March 24, 2023, Comment off

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီမှ ဦးဆောင်ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများနှင့် ချင်းပြည်နယ်အပေါ်သက်ရောက်မှုများ

 

Salai Loyal

၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ

မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင် နိုင်ငံတဝန်း၌ ပြုလုပ်ကျင်းပခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လွှတ်တော်နေရာ ၄၆၇ နေရာအနက် ၃၉၆ နေရာကို အနိုင်ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီကမူ ၃၃ နေရာသာ အနိုင်ရရှိခဲ့သည်။  နေရာအများစုကို အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်သော အစိုးရသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် လွှတ်တော်အသစ်အတွက် အစည်းအဝေး စတင်နိုင်ရန်ပြင်ဆင်ခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကို လက်ခံနိုင်ခြင်းမရှိသည့် စစ်တပ်ကျောထောက်နောက်ခံပြုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုဝင်ဘာ ၉ရက်နေ့ မှစ၍ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်သည့်လုပ်ရပ်များ စတင်လုပ်ဆောင်လာသည်။ ရွေးကောက်ပွဲရလဒ်များကို ကြေငြာပြီးသည့် နိုင်ဝင်ဘာ (၉) ရက်နေ့တွင် ကြံ့ခိုင်ရေးပါတီသည် ရွေးကောက်ပွဲရလဒ်အတည်ပြုဖြည့်သွင်းသည့် ပုံစံ (၁၉) ကို လက်မှတ်ရေးထိုးခြင်း မပြုကြရန် နှင့် ကန့်ကွက်တောင်းဆိုကြရန် ပါတီအတွင်း အမိန့်ထုတ်ပြန်ခဲ့သည်။ (မြတ်သူရ (၁၀ နိုဝင်ဘာ ၂၀၂၀) မြန်မာတိုင်းမ်နေ့စဉ်)

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းရေတွက်နေမှု မြင်ကွင်း

ရွေးကောက်ပွဲရလဒ်အပေါ် စတင်ကန့်ကွက်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် (၂၃၇/၂၀၂၀) ဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များစာရင်းကို ကြေညာသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လှည်းကူးမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း လူ ၂၀ ဦး ခန့်ပါဝင်သည့် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်။ မဲပေးခွင့်ရှိသူ ဦးရေထက် မဲစာရင်းထုတ်ပြန်ရာတွင် (၁၀) သန်းကျော်ပိုများနေခြင်းနှင့် ကြိုတင်မဲပေးရာတွင် မလျှော်ကန်သောမဲပေးခြင်းများကို တွေ့ရှိခဲ့သည်ဟု တပ်မတော်ကဆိုကာ၊ ရွေးကောက်ပွဲကော်မရှင်သို့ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း ကော်မရှင်မှ တစုံတရာဆောင်ရွက်ခြင်းမရှိခြင်းကြောင့် ရွေးကောက်ပွဲရလဒ်သည် အမှန်အကန်မဟုတ်ကြောင်း တပ်မတော်က စတင်စွပ်စွဲမှုပြုလုပ်လာသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲတွင် တပ်မတော်က အာဏာမသိမ်းဘူးဟု ပြောနိုင်ပါသလား ဟူသော သတင်းထောက် တစ်ဦး၏ အမေးကို “မရပါဘူး။ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံပါအခြေခံဥပဒေအပါအဝင် တည်ဆဲ ဥပဒေများကို လိုက်နာသွားမှာဖြစ်တယ်” ဟု အာဏာသိမ်းမှုဖြစ်နိုင်ခြေအပေါ် စတင်ခြိမ်းခြောက် ပြောကြားခဲ့သည်။ (မင်းမင်း၊ Myanmar Now၊ ၂၆ ဇန်နဝါရီလ ၂၀၂၁) နိုင်ငံရေးလေ့လာသုံးသပ်သူ များစွာက စစ်တပ်အာဏာသိမ်းရန်မဖြစ်နိုင်ကြောင်း သုံးသပ်မှုများစွာရှိသော်လည်း မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို ထပ်မံသိမ်းယူခဲ့ပြန်သည်။

ကိုယ်တိုင်မဲထည့်ခဲ့သော်လည်း ပြန်လည်ကန့်ကွပ်ခဲ့သော စစ်ကောင်စီ

စစ်ကောင်စီမှ အာဏာသိမ်းယူခြင်း

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌမှစ၍ အဖွဲ့ဝင်အများအပြားကