနာ့ဝန်ထမ်းများ၏ သင်ကြားမှုစွမ်းရည်မြှင့်တင်နိုင်ရေးကို လုပ်ဆောင်နေကြသည်။

ဤသို့ဖြင့် စစ်ကောင်စီမှ ကျောင်းဖွင့်လှစ်နိုင်မှုမရှိသည့် အခြေအနေတွင် ကန်ပက်လက်  မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုအောက်တွင် စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များနှင့် ပြည်သူလူထု၏ ပူးပေါင်းလုပ်ဆောင်မှုဖြင့် ကလေးများ၏ပညာရေး လစ်ဟင်းမှုမရှိစေရန် ကြိုးစား လုပ်ဆောင်ခဲ့ကြသည်။ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေး(Kyin Dwe) မြို့တွင် ကျောင်းဖွင့်လှစ်ခြင်း ရှိ/မရှိကိုမူ မသိရှိရပါ။ ကျင်ဒွေးမြို့သည် အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်အမာစခန်းချ နေရာယူသည့် မြို့ ဖြစ်ပြီး မြို့ခံပြည်သူများနှင့် မြို့ပြင်ရှိပြည်သူများ ဝင်/ထွက်သွားလာ အဆက်အဆံ ပြုလုပ်၍ မရသော နေရာဖြစ်သည်။ ထို့ကြောင့် မြို့တွင်းအခြေအနေကို သိရှိနိုင်ရန် မလွယ်ကူပေ။  ကန်ပက်လက်မြို့နယ် တွင် စစ်ကောင်စီနှင့် ပြည်သူ့အုပ်ချုပ်ရေး နှစ်ဖက်စလုံးမှ ပြန်လည်မဖွင့်လှစ်နိုင်သော ကျောင်းလည်း များစွာ ကျန်ရှိနေပါသည်။

ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသော ကန်ပက်လက်မြို့နယ်ရှိ မူလွန်ကျောင်း (၁) ကျောင်းပုံ
ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသော ကန်ပက်လက်မြို့နယ်ရှိ မူလွန်ကျောင်း (၁) ကျောင်းပုံ

ဖလမ်းမြို့နယ် (Falam township)

ဖလမ်းမြို့နယ်သည် စစ်ကောင်စီအပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း ကျောင်းများ ဖွင့်လှစ်ထားသည့် မြို့နယ်ဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစီရင်ခံစာအရ ဖလမ်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း (၁၀၁၇၂) စု နှင့် လူဦးရေစုစုပေါင်း (၅၅၈၅၆) ဦး ခန့် မှီတင်းနေထိုင်ကြပြီး မြို့နယ်၏ ပညာရေးအချက်အလက်များ ဖော်ပြမှုတွင် အခြေခံပညာ ကျောင်းပေါင်း (၁၇၅) ကျောင်း၊ ကျောင်းသူ/သားစုစုပေါင်း (၁၁၉၁၃) ဦး နှင့် ဆရာ/မအင်အား (၁၂၀၇) ဦး ရှိကြောင်း ဖော်ပြထားသည်။ (MIMU Township Profiles. 2020 January).

၂၀၂၂-၂၃ ပညာသင်နှစ်တွင် စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်လာခဲ့ရာ ဖလမ်းမြို့နယ်တွင် ဖလမ်းမြို့တွင်းတွင်သာ ကျောင်းဖွင့်လှစ် နိုင်ခဲ့ပြီး ကျေးရွာအဆင့်ကျောင်းများပြန်လည်ဖွင့်လှစ်မှုကိုမူ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပညာရေးဌာန နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့တို့က ပူးပေါင်းပြီး ဖွင့်လှစ်နေခြင်းဖြစ်သည်။ စစ်ကောင်စီသည် ဖလမ်းမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းပေါင်း (၇) ကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၎င်း (၇)ကျောင်း တွင် ကျောင်းသား/သူ စုစုပေါင်း (၂၅၀၀) ဦး ခန့် တက်ရောက်သင်ကြားနေကြကြောင်း သိရသည်။ ကျောင်းဖွင့်ချိန်များတွင် စစ်ကောင်စီတပ်များသည် လုံခြုံရေးအကြောင်းပြ၍ လက်နက်အပြည့်အစုံ ဖြင့်   ကျောင်းတိုင်းတွင် နေရာယူလေ့ရှိသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပညာရေးဌာန နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့တို့ စီစဉ်သော ဆရာ/မများ သင်တန်း တစ်ခု
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပညာရေးဌာန နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့တို့ စီစဉ်သော ဆရာ/မများ သင်တန်း တစ်ခု

