February 20, 2023, Comment off

(၇၅)နှစ်ပြည့် ချင်းအမျိုးသားနေ့ ချင်းရေးရာအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်

၁။ နှစ်စဥ် ဖေဖော်ဝါရီလ (၂၀) တွင် ကျရောက်သော ချင်းအမျိုးသားနေ့သည် ယခုနှစ် ၂၀၂၃ခုနှစ်တွင် (၇၅)နှစ် (စိန်ရတု) ပြည့်‌မြောက်ပြီဖြစ်ပါသည်။ ထိုသို့ စိန်ရတုတိုင်အောင် ပြည့်‌မြောက်ရာလမ်းခရီးမှာ ခက်ခဲကြမ်းတမ်းလှပါသည်။

၂။ ချင်းအမျိုးသားနေ့ (ဖေဖော်ဝါရီလ (၂၀)) ၏ သမိုင်းကြောင်းအကျဥ်းကို ဖော်ပြအပ်ပါသည်။

  • ၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)တွင် မေမြို့၊ အင်္ဂလိပ်စစ်တပ်၌ တာဝန်ထမ်းဆောင်သည့် ချင်းအမျိုးသားများဖွဲ့စည်းထားတဲ့ ချင်းအမျိုးသားပညာရေးမြှင့်တင်ရေးအဖွဲ့ ပေါ်ပေါက်သည့် နေ့ဖြစ် ပါသည်။
  • ၁၉၂၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်တွင် မင်းတပ်မြို့နယ်၊ လှိယုံးရွာ၌ ချင်းအမျိုးသားများ၏ ပထမဦးဆုံးသောနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ချင်းတောင်ညီညွတ်ရေးအဖွဲ့ ပေါ်ပေါက်သည့် နေ့ဖြစ်ပါသည်။ (၎င်းအဖွဲ့ကို ၁၉၃၃ ခုနှစ်၊ မတ်လ(၂၄-၂၅)ရက်၊ မသုံနူးရွာ (မင်းတပ်မြို့နယ်) ညီလာခံမှ ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့ဟု ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။)
  • ၁၉၃၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်တွင် ချင်းအမျိုးသားညီညွတ်ရေးအဖွဲ့(ခမညဖ)၏ တောင်းဆိုချက် (၉)ချက်နှင့်ပါတ်သက်၍ အင်္ဂလိပ်အစိုးရကိုယ်စားလှယ်များနှင့် ခမညဖဦးစီးသည့် ချင်းလူထုသုံးထောင်ကျော်၊ ကန်ပက်လက်မြို့တွင် တွေ့ဆုံကျင်းပသည့်နေ့၊ တောင်းဆိုချက်(၉)ချက်ကို အင်္ဂလိပ်အစိုးရမှ တစ်ခုမျှမလိုက်လျောနိုင်ကြောင်း ကြေငြာချိန်တွင် ချင်းလူထုမှ သပိတ်မှောက်ကာ မောင်းထုတ်သည့်နေ့ဖြစ်ပါသည်။
  • ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်တွင် အင်္ဂလိပ်အစိုးရသည် ခမညဖကို မတရားအသင်းအဖြစ် ကြေငြာပြီး ခမညဖခေါင်းဆောင်(၉)ဦးကို စတင်ဖမ်းဆီးသည့်နေ့ဖြစ်ပါသည်။
  • ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်တွင် ဖလမ်းမြို့၌ ကျင်းပသော ချင်းဝိသေသတိုင်းလုံးဆိုင်ရာ ညီလာခံတွင် ပြည်သူလူထု (၅၀၀၀)ကျော် တက်ရောက်ကာ တိုက်သူကြီးအုပ်ချုပ်မှုစနစ်မှ ပြည်သူလူထုရွေးချယ်သော ဒီမိုက‌ရေစီစနစ်သို့ ပြောင်းလဲရန် ကန့်ကွပ်မဲ (၁၇)မဲ၊ ထောက်ခံမဲ (၅၀၀၀)ကျော်နှင့် ဒီမိုကရေစီစနစ်မွေးဖွားသောနေ့ပင်ဖြစ်ပါသည်။
  • ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့၊ ရန်ကုန်မြို့၌ ချင်းရေးရာကောင်စီမှ ကျင်းပသည့် ချင်းအမျိုးသားနေ့ သတ်မှတ်ရေးအစည်းအဝေးတွင် အထက်ပါတင်ပြသော သမိုင်းနောက်ခံ များနှင့်အတူ တိုက်ဆိုင်မှုများ ထူထပ်လှသည့် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကို ရွေးချယ်ကြပြီး၊ ဖလမ်းမြို့ ပြည်သူလူထုညီလာခံတွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် စတင်ကျင့်သုံးရန် ဆုံးဖြတ်သည့်နေ့ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို သတ်မှတ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ကြပါသည်။

၃။ အထက်ပါသမိုင်းကြောင်းများစွာနှင့် ပေါ်ပေါက်လာသော ချင်းအမျိုးသားများ၏ နေ့ထူးနေ့မြတ်ဖြစ်သော ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သည်မှာ ယခု စစ်ကောင်စီ၏ အာဏာသိမ်းခြင်းသည် ဒုတိယအကြိမ်ဖြစ်ပါသည်။ ယခင် အာဏာရှင်များ လက်ထက်၌လည်း ဆယ်စုနှစ်များစွာ ယခုအလားတူပင် ကျင်းပခွင့်မရခဲ့ပေ။

၄။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်ပြည့် စိန်ရတု ချင်းအမျိုးသားနေ့ကို အနက်အဓိပ္ပာယ်ပြည့်ဝစွာ မိမိတို့ရောက်ရှိရာ အရပ်ဒေသ၌ ချင်းအမျိုးသားများအားလုံး ဆင်နွဲနိုင်ကြပါရန် ချင်းရေးရာအဖွဲ့ချုပ်မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ (၇၅)နှစ်ပြည်မှစ၍ ချင်းပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်းရှိ ပြည်သူများအားလုံး လိုအင်ဆန္ဒပြည့်ဝကာ စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီစနစ်၊ ကိုယ့်ကြံမ္မာကိုယ် ဖန်တီးခွင့်နှင့် ချင်းအမျိုးသား တည်ဆောက်ရေးမျာကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ထပ်မံ၍ တောင်းဆု‌ခြွေအပ်ပါသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဒေသအသီးသီးမှ ချင်းအမျိုးသားခေါင်းဆောင်များ တွေ့ဆုံပြီး ချင်းလူမျိုးများ၏ အနာဂတ် ဦးတည်ချက်အတွက် စည်းလုံးညီညွတ်စွာ ဆုံးဖြတ်ချက်ချခဲ့ကြသည့် အတိုင်း၊ ချင်းလူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများအားလုံး ချင်းလူမျိုးများ၏ အနာဂတ်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

 

ချင်းရေးရာအဖွဲ့ချုပ် (ICA)