Myanmar's dictators

February 1, 2023, Comment off

ဘယ်သူသေသေ ၊ ငတေမာလျှင် ပြီးသည့် နိုင်ငံရေး

 

Lalthlamuan (Salai) JK

နိဒါန်း

ယနေ့သည် ပြည်ထောင်စုသမိုင်းတစ်လျှောက်တွင် စစ်တပ်မှ အာဏာသိမ်းယူမှု ဒုတိယအကြိမ်၏ ဒုတိယနှစ်မြောက် မှတ်ကျောက်ဖြစ်သည်။ လွတ်လပ်ရေးလွန်ခေတ် ပြည်ထောင်စုဗမာနိုင်ငံတော် တည်ထောင်ခြင်းမှစ၍ ကွဲလွဲသောဝါဒ၊ လွဲမှားသောအုပ်ချုပ်မှုယန္ဒရား၊ တစ်ကိုယ်ကောင်းဆန်ယုတ်ညံ့သောမူနှင့် သိမ်ဖျင်းသောကိုယ်ကျင့်တရားများကြောင့် ပြည်တော်သာမျှော်တိုင်း‌ဝေးခဲ့ရသည်မှာ နှစ်ပေါင်းမနည်းလှတော့ပေ။ ပါတီစုံဒီမိုကရေစီစနစ်ကဲ့သို့ အသွင်ယူထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ထွက်ပေါ်လာသော ၂၀၁၁ အစိုးရသစ် မှ ၂၀၁၅ အစိုးရတိုင် “စည်းကမ်းပြည့်၀သော ကိုယ့်နည်းကိုယ့်ဟန် ဒီမိုကရေစီ” သည်လည်း မျှော်ရည်သောအနာဂတ်အတွက် ရောင်နီသန်းလာသည်ဟု ထင်မှတ်ဖွယ်ရှိခဲ့သော်လည်း ကြာရှည်မခံခဲ့ပါ။ အကြောင်းမှာ အနာကို ကုသည့် ဆေးမှားယွင်းနေသောကြောင့်ပင်ဖြစ်သည်။ ကုသသည့် ဆေးဆရာ ညံ့ဖျင်းသောကြောင့်လော၊ ဆေးဆရာ၏ ပယောဂကြောင့်လော?

မှားယွင်းသော သမိုင်းနှင့် စုဖွဲ့မှုအလွဲ

မည်သည့် သမိုင်းစာမျက်နှာတွင်မျှ သင်ကြားခြင်းမရှိခဲ့သည့် သမိုင်းအမှန်တရားတစ်ခုမှာ မိမိတို့ နိုင်ငံသည် ပြည်ထောင်များ စုဖွဲ့ကာ တစ်ညီတစ်ညွတ်တည်း ဖွဲ့စည်းထားသည့် ပြည်ထောင်စု မဟုတ်ခဲ့ပါ။ ၄င်းအပြင် မိမိတို့သည် ဗြိတိသျှအစိုးရ ကို မိမိတို့အင်အားဖြင့် တိုက်ထုတ်အနိုင်ယူခဲ့ပြီး လွတ်လပ်ရေးကို အရယူခဲ့ခြင်းမဟုတ်ခဲ့ပါ။ မိမိတို့ ပြည်ထောင်စု၏ ကျောထောက်နောက်ခံဖြစ်သော ပင်လုံစာချုပ်သည်ပင်လျှင် ယိုယွင်းချက်နှင့် လျို့ဝှက်ချက်များစွာ ရှိနေသေးသည်မှာ နိုင်ငံတော်၏ အားနည်းချက်တစ်ခု ဖြစ်ပေသည်။ နိုင်ငံတော်၏ အကျယ်အဝန်း၊ နယ်နမိတ်နှင့် ပြည်ထောင်များ သတ်မှတ်ရာတွင်လည်း အားနည်းချက်များစွာ ရှိနေခဲ့သည်မှာ ယနေ့ဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ ကျောထောက်နောက်ခံများ ဖြစ်သည်။

ပင်လုံစာချုပ်သည် အောင်ဆန်းမှ ဗြိတိသျှအစိုးရထံ ကိုယ်စားပြုကြောင်းသက်သေ တစ်ခုသာမျှ ဖြစ်ခဲ့သည်။ ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးအတွက် ဆွေး‌နွေးရာတွင် တောင်တန်းဒေသများအတွက် လွတ်လပ်ရေးတောင်းဆိုပေးခဲ့သော အောင်ဆန်းအား ကျေးဇူးတင်ထိုက်သော်လည်း တောင်တန်းဒေသများအား ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပါလျက် ကိုယ်စားပြုမှုကို မှားယွင်းစွာ ရယူခဲ့သည်မှာ အပြစ်ဖို့ဖွယ်ဖြစ်ပြန်သည်။