ဖလမ်းမြို့မှလွဲ၍ မြို့နယ်အတွင်းရှိကျေးရွာများတွင် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပညာရေးဌာန နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့တို့၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းပေါင်း (၉၀) ခန့် ကို ဖွင့်လှစ် ထားနိုင်ပြီး ကျောင်းသူ/သားစုစုပေါင်း (၁၁၀၀၀) နီးပါး ပညာသင်ကြားနေနိုင်ကြသည်။

ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ကျောင်းပြန်လှစ်ဖွင့်လှစ်မှုသည် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇.၃ ရာခိုင်နှုန်းခန့်သာရှိပြီး ကျောင်းပြန်လည်တက်ရောက်နိုင်သည့် ကျောင်းသူ/သား ရာခိုင်နှုန်းမှာလည်း ၂၀ ခန့်သာ ရှိပါသည်။

ဖလမ်းမြို့ အ.ထ.က (၁) ကျောင်းပုံ
ဖလမ်းမြို့ အ.ထ.က (၁) ကျောင်းပုံ

စစ်ကောင်စီဖွင့်လှစ်သည့် ဖလမ်းမြို့ပေါ်ရှိကျောင်းများမှလွဲ၍ ဖလမ်းမြို့နယ်ရှိကျောင်းများ ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲ့ခြင်းများကို  NUG အစိုးရနှင့် ချိတ်ဆက်ကာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပညာရေးဌာန နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ကျေးရွာတွင် ပညာသင်ကြားပေးနေကြသော သင်ကြားရေး ဆရာ/မများနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့မှု လုပ်ဆောင်နိုင်ခြင်းမရှိသေးဘဲ စေတနာအရင်းခံ၍သာ သင်ကြားပေးနေကြခြင်းဖြစ်ပါသည်။ သင်ကြားရေး ဆရာ/မများအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းများကိုလည်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပညာရေးဌာန နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် (၅) ကြိမ် ခန့် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ဆက်လက်လုပ်ဆောင်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက် ရှိကြပါသည်။

မင်းတပ်မြို့နယ် (Mindat township)

မင်းတပ်(Mindat) မြို့နယ်သည် CDF-Mindat ကို ဖွဲ့စည်းကာ အကြမ်းဖက်စစ်တပ် ကို ပထမဦးဆုံးလက်နက်ကိုင် တွန်းလှန်ခုခံတိုက်ခိုက်ခဲ့သည့် မြို့နယ်ဖြစ်သည်။ မြို့ပေါ်နေ ပြည်သူအားလုံးလည်း နေအိမ်အသီးသီးကိုစွန့်၍ စစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရသော်လည်း နောက်ပိုင်းတွင် ကျေးလက်ဒေသဖက်ရှိစစ်ဘေးရှောင်စခန်းများတွင် အထောက်အပံ့များ ရရှိနိုင်မှုမရှိ၍ စားနပ်ရိက္ခာများပြတ်တောက်လာခြင်း ကြောင့်  မြို့ထဲသို့ပြန်လည်ဝင်ရောက် နေထိုင်သူ အချို့ ရှိလာခဲ့သည်။ ၂၀၂၂-၂၃ ပညာသင်နှစ်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကြိုးစားလာသော စစ်ကောင်စီသည် နယ်မြေစိုးမိုးနိုင်မှုမရှိခြင်းကြောင့် ကျေးရွာအဆင့်တွင်ကျောင်းဖွင့်လှစ်မှုကို လုံးဝလုပ်ဆောင်နိုင်ခြင်း မရှိပေ။ မင်းတပ်မြို့ပေါ်တွင်လည်း အခြေခံပညာကျောင်း အချို့ကိုသာ ပြန်လည်ဖွင့်လှစ်နိုင်သည်။ စစ်ကောင်စီ ဖွင့်လှစ်သောကျောင်းတွင်လည်း မိမိလုံခြုံရေးအတွက် ကျောင်းအနီး ပတ်ဝန်းကျင်တွင်နေထိုင်သော ပြည်သူ အချို့၏ ကလေးများသာ တက်ရောက်ကြသည်။

