January 18, 2023, Comment off

Victoria Camp ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် မေးခွန်းထုတ်စရာဖြစ်လာသော အိန္ဒိယဗဟိုအစိုးရ၏မူဝါဒသဘောထား

ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းတွင် စစ်ကောင်စီကချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်း မြန်မာ-အိန္ဒိယနယ်စပ်ရှိ CNF ဌာနချုပ် Camp Vactoria ကို ​တိုက်​လေယာဥ် ၅ စင်းဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၁၁ ရက်ညနေတွင်လည်း တိုက်​လေယာဥ် ၃ စင်းဖြင့် ထပ်မံ၍ ဗုံးကြဲတိုက်ခိုက်ခဲ့​သော်လည်း အ​ဆောက်အအုံအချို့သာ ပျက်စီးခဲ့ပြီး လူထိခိုက်ကျဆုံးမှု မရှိခဲ့​ပေ။

ထိုသို့ ဗုံးကြဲတိုက်ခိုက်စဥ် အိန္ဒိယ​လေပိုင်နက်အတွင်း ဖြတ်​ကျော်ဝင်​ရောက်ပျံသန်းခဲ့သလို ဗုံးတစ်လုံးမှာအိန္ဒိယနိုင်ငံဘက်ခြမ်းသို့ကျ​ရောက်ခဲ့​ကြောင်း မီဇိုရမ်ပြည်နယ်ဒေသခံအချို့က​ ပြောသည်။ သို့​​သော် ယ​နေ့အထိ အိန္ဒိယဗဟိုအစိုးရက ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာထုတ်​ဖော်​ပြောကြားမှုမျိုး မ​တွေ့ရ​သေး​ပေ။

လေတပ်ကနေ ပြည်သူ့ဘက်ကိုကူးပြောင်းလာသော CDM တပ်မတော်သားတွေက စကစ၏ ဤလေကြောင်းတိုက်ခိုက်မှုတွေမှာ အိန္ဒိယအစိုးရ ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း ယူဆကြသည်။

အိန္ဒိယဘက် ဗုံးကျသည်ဟု ယူဆသည့် နေရာ

“စစ်ဘက်လေယာဉ်က တကယ်တမ်းက နိုင်ငံတကာဥပဒေအရ လုံးဝကျော်လို့မရဘူး။ တကယ်လို့ ခရီးသည်တင်လေယာဉ်တွေတောင် အနည်းဆုံး ဆယ်ရက်၊ ဆယ့်ငါးရက်လောက် ခွင့်ပြုချက်တင်ပြီးမှ ဖြတ်သန်းလို့ရတာ၊ ဒါကျတော့ အိန္ဒိယလေပိုင်နက်ကိုပါ သုံးသွားတယ်ဆိုတာက အိန္ဒိယရဲ့ သဘောတူညီချက် ခွင့်ပြုချက်မရှိဘဲ မလုပ်ရဲလောက်ဘူး။” ဟု လေတပ် CDM တပ်ကြပ်ကြီး တစ်ဦးက ပြောဆိုသည်။

လေတပ်က CDM ဗိုလ်ကြီးဇေသူအောင်က အရင်ကလည်း တခြားအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်တို့၊ ထိုင်းတို့ဘက်ကို ဗုံးကျသွားခဲ့တဲ့ဖြစ်စဉ်တွေရှိပြီး အဲလိုအခြေအနေဆိုရင် အစိုးရချင်း ခေါ်ယူသတိပေးခံရတာတွေရှိသလို တပ်တွင်းမှာလည်း အရေးယူတာတွေ ရှိတယ်လို့ ပြောပါတယ်။

“နယ်စပ်မှာ တိုက်ကြပြီဆိုရင် တစ်ဘက်နိုင်ငံကို ကျော်သွားပြီဆိုရင် ချက်ချင်းသိတယ်။ သူတို့(အိန္ဒိယ)နိုင်ငံရဲ့ လေပိုင်နက်ထဲကို ကျော်ပြီး အချုပ်အခြာအာဏာကိုဝင်ပြီး တိုက်ခိုက်ရုံတင်မကဘူး ဗုံးတောင်ကျတာကို ဘာမှမပြောဘူးဆိုတာက သူတို့(အိန္ဒိယ)ခွင့်ပြုလို့သာ လုပ်လို့ရတာလို့ ယူဆလို့ရတယ်။ အခုအခြေအနေမှာ အိန္ဒိယဘက်က တကယ်လို့ ဖိအားပေးတာမျိုးရှိလာရင် တပ်တွင်းမှာ တစ်ယောက် နှစ်ယောက်လောက်ကို ရင်းပြီး အနားပေးတာမျိုး လုပ်ကောင်းလုပ်နိုင်တယ်။”

