March 5, 2023, Comment off

စစ်ကောင်စီ၏ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကြောင့် အရပ်ဘက်အဖွဲ့အစည်းများအကြပ်အတည်းတွေ့

 

 

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီမှ ဥပဒေအသစ်တစ်ခု လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေကို လေ့လာကြည့်ရာတွင် “၂၀၁၄ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” အား ဖျက်သိမ်းကာ ဥပဒေသစ်အဖြစ် အစားထိုးလိုက်ခြင်းသာဖြစ်သည်။

၂၀၁၄ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၌ “အသင်းအဖွဲ့အနေဖြင့် မိမိတို့ သဘောဆန္ဒအလျှောက် မှတ်ပုံတင်လိုပါက တင်နိုင်ပြီး မှတ်ပုံတင်ထားခြင်းမရှိသော်လည်း နိုင်ငံရေးနှင့် လူမှုရေး လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်သည်”ဟု အတိအလင်းဖော်ပြထားပါသည်။

ယခု စစ်ကောင်စီပြဋ္ဌာန်းလိုက်သော ဥပဒေတွင် နိုင်ငံ‌ရေးဆိုင်ရာလှုပ်ရှားမှုများတွက် သီးခြားတည်ဆဲဥပဒေအနေဖြင့် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ လူမှုရေးအသင်းအဖွဲ့အနေဖြင့်လည်း နိုင်ငံရေး၊ ဘာသာရေးများနှင့် ဆက်စပ်ပတ်သက်မှု မရှိ‌စေရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ထိုပြဌန်းချက်၏ ရည်ရွယ်ချက်၌ အသင်းအဖွဲ့များအနေဖြင့် အသင်းအဖွဲ့ရပ်တည်နိုင်ရေးအတွက် ထောက်ပံ့ငွေများကို ဥပဒေနှင့်အညီ စိစစ်နိုင်ရမည်ဟူ၍လည်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

ဤဥပဒေ၌ လူ (၅)ယောက်၊ (၅)ယောက်ထက်ကျော်လွန်၍ လူမှုရေးအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုခု ဖွဲ့စည်းမည်ဆိုပါက မဖြစ်မနေ မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားကာ မှတ်ပုံတင်ခြင်းမရှိပါက ဒဏ်ငွေ ကျပ် (၁၀)သိန်းဖြစ်စေ၊ ထောင်ဒဏ်(၃)နှစ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ မှတ်ပုံတင်သက်တမ်းကျော်လွန်ပါက ငွေဒဏ် ကျပ်(၅)သိန်းဖြစ်စေ၊ ထောင်ဒဏ် (၂)နှစ်ဖြစ်စေ ချမှတ်နိုင်သည်ဟူ၍လည်း ပါရှိသည်။

ထို့ပြင် အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းနှင့် လက်နက်ကိုင်ဆန့်ကျင်နေသောအသင်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း မပြုလုပ်ရန်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စသည်တို့ကို ထိခိုက်စေနိုင်သော လှုပ်ရှားမှုများ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်လှုပ်ရှားခြင်းတို့ကို ထောင်ဒဏ် (၅)နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း(၅၀)ဖြစ်စေ သို့မဟုတ် ဒဏ်(၂)ရပ်လုံးအပြင် ပိုင်ဆိုင်မှုများကို ပြည်သူပိုင်အဖြစ် သိမ်းယူအရေးယူနိုင်သည်ဟုဆိုသည်။

ယခု စစ်ကောင်စီပြဋ္ဌာန်းသော ဥပဒေသည် “၂၀၁၄ခုနှစ် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” ကိုအစားထိုးလိုက်ခြင်းဖြစ်သော်လည်း ချုပ်ချယ်ကန့်သတ်မှု ပိုမိုထည့်သွင်းလာပြီး ထောင်ဒဏ်၊ ငွေဒဏ်များကို ချမှတ်နိုင်သည့်အတွက် အသင်းအဖွဲ့များအနေဖြင့် လွတ်လပ်စွာရပ်တည်ရေး၊ လှုပ်ရှားဆောင်ရွက်မှုများ၌ အကန့်အသတ်ပိုမိုများပြားလာကာ အထူးသတိပြု လှုပ်ရှားမှသာ အဆင်ပြေမည်ဖြစ်သည်။

ဤပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့ဝင် ဥပဒေကျောင်းသားတစ်ဦးမှ “ဒါဟာ တော်လှန်ရေးကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ နိုင်ငံရေးအားပြိုင်မှုနဲ့ စစ်ရေးအားပြိုင်မှုဆိုတဲ့အနေအထားမှာ စစ်ကောင်စီက သူတို့ကို ယှဥ်ပြိုင်နေတဲ့ တော်လှန်ရေးအဖွဲ့များ (NUG, PDF)များကို ပြည်သူများနေဖြင့် ထောက်ပံ့မှုလျော့ကျစေရန်၊ ထောက်ပံ့ရာမှာ မဝံ့မရဲဖြစ်စေရန်၊ နောက်ထပ် တော်လှန်ရေးအဖွဲ့ မပေါ်ပေါက်စေရန် ပြည်သူများကို ခြောက်လှန့်လိုတာက တစ်ကြောင်း၊ တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့နေတယ်လို့ သံသယရှိသော အဖွဲ့အစည်းများကို အလွယ်တကူ အရေးယူနိုင်ရန်နှင့် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရန် စစ်ကောင်စီက သူတို့ဘက်ကိုသူတို့ ကြိုတင်ကာကွယ်ထားတဲ့သဘောပါ” ဟူ၍ သုံးသပ်ပြောဆိုသည်။

“ဤပြဋ္ဌာန်းချက်ကြောင့် လူမှုကူညီရေးအသင်းများအနေဖြင့် အရင်ကာလနှင့် မတူညီတဲ့အတွက်ကြောင့် ဘာပဲလုပ်လုပ် ထိလွယ်ရှလွယ်ရှိနေတဲ့အနေအထားဆိုတော့ လုပ်ရကိုင်ရတာ မလွတ်လပ်ဘူး၊ သေချာသတိထားပြီးလုပ်နေရတယ်” ဟု ချင်းပြည်နယ်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တစ်ခုမှ  အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီက ပြည်သူလူထုအပေါ် ၎င်းတို့အလိုကျ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများကို  စိတ်တိုင်းကျ ပြုမူနိုင်ဖို့အတွက် ဥပဒေများကို အတည်ပြုပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းများစသည်တို့ကို တိုး၍ လုပ်ဆောင်နေသည်မှာ ထင်ရှားသည်။