February 1, 2023, Comment off

စစ်အာဏာသိမ်းမှု (၂) နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ အခြေအနေ

 

အကြမ်းဖက် ဖက်ဆစ်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါများက ၂၀၂၁ ဖေဖေါ်ဝါရီ (၁)ရက်တွင် ကျူးလွန်ခဲ့သည့် မတရားအာဏာသိမ်းမှုသည် ယနေ့တွင် (၂) နှစ် တင်းတင်းပြည့်ပြီဖြစ်သည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိကာစ တိုင်းပြည်သည် ၄င်းတို့ ပယောဂဖြင့် ဤ ၂နှစ်တာ ကာလအတွင်းမှာပင် အဖတ်ဆယ်မရသော အနေအထားသို့ ရောက်ရှိကာ အစစအရာရာ ပြိုလဲပျက်စီးခဲ့ပြီ ဖြစ်သည်။ ပြည်သူလူထု နိုင်ငံသူ နိုင်ငံသားတို့မှာ နယ်ချဲ့လက်အောက်နှင့် ဖက်ဆစ်လက်အောက်ကျရောက်ခဲ့စဥ်ကထက် အဆပေါင်းများစွာ ဆိုးရွားရက်စက်လူမဆန်မှုများစွာကို နေ့စဥ်နှင့်အမျှ ကြုံတွေ့ခံစားနေကြရသည်။

စစ်ကိုင်း၊ မကွေး စသောအညာဒေသတစ်ခွင်၊ ကချင်၊ ကရင်၊ ကယား၊ ချင်းစသော တိုင်းရင်းသားလက်နက်ကိုင်ဒေသများမှာ စစ်ကောင်စီက စစ်ကြောင်းထိုးကာ ရွာမီးရှို့ခြင်း၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်း၊ အဓမ္မပေါ်တာဆွဲခြင်းတို့ကို လူသားချင်းစာနာမှုကင်း မဲ့စွာဖြင့် ပေါ်ပေါ်တင်တင် ကျူးလွန်လျက်ရှိသည်။

အာဏာသိမ်းမှု ၂ နှစ်အတွင်း စစ်ဘေးဒုက္ခသည် သန်းနှင့်ချီတိုးလာခဲ့သည်။ စစ်အာဏာသိမ်းမှုကို လက်မခံသောလူငယ်များ၊ ဆန္ဒပြသပိတ်ခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးအရ ကျော်စောသူများစွာတို့မှာ လွတ်မြောက်နယ်မြေများ၊ အိမ်နီးချင်းထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသို့ ထွက်ပြေးခိုလှုံနေကြရသည်။ အချို့မှာ တတိယနိုင်ငံများသို့တိုင် ထွက်ပြေးကြရသည်။

နိုင်ငံအတွင်း နေရာအနှံ့အပြားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ နေ့စဥ်နှင့်အမျှ ဖြစ်ပွားနေသည်။ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့များ တိုးပွားလာသည်။ မြို့ပြကျေးရွာများတွင် ရာဇဝတ်မှုများ သိသိသာသာ ထူပြောလာခဲ့သည်။ ပဋိပက္ခအရပ်ရပ်ကြောင့် လူငယ်ထောင်ပေါင်းများစွာ သေကြေခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများ တိုးပွားလာခဲ့သည်။ တက်ကြွလှုပ်ရှားသူများသေဒဏ်ပေးခံရသည်။ထောင်ပေါင်းများစွာသော နေအိမ်တိုက်တာများ မီးရှို့ခံရသည်။ တောင်သူများ၏ သီးနှံစိုက်ခင်းများ ဖျက်ဆီးခံရသည်။

မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့သည် နိုင်ငံတကာနှင့် လေ့လာစောင့်ကြည့်သူများက လက်ခံထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ မတရားအာဏာသိမ်းမှုကျူးလွန်ခဲ့ပြီး တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာခဲ့သည်။ ပထမတစ်နှစ်ကို အာဏာထိန်းသည်ဟုဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ် ခြောက်လနှစ်ကြိမ် သက်တမ်းတိုးကာ  ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်လျှင် ၄င်းတို့ လက်ခံကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအရ ပေးထားသည့် အရေးပေါ်ကာလ သက်တမ်း ကုန်ဆုံးပြီဖြစ်သည်။