ထို့အပြင် လွတ်လပ်ရေးလွန်ခေတ်တွင် တစ်သီးတစ်ကွဲစွာ ဖြစ်နေခဲ့သော တိုင်းရင်းသားလူမျိုးများအား ထပ်မံခွဲထုတ်ခြင်း ၊ နယ်မြေနယ်နမိတ် သတ်မှတ်ရာတွင် ဘောင်ကျော်ခြင်း ၊ ကိုလိုနီမတိုင်မီခေတ်မှ တိုင်းရင်းသားများ ပိုင်ဆိုင်အုပ်စိုးခဲ့သည့် နယ်မြေများအား လုယူခွဲခြမ်းခြင်း စသည့် လုပ်ရပ်များကြောင့်လည်း တိုင်းရင်းသားများမှ မိမိတို့ နယ်မြေ ပြန်လည်ရယူရေး ထပ်မံကြိုးပမ်းရပြန်သည်။

ငတေမာရေး မူဝါဒ

နိုင်ငံတော်၏ အဓိက ပြဿနာအရင်းအမြစ်မှာ အုပ်ချုပ်သူများ၏ နိုင်ငံရေးဝါဒနှင့် အုပ်ချုပ်မှု မူ ဖြစ်သည်။ ပြည်ထောင်များ စုဖွဲ့ထားသော အမိနိုင်ငံတော်အတွက် အသုံးပြုခဲ့သော ဆိုရှယ်လစ်ဝါဒသည် မှားယွင်းသော ဝါဒတစ်ခုဖြစ်သည့်တိုင် ယနေ့ထိ အသုံးပြုနေကြဆဲဖြစ်သည်။ တိုင်းရင်းသားဟု သတ်မှတ်ခေါ်တွင်သည့် ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ကယား စသည့် ကွဲပြားခြားနား‌သော ဘာ‌သာစကား၊ ယဉ်ကျေးမှုအစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်ယုံကြည်မှုနှင့် ကြီးကျယ်ခမ်းနားသည့် သမိုင်းကြောင်းများ ပိုင်ဆိုင်ထားကြသူများအား အုပ်စုတစ်ခုအတွင်းသို့ နည်းမျိုးစုံ ပုံသွင်းရန် ကြိုးပမ်းခြင်းသည် မှားယွင်းသော နိုင်ငံရေးဝါဒ ဖြစ်ပေသည်။ ထိုမှားယွင်းသော ဝါဒအား လွဲမှားသော အုပ်ချုပ်မှု မူ ဖြင့် ထပ်ပေါင်းလိုက်သော် ရှင်ကြီးကျားထက်ဆိုး ဖြစ်ကုန်တော့သည်။

နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းမည့်အစား နိုင်ငံတော်၏ လုံခြုံရေးကို အကြောင်းပြုလျက် အုပ်စုတစ်စု၏ အာဏာတည်မြဲ‌ရေးအတွက်သာ အစဉ်တစိုက် ကြိုးပမ်းကြသူများကြောင့် နိုင်ငံတော်၏ ပြဿနာမှာ ပိုမိုကြီးထွား လာရခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်အား ပြင်ပရန်မှ ကာကွယ်ပေးရမည့် တာဝန်ရှိသည်။ သို့သော် ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက်စွပ်ဖက်မှု မရှိစေရဟူသည့် တပ်မတော်သားများ လိုက်နာကျင့်သုံးရမည့် ဥပဒေအား အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်တွင် ထည့်သွင်းခြင်း မရှိခဲ့ဟန်တူသည်။ အဘယ်အကြောင်းကြောင့် တပ်မတော်သည် နိုင်ငံရေးတွင် ဝင်ရောက်စွပ်ဖက်ခဲ့ပါမူ တပ်မတော်အတွင်းတွင်လည်း အာဏာတည်မြဲမှုနှင့် အာဏာရရှိရေးသည် အုပ်စုတစ်ခုအတွက်သာ ဖြစ်နေသည်မှာ လွန်စွာမှ မှားယွင်းသော ပြဿနာ ဖြစ်ပေသည်။