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိသည့် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ ဗဟိုကော်မတီဝင် ရဲဘော်ဇေယျ က မြန်မာစစ်တပ်ကို အားပေးအားမြှောက်မပြုဖို့ အိန္ဒိယအစိုးရကို တောင်းဆို  ရင်းအောက်ပါအတိုင်း ဆက်လက်ပြောဆိုသည်။

ဗုံးပေါက်ကွဲနေစဥ် အဝေးမှ တွေ့မြင်ရပုံ

“မြန်မာပြည်သူတွေ မြန်မာနိုင်ငံသားတွေရဲ့ သဘောဆန္ဒကို လေးစားသောအားဖြင့် မတရားအာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်ကို လူမိုက်အားပေးလုပ်တာမျိုးတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်။ နောက်ဒါမျိုးမဖြစ်ဖို့လည်း အလေးအနက် တောင်းဆိုချင်ပါတယ်။”

Fortify Rights အပြင် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ချင်းအဖွဲ့အစည်းတွေက အိန္ဒိယလေပိုင်နက်ထဲ စစ်ကောင်စီ တိုက်လေယာဉ်တွေ မဝင်နိုင်အောင်တားဆီးပြီး နယ်စပ်က အိန္ဒိယအရပ်သားတွေနဲ့ ချင်းတိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့အပြင် စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်အောင် ပါဝင်ကူညီဖို့လည်း အိန္ဒိယအစိုးရကို တိုက်တွန်းကြပါတယ်။

ချင်းရေးရာအဖွဲ့ချုပ် လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးဆန်က “လေကြောင်းက အိန္ဒိယနယ်နိမိတ်ထဲကိုလည်း ဖြတ်လာတယ်၊ အိန္ဒိယဘက်ကိုလည်း ဗုံးကျသွားတယ်။ အဲဒါကိုနယ်စပ်မှာတာဝန်ကျနေတဲ့ အိန္ဒိယနယ်ခြားစောင့်တပ် (Assam Rifles) ဒီအတိုင်း လက်ပိုက်ကြည့်နေတာတော့ လုံးဝအံ့ဩတယ်။ စာတစ်စောင်ထုတ်ဖို့တောင် အိန္ဒိယအစိုးရဘက်က ဘာမှ မလုပ်ပေးတဲ့ အခါကျတော့ လုံးဝအံ့ဩတယ်။ ဒုက္ခသည်တွေက ပြည်တွင်းမှာ မလုံခြုံတော့လို့ မီဇိုရမ်ဘက်မှာ နယ်စပ်ကရွာတွေမှာ လာခိုလှုံတာဖြစ်တယ်၊ အဲဒါကို အိန္ဒိယဘက်မှာ ဗုံးကျတာတောင် အိန္ဒိယအစိုးရက ဘာမှတုံ့ပြန်ဆောင်ရွက်မှု မရှိတော့ နယ်စပ်မှာ နေရတာ တကယ်ပဲ လုံခြုံမှုရှိရဲ့လားဆိုတာ ဒုက္ခသည်တွေ တော်တော်များများမှာ သံသယ ဖြစ်လာကြပြီ။”

စစ်တပ်အာဏာသိမ်းပြီးနောက် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးခိုလှုံနေကြရသော စစ်ဘေးရှောင်ဒုက္ခသည် ငါးသောင်းနီးပါးပြီး တစ်ဝက်လောက်က အိန္ဒိယ-မြန်မာနယ်စပ်မှာပင် ခိုလှုံနေကြရဆဲဖြစ်သည်။

ဗုံးကြောင့် မီးလောင်နေစဉ် မြင်ကွင်း

ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပလိုသဖြင့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်ပိုင်းက စစ်တပ်ကို ဆန့်ကျင်နေသော လက်နက်ကိုင်များ အင်အားချိနဲ့ပြီး ဆွေးနွေးပွဲ စကား၀ိုင်းဆီ ပြန်လည်ရောက်ရှိလာရေးအတွက် အင်အားအဆမတန်တိုးမြှင့် ဖိအားပေး တိုက်ခိုက်နေကြောင်း၊ တိုက်ခိုက်နေစဉ်မှာပင် တစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ထားသည်ဟု ကြေညာပြီး ဆန့်ကျင်နေသည့်အဖွဲ့များ အညံ့ခံလာစေရန် လုပ်ဆောင်လာခြင်းဖြစ်သည်ဟု စစ်တပ်သတင်းရင်းမြစ်များက ​ဆိုသည်။