အရေးပေါ်သက်တမ်းကုန်ကာနီးတွင် မင်းအောင်လှိုင်သည် ၄င်းစိတ်ကြိုက် ရွေးကောက်ပွဲ ပုံစံတစ်ခုကို အလိမ်အညာမျိုးစုံဖြင့် အသက်သွင်းလာပြီး ရွေးကောက်ပွဲ အတုအယောင်တစ်ခုကို ဇွတ်အတင်း ကျင်းပပြုလုပ်ရန် ကြိုးပမ်းပြင်ဆင်လျက်ရှိသည်။ ထိုရွေးကောက်ပွဲဖြင့် နိုင်ငံတကာကို လှည့်စားရန် ကြံရွယ်လျက်ရှိသည်။ ၄င်း၏ သမ္မတဖြစ်ရေးအိပ်မက်ကို မရအရ ဆက်လက်အကောင်အထည် ဖော်မည်လည်းဖြစ်သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတစ်စုတို့ တိုင်းပြည်ကို အရေးပေါ်ကာလ ကြေညာကာ လက်နက်အားကိုးဖြင့် ခြယ်လှယ်ကြီးစိုးခဲ့သည့် ၂နှစ်တာကာလအတွင်း ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် တိုင်းပြည်အခြေအနေများကို စုစည်းဖော်ပြလိုက်ပါသည်။

နိုင်ငံရေးခေါင်းဆောင်များ-

သမ္မတကြီးဦးဝင်းမြင့် ထောင်ဒဏ်                                                      – ၁၂နှစ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်      – ၃၃နှစ်

ဖမ်းဆီးထားချိန်သေဆုံးသူ NLD ပါတီဝင်                                          – ၆၇ဦး

ဖမ်းဆီးမှုနှင့် သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူများ-

မတရားဖမ်းဆီးခံရသူ                                                                          – ၁၃၆၈၉ဦး

ကျဆုံးသူ                                                                                             – ၂၈၉၄ ဦး

သေဒဏ်ချမှတ်ခံရသူ                                                                          – ၁၄၃ ဦး

ဖမ်းဆီးခံရသောရိုဟင်ဂျာ                                                                   – ၂၈၂၅ဦး

သတ်ဖြတ်ခံရသောလူငယ်                                                                  – ၁၀၅၉ဦး

သတ်ဖြတ်ခံရသောအမျိုးသမီး                                                            – ၄၁၄ဦး

သေဆုံးခဲ့သည့်ကလေးငယ်                                                                 – ၂၇၄ဦး

ပြည်သူ့ဝန်ထမ်းများ-

သတ်ဖြတ်ခံရသော ကျန်းမာရေးဝန်ထမ်း                                            – ၈၃ဦး

သတ်ဖြတ်ခံရသော ပညာရေးဝန်ထမ်းများ                                          – ၃၃ဦး

ဖမ်းဆီးခံရသော ကျန်းမာရေးဝန်ထမ်းများ                                          – ၆၀၀ဦး

ဖမ်းဆီးခံရသော ပညာရေးဝန်ထမ်းများ                                               – ၂၁၈ဦး

နိုင်ငံအတွင်းဖြစ်ပွားသော တိုက်ပွဲများ-

ကရင်ပြည်နယ်အတွင်း                                                                        – ၇၅၆၈ကြိမ်

ကယားပြည်နယ်အတွင်း                                                                      – ၅၄၄ကြိမ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း                                                           – ၉၀၀ကြိမ်

ချင်းပြည်နယ်အတွင်း                                                                           – ၆၀၀ကြိမ်

နိုင်ငံတစ်ဝန်းတိုက်ပွဲ                                                                             – ၉၀၀၀ ကြိမ်

လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ                                          – ၄၆၀ဦး+

ပြည်သူများ၏အခြေအနေ-

စစ်ဘေးဒုက္ခသည်                                                                                 – ၂သန်း

မီးရှို့ခံရသောနေအိမ်                                                                              – ၃၅၀၀၀ခန့်

ကျောင်းပြင်ပရောက်ကလေးငယ်                                                         – ၇.၈သန်း

စစ်တမ်းများအရ လူဦးရေ ၂၂.၃ သန်း ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်ရှိနေပါသည်။

ဤအချက်လက်များကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီအား ICJ မှ ထိရောက်သော အရေးယူမှု လုပ်ဆောင်ရန်လုံလောက်နေပြီဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုက်အဝန်းများ အနေဖြင့် ထိရောက်သော အရေးယူမှု လုပ်ဆောင်နိုင်ရန် အဘက်ဘက်မှ ကူညီပေးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

(Data ကိုးကားချက်များ။    ။ ICA Data စုဆောင်းမှု၊ Burma Associated Press နှင့် ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၊ အခြားသော မီဒီယာဖော်ပြချက်များ)