မင်းတပ်မြို့နယ်တွင် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ခန့်မှ စတင်၍ ကျေးရွာပေါင်း ၁၃၆ ရွာတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ကျောင်းသား/သူ ဦးရေ ၆၂၈၂ ဦး ကို စနစ်သစ်သင်ရိုးဖြင့် သင်ကြားပေးကြောင်း နှင့် သင်ကြားရေးဆရာ/မ (စေတနာ့ဝန်ထမ်းအပါ) ၈၅၈ ဦး ဖြင့် သင်ကြားရေးကို စတင်လည်ပတ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပ.အ.ဖ – သတင်း၊ပြန်ကြားရေး နှင့် မှတ်တမ်းဌာနက ၎င်း၏ တရားဝင် facebook page တွင် ကြေငြာခဲ့သည်။ မင်းတပ်မြို့နယ်၏ ကျေးရွာများတွင် ၂၀၂၂-၂၃ ပညာသင်နှစ်တွင်လည်း မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့်သာ အခြေခံပညာကျောင်းများ ဆက်လက်ဖွင့်ထားဆဲဖြစ်သည်။

တွန်းဇံမြို့နယ် (Tonzang township)

၂၀၂၂-၂၃ ပညာသင်နှစ်အတွက် စစ်ကောင်စီသည် တွန်းဇံမြို့နယ်တွင် အခြေခံကျောင်း အများစုကို ပြန်လည်ဖွင့်လှစ်ထားသည်။ သို့သော် ကလေး-တမူး လမ်း အနီးအနားတွင် ပြည်သူ့ကာကွယ်ရေးတပ် နှင့် စစ်ကောင်စီတပ်ကြား မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားခြင်း ကြောင့် စစ်ကိုင်းတိုင်းနှင့်ထိစပ်နေသော ၎င်းဒေသဖက်ရှိ ကျေးရွာတချို့တွင်မူ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိပါ။

တီးတိန်မြို့နယ် (Tedim township)

စစ်ကောင်စီသည် တီးတိန်မြို့နယ်ရှိ ကျေးရွာအများစုတွင် အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်လျက်ရှိသည်။ သို့သော် အာဏာအပြည့်အဝသက်ရောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိခြင်း နှင့် လုံခြုံရေးအပြည့်အဝယူနိုင်ရန် မစွမ်းဆောင်နိုင်ခြင်းတို့ကြောင့် တီးတိန်မြို့ပေါ်တွင်မူ အခြေခံပညာ မူလတန်းကျောင်းအချို့ကိုသာ ဖွင့်လှစ်နိုင်ပြီး အလယ်တန်းကျောင်း နှင့် အထက်တန်းကျောင်းများကို ဖွင့်လှစ် နိုင်ခြင်းမရှိပေ။ ထို့အတူ စစ်ကောင်စီ၏ အာဏာသက်ရောက်နိုင်ခြင်းမရှိသည့် ကျေးရွာအချို့တွင်လည်း ကျောင်းများပြန်လည် ဖွင့်လှစ်ခြင်းမရှိပေ။ တီးတိန်မြို့ပေါ်နေ အချို့သောကျောင်းသားမိဘများသည် ကျီးခါးမြို့၊ တွန်းဇံမြို့ နှင့် ကလေးမြို့စသော ကျောင်းဖွင့်လှစ်ရာနေရာများသို့ မိမိသား/သမီးများကို ကျောင်းသွားရောက် အပ်နှံပြီး ကလေးများပညာသင်ကြားနိုင်ရေးကို လုပ်ဆောင်ကြသည်။

ပလက်ဝမြိုန့ယ် (Paletwa township)

စစ်ကောင်စီသည် ပလက်ဝမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့်ရှိကျောင်းများ အားလုံးကို ပြန်လည်ဖွင့်လှစ်သည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အာဏာသက်ရောက်မှုရှိသော အချို့ကျေးရွာများတွင်မူ အခြေခံပညာမူလတန်းကျောင်းများကို မြို့နယ်ပညာရေးဘုတ်အဖွဲ့ကသာ ဦးဆောင် ပြီး ဇူလိုင်လ (၁) ရက်နေ့မှ စတင်ဖွင့်လှစ်သည်။ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသည့် နေရာများစွာလည်း ရှိသည်။ မြို့နယ်ပညာရေးဘုတ်အဖွဲ့အနေဖြင့် ပြည်သူ့အခြေပြုကျောင်းပညာရေးစနစ်ကို ဖော်ဆောင်ပြီး ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၆၀) ကျော် နှင့် စစ်ဘေးရှောင်စခန်း (၁၀) နေရာတွင် မူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ထားနိုင်ပြီး ဆရာ/မ အင်အား (၁၆၀) ဦး ဖြင့် ကျောင်းသား/သူ စုစုပေါင်း (၅၀၀၀) ကျော် ကို ပညာပြန်လည်သင်ကြားနိုင်စေရေး ဆောင်ရွက်ထားနိုင်ပြီ ဖြစ်ကြောင်း ၎င်း၏ တရားဝင် facebook page ဖြစ်သော Paletwa Township Education Board တွင် ထုတ်ပြန်ကြေငြာထားသည်။

ပလက်ဝမြို့နယ်ရှိကျောင်းဆောင်(၁)ဆောင်ပုံ
ပလက်ဝမြို့နယ်ရှိကျောင်းဆောင်(၁)ဆောင်ပုံ

 

ပလက်ဝမြို့နယ် ကျေးရွာ (၁) ရွာရှိ ကျောင်းသူ/သား များပုံ
ပလက်ဝမြို့နယ် ကျေးရွာ (၁) ရွာရှိ ကျောင်းသူ/သား များပုံ

မှတ်ချက်။ ပလက်ဝမြို့နယ် နှင့်ဆိုင်သောပုံများသည် Paletwa Township Education Board ၏ facebook page မှ ပုံများကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။

 

မတူပီမြို့နယ် (Matupi township)

မတူပီမြို့နယ်တွင်လည်း စစ်ကောင်စီသည် ရာနှုန်းပြည့်ကျောင်းဖွင့်လှစ်နိုင်ရန် လုပ်ဆောင် နိုင်ခြင်းမရှိပေ။ မြို့ပေါ်ရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်ထားနိုင်ပြီး မြို့အနီးအနားကျေးရွာများရှိ ကျောင်းများကိုမူ ပြန်လည်ဖွင့်လှစ်ခြင်း မရှိပါ။

မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့သည်လည်း ပြည်သူ့အခြေပြု ကြားကာလ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပြီး အောင်မြင်စွာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ် မေလ (၁၀) ရက် မှ (၂၅) ရက်အထိ ၁၅ ရက်တာ ဆရာအတတ်သင် သင်တန်းကိုလည်း လုပ်ဆောင်နိုင်ခဲ့ပြီး သင်တန်းသူ/သား (၃၁၂) ဦး ကို အောင်မြင်စွာ သင်တန်းပေးနိုင်ခဲ့သည်။ ဇွန်လ (၁) ရက်နေ့မှစ၍ မတူပီမြို့နယ်အတွင်း ကျောင်းပေါင်း (၇၂) ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်ကြားရေး ဆရာ/မ အင်းအား (၆၇၂) ဦး ၏ သင်ကြားပေးမှုအောက်တွင် ကျောင်းသား/သူပေါင်း (၆၀၉၈) ဦး ပညာပြန်လည်သင်ယူ နိုင်အောင် လုပ်ဆောင်ထားနိုင်ကြောင်း မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဇူလိုင်လ (၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်။