“အမြစ်ဖြတ် မတိုက်နိုင်တာလည်း သိတယ်။ အခုဟာက NCA စကား၀ိုင်းကို ပြန်ရောက်လာအောင် အင်အားသုံးတာ။ ရွေးကောက်ပွဲကိုလည်း လက်ခံအောင် အရက်စက်ဆုံး နောက်ဆုံးနည်းထုတ်သုံးတာ” ဟု တပ်တွင်းသတင်းပေးက ပြောဆိုသည်။

CNF ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို လက်မခံဘဲ တော်လှန်နေသလို အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ပညာသင်ကြားပေးနေတာလည်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ဖွဲ့စည်းထားတဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ICNCC က သဘာပတိဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်က စစ်ကောင်စီက စစ်ရေးနည်းနဲ့ အာဏာရှင်တော်လှန်ရေးကို ဖိနှိပ်ဖို့ ကြိုးစားနေတာလို့ ပြောဆိုသည်။

“စစ်ရေးနည်းနဲ့ ဖိနှိပ်ဖို့ ဖြိုခွဲဖို့ ကြိုးစားနေတာပေ့ါ။ ချင်းမှမဟုတ်ဘူး တစ်နိုင်ငံလုံးမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆိုတာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို လက်မခံနိုင်လို့ အုံကြွတော်လှန်နေတာ။ အဲဒါကို စစ်ရေးနည်းလမ်းသုံးပြီး ဖြိုခွဲနေတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့လုပ်ရပ်မဟုတ်ဘူး။ အခုလိုအင်အားအသုံးပြုပြီး နိုင်ငံရေးအဖြေရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ဗုံးကြဲရန် ပျံသန်းလာသော တိုက်လေယာဥ်

စစ်ကောင်စီက လာမယ့် ဩဂုတ်လအတွင်း တစ်နိုင်ငံလုံးအနှံ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြသလို ပြည်သူတွေ ပူးပေါင်းပါဝင်မှု မလုပ်ကြဖို့ကိုလည်း ၄င်းက တိုက်တွန်းထားသည်။

အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်အခြေစိုက် ချင်းလူမှုရေးအသင်း CAM က အမှုဆောင်ညွှန်ကြားရေးမှူး ဇိုသုန်းမှုန်က “ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက ချိုးဖောက်လိုက်တာဖြစ်လို့ အိန္ဒိယအနေနဲ့ အရေးယူဆောင်ရွက်သင့်တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို စကစ က ချိုးဖောက်လိုက်တယ်။ ဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်စဲရမယ်လို့ ဖော်ပြထားတယ်။ ဒီဟာကို ချိုးဖောက်တဲ့အတွက် အိန္ဒိယအနေနဲ့ စကစ ကိုခေါ်ပြီး ပြောသင့်တယ်။ ရှုတ်ချတာတစ်ခုတည်းမဟုတ်ဘဲ နောက်နောင်မှာလည်း ဒီလိုမလုပ်ဖို့ အိန္ဒိယအနေနဲ့ ပြောသင့်တယ်။ အိန္ဒိယက ကမ္ဘာမှာ ဒီမိုကရေစီအကြီးဆုံးနိုင်ငံဖြစ်တယ်။ ကျွန်တော်တို့တိုက်ပွဲဝင်နေတာက ဒီမိုကရေစီအတွက်။ ဆိုတော့ အိန္ဒိယအနေနဲ့ ပြည်သူဘက်မှာ ရပ်တည်ပြီး ဒီမိုကရေစီဘက်မှာ ပြတ်ပြတ်သားသားရပ်တည်သင့်တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ထိုသို့စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အိန္ဒိယလေပိုင်နက်ထဲကို ပျံသန်းလာပြီး အိန္ဒိယပိုက်နက်နယ်မြေထဲကို ဗုံးနှစ်ကြိမ်ကြဲချခဲ့သည့် လုပ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယပြည်ထဲရေးဝန်ကြီးထံသို့ စာရေးသားတင်ပြသွားမည်ဟု မီဇိုရမ်ပြည်နယ်က အင်အားကြီး အရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့ကပြောဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်ထဲက အင်အားကြီးအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့ဖြစ်သည့် Central Young Mizo Association (CYMA), Mizo Upa Pawl(MUP), Mizo Hmeichhia Insuihkhawm Pawl(MHIP), Mizo Zirlai Pawl(MZP) နှင့် Mizo Student Union (MSU) တို့မှခေါင်းဆောင်များသည် ဇန်နဝါရီလ ၁၃ ရက်နေ့က CYMA ရုံးတွင် တွေ့ဆုံခဲ့ကြပြီး စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကာ အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ၎င်းတို့၏ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