ဌာနေတိုင်းရင်းသား အခွင့်အရေးနှင့် ငပေငတေများ၏ ပယောဂ

မိမိတို့ နိုင်ငံတော်တွင် တိုင်းရင်းသားနှင့် တိုင်းတစ်ပါးသားဟူ၍ နိုင်ငံသား နှစ်မျိုးနှစ်စားသာရှိသည်။ ဌာနေတိုင်းရင်းသားများ၏ တန်းတူညီမျှရေးနှင့်ပတ်သက်၍ အောင်ဆန်းနှုတ်ထွက်ဟု ဆိုစမှတ်ပြုခဲ့ကြသည့် စကားတစ်ခွန် မှာ “ဗမာ တစ်ကျပ် ရရင် ၊ ချင်း တစ်ကျပ်ရမယ်” ဟူ၏။ သို့သော် ဗမာတိုင်းရင်းသားများ၏ ဘာသာစကားသည် ဘုံဘာသာစကား၊ ရုံးသုံးဘာသာစကား၊ လုပ်ငန်းသုံးဘာသာစကား ဖြစ်ရမည်ဟု ဌာနေတိုင်းရင်းသားအားလုံးမှ သဘောတူလက်မှတ်ထိုးထားခြင်းအလျင်း မရှိခဲ့ပါ။ ထိုနည်းတူစွာ ဗမာတိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု၊ ရိုးရာအကနှင့် ထုံးတမ်းဓလေ့များသည် နိုင်ငံတော် ကိုယ်စားပြုဖြစ်ရမည်ဟု သတ်မှတ်ချက်မရှိပါ။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်၏ ဘာသာဖြစ်ရမည်ဟု မဲဆွယ်စည်းရုံးပြီး အနိုင်ရခဲ့ခြင်းမှာ ကိုလိုနီစနစ်မှ လိုက်ပါလာသည့် ခရစ်ယာန်ယဉ်ကျေးမှုအား ဌာနေတိုင်းရင်းသားများမှ မျက်မုန်းကျိုးနေသေးသည့်အတွက်ကြောင့်သာဖြစ်သည်။ နိုင်ငံတော်၏ ဘာသာ ဖြစ်ရမည်ဟု သတ်မှတ်ခြင်းမရှိပါ။

သို့တစေ ပြည်ထောင်စု မပြိုကွဲရေးကို အကြောင်းပြုလျက် တစ်သွေး၊ တစ်သား၊ တစ်ပြည်ထောင် စနစ် ပေါ်ပေါက်လာစေရန် ဗမာမဟုတ်သော အခြားတိုင်းရင်းသားများ၏ ရပိုင်ခွင့်များအား ပိတ်ဆို့ဟန့်တားထားသည့် မူဝါဒများနှင့် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေးသည်လည်း စစ်တပ်ခေါင်းဆောင် ငတေများ၏ အခွင့်ထူးဟု သတ်မှတ်လိုက်ကြသည်မှာ နိုင်ငံတော်အား ချောက်ကမ်းပါးမှ တွန်းချခြင်းသာဖြစ်သည်။

နိဂုံး

အချုပ်အားဖြင့်ဆိုရသော် အမိတို့၏ ပြည်ထောင်စုသည် ပြည်ထောင်များ တစ်ညီတစ်ညွတ်တည်း ထွန်းကားပြီး မနုဿဘုံ ဖြစ်မှသာလျှင် အဓွန့်ရှည်သော ဖက်ဒရယ် ဒီမိုကရေစီနှင့် ထာဝရငြိမ်းချမ်းနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုရာတွင် ဗမာတိုင်းရင်းသားများ၏ ဘာသာစကား ၊ ကိုးကွယ်ယုံကြည်မှုနှင့် ယာဉ်ကျေးမှုများအား တိုက်ထုတ်ရမည်ဟု မဆိုလိုပေ။ ဗမာတိုင်းရင်းသား မဟုတ်သော အခြားတိုင်းရင်းသားများ၏ တစ်ကျပ်တန်အခွင့်အရေးအား တန်းတူရရှိရေး အတူတကွ ကြိုးပမ်းရမည်ဖြစ်သည်။ ထို့အပြင် အုပ်ချုပ်မှုယန္ဒရားသည် အုပ်စုတစ်စု၏ လက်ဝယ်မှ အပြီးတိုင် ဆွဲထုတ်ပြီး အချုပ်အချာအာဏာသည် ဌာနေတိုင်းရင်းသားများအားလုံး၏ လက်ဝယ်တွင် ရောက်ရှိမှသာ နိုင်ငံတော် ထွန်းကားနိုင်မည်ဖြစ်သည်။