မတူပီမြို့နယ် ဆရာ/မ အတတ်သင် ရက်တိုသင်တန်း ပြုလုပ်နေစဉ်
မတူပီမြို့နယ် ဆရာ/မ အတတ်သင် ရက်တိုသင်တန်း ပြုလုပ်နေစဉ် (Photo: Matupi Education Board facebook page)

ဟားခါးမြို့နယ် (Haka township)

ချင်းပြည်နယ်မြို့တော်တည်ရှိရာ  ဟားခါးမြို့နယ်တွင် အခြေခံပညာရေးကျောင်းပေါင်း (၉၄) ကျောင်းရှိကာ ကျောင်းသူကျောင်းသား စုစုပေါင်း (၁၄၅၃၇)ဦး ရှိသည်။ ဟားခါးမြို့နယ်တွင် လူဦးရေစုစုပေါင်း (၅၁၄၃၇) ရှိပြီး၊ အသက်(၁၅) နှစ်အထက်လူဦးရေ ၃၅၈၈၅ ရှီသည့်အနက် ပညာတတ်မြောက်ဦးရေ (၃၅၅၃၅) ရှိသည်။ ၎င်းမှာ ဟားခါးမြို့နယ်ရှိ အသက်(၁၅) နှစ်အထက် လူဦးရေ၏ ၉၉% ဖြစ်သည်ဟု ၂၀၂၀ ခုနှစ် ဟားခါးမြို့နယ် ဒေသဆိုင်ရာအချက်အလက် များ (မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးငှာန)၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဟားခါးမြို့ရှိ ကျောင်းပေါင်း(၉၂) ကျောင်းရှိသည့် အနက် စစ်ကောင်စီမှ အခြေခံပညာကျောင်း (၆) ကျောင်း ကို ပြန်လည်ဖွင့်လှစ်ထားသည်။ သို့သော် မြို့ပေါ်နေပြည်သူများထဲတွင် မိမိတို့ သား/သမီးတို့အား ကျောင်းအပ်နှံမှု မပြုလုပ်သော မိဘများလည်း အမြောက်အများ ရှိကြောင်း သိရှိရပါသည်။ ဟားခါးမြို့နယ် ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ဖယ်ဒရယ်ပညာရေးစနစ်ဖော်ဆောင်ကာ ကျောင်းသူကျောင်းသားပေါင်း (၆၀၀၀)ကျော်ကို ပညာသင်ကြားပေးလျက်ရှိကျောင်း မြို့နယ်ပညာရေးတာဝန်ရှိသူတဦး၏ ပြောကြားချက်အရ သိရသည်။

နိဂုံး

ဤသို့ဖြင့် ချင်းပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ်တွင် စစ်ကောင်စီမှ ဖွင့်လှစ်သော ကျောင်းများလည်း ရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာန နှင့် ချိတ်ဆက်ကာ မြို့နယ်အလိုက် ပညာရေးဘုတ်အဖွဲ့အသီးသီး၏ ဦးဆောင်မှုဖြင့်ဖွင့်လှစ်သောအခြေခံပညာကျောင်းလည်း များစွာရှိပါသည်။

မြို့နယ်တိုင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့တိုင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ချိတ်ဆက်ပြီး မြို့နယ်အသီးသီး၏ပညာရေးကန္ဍကို အဓိကဦးဆောင်ဦးညွှန့်ပြုသော အဖွဲ့အစည်းဖြစ်သည်။  စစ်ကောင်စီသည် လုံခြုံရေး အခြေအနေကို ထိန်းချုပ်နိုင်သည်ဟု ခံယူထားဟန်ရှိသည့်နေရာ အချို့တွင်သာ ကျောင်းဖွင့်နိုင်ခြင်းဖြစ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့၏ အာဏာသက်ရောက်မှုနှင့် ထိန်းချုပ်နိုင်မှုရှိသည့် နေရာများတွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့ အသီးသီး၏ ဦးဆောင်မှုဖြင့် ကျောင်းများဖွင့်လှစ်ကြခြင်းဖြစ်သည်။