“မြန်မာစစ်တပ်က အိန္ဒိယလေပိုင်နက်ထဲကို ပျံသန်းလာပြီး အိန္ဒိယပိုင်နက်နယ်မြေထဲမှာ ဗုံး ၂ ကြိမ်လာကြဲချတာဟာ အိန္ဒိယရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးကိုခြိမ်းခြောက်လာတာဖြစ်ပြီး ယင်းအတွက်စိုးရိမ်မကင်းဖြစ်ရပြီး ပြင်းထန်စွာကန့်ကွက်သည်’’ ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယအစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်သင့်ကြောင်း Fortify Rights အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောဆိုသည်။

မကြာသေးခင်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိုင်းနိုင်ငံလေပိုင်နက်တွေထဲကို စစ်ကောင်စီလေတပ်က ကျူးကျော်ဝင်ရောက်ခဲ့တာမျိုး ရှိသည်ဟုဆိုသည်။

ဗုံးကြောင့် မီးလောင်နေစဉ် မြင်ကွင်း

၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို စစ်ကောင်စီလေတပ်က ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ပုပ်ဖရာ့မြို့နယ် ထိုင်းလေပိုင်နက်ထဲကို စစ်ကောင်စီရဲ့  MiG-29 တိုက်လေယာဉ်တစ်စီး ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း  Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ‌ဖော်ပြထားသည်ကို သိရှိရသည်။ အလားတူ လွန်ခဲ့သောနှစ် ၂၀၁၅ မတ်လအတွင်းကလည်း တရုတ်နိုင်ငံနယ်နိမိတ်အတွင်း ယူနန်ပြည်နယ်၊ Lincang မြို့နယ် ကြံခင်းတစ်ခုထဲသို့  မြန်မာစစ်တပ်လေယာဥ်က ပစ်ခတ်သော ဗုံတစ်လုံး ကျရောက်ပေါက်ကွဲကာ ဒေသခံတရုတ်ပြည်သူ ၄ ဦးထိခိုက်သေဆုံးခဲ့ရပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရုတ်နိုင်ငံ တရားဝင်သတင်းအေဂျင်စီဖြစ်သည့် Xinhua က ဆိုသည်။

ဆိုခဲ့ပါ အိမ်နီးခြင်းနိုင်ငံများအတွင်း စစ်လေယာဥ်များ ကျူးကျော်ဝင်ရောက်ပျံသန်းခြင်း၊ ဗုံးများကျရောက်ပေါက်ကွဲခြင်းနှင့် အသက်အိုးအိမ်စည်းစိမ်များထိခိုက်ပျက်စီးခြင်းတို့အပေါ် သက်ဆိုင်နိုင်ငံများက အချိန်နှင့်တပြေးညီ အရေးယူဆောင်ရွက်ခဲ့ကြသော သာဓကများလည်း ရှိခဲ့သည်။ မြန်မာနယ်စပ်သို့ တိုက်လေယာဥ်များ ပျံဝဲကာ လုံခြုံရေးယူခြင်း၊ မြန်မာသံအမတ်ကို ချက်ချင်းဆင့်ခေါ်ကာ သတိပေးပြောဆိုခြင်း၊ အာစီယံနှင့် ကုလသမဂ္ဂစသည့်အဖွဲ့အစည်းများသို့ အသိပေးတိုင်ကြားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ သို့သော် ယခုဖြစ်စဥ်တွင် အိန္ဒိယဗဟိုအစိုးရကမူ ယခုအချိန်ထိ ကန့်ကွက်ခြင်း၊ စာထုတ်ခြင်း၊ သတိပေးတိုင်ကြားခြင်း တစ်ခုမှ မလုပ်ဆောင်သည်မှာ  အံ့သြဖွယ် ဖြစ်နေပေသည်။ ထို့ကြောင့် အကြမ်းဘက်မြန်မာစစ်ကောင်စီအပေါ် အိန္ဒိယဗဟိုအစိုးရ၏ မူဝါဒသဘောထားမှာ မေးခွန်းထုတ်ချင်စရာပင် ဖြစ်နေပါတော့သည်။