စစ်ကောင်စီဖွင့်လှစ်သည့် မြို့ပေါ်ရှိ ကျောင်းတိုင်းတွင် စစ်ကောင်စီတပ်များက လုံခြုံရေးယူထားရပါသည်။  ကျောင်းသားမိဘအများစုသည် စစ်ကောင်စီ၏ လုပ်ဆောင်မှုများကို အားပေးထောက်ခံ အသိအမှတ်ပြုမှုသဘောမျိုးသက်ရောက်နိုင်သည် ဟူသော ခံယူချက်ဖြင့် စစ်ကောင်စီမှဖွင့်လှစ်သော ကျောင်းများသို့ကလေးများအားကျောင်းအပ်နှံမှုကို လုပ်ဆောင်လိုခြင်းမရှိကြပေ။ အချို့သော ကျောင်းသားမိဘများသည် Covid (19) မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ် ဧပြီလ ခန့် မှစ၍ ရပ်တန့်ခဲ့ရသော ကလေးများ၏ အနာဂတ်ပညာရေးအတွက် စိုးရိမ်စိတ်များရှိကြပြီး ကျောင်းဖွင့်လှစ်သည့် အဖွဲ့အစည်းကို ဦးစားပေးစဉ်းစားခြင်းမရှိဘဲ  ကလေးများပညာဆက်လက်သင်ကြားနိုင်ရေးကိုသာ အဓိကထားပြီး မိမိကလေးများကို ကျောင်းအပ်နှံကြသည်ဟု သိရပါသည်။

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းများသည် ဆရာ/မလစာ နှင့် အခြားသော ကျောင်းအသုံးစရိတ် များအတွက် အဆင်ပြေနေသော်လည်း မြို့နယ်ပညာရေးဘုတ်အဖွဲ့အသီးသီး၏ ဦးဆောင်မှုအောက်တွင် လူထုမှ ကိုယ့်အားကိုယ်ကိုးဖွင့်လှစ်သော ကျောင်းများတွင် လိုအပ်မှု၊ အဆင်မပြေမှုနှင့် စိန်ခေါ်မှုများစွားကို ကြုံတွေ့နေကြရပါသည်။ ချင်းပြည်နယ်ရှိ ပဍိပက္ခသင့်ကလေး များ၏ ပညာရေး အဆက်ပြတ်မသွားစေရန်အတွက် ပြည်တွင်းပြည်ပရှိအဖွဲ့အစည်းများ နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့၏ ကူညီလှူဒါန်းမှုများစွာ လိုအပ်လျက်ရှိပြီး လှူဒါန်းလိုသူများအနေဖြင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့အသီးသီးသို့ တိုက်ရိုက်ချိတ်ဆက်ကာ ကူညီလှူဒါန်းနိုင်ကြပါသည်။

မှတ်ချက်။ ဤဆောင်းပါးကို 2022 ခုနှစ်၊ စက်တင်ဘာလ၊ ၏ အချက်အလက်များ အပေါ်အေခြခံ၍ ရေးသားထားပါသည်။

ကိုးကားချက်များ

၁။ MIMU Township Profiles. (2020 January)  http://themimu.info/mimu-township-profiles

၂။ Chin World Media Facebook Page

၃။ မင်းတပ်မြို့နယ် ပအဖ-သတင်း၊ ပြန်ကြားရေး နှင့် မှတ်တမ်းဌာန Facebook page

၄။ စစ်ကောင်စီလက်အောက်ခံပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေငြာချက်များ

၅။ စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှု ကြေငြာချက်များ

၆။ Paletwa Township Education Board facebook page.

၇။ Matupi Education Board facebook page.

၈။ မြို့နယ် အထွေထွေအုပ်ချုပ်‌ရေးငှာန၊ ဟားခါးမြို့နယ်၊ ဒေသဆိုင်ရာအချက်လက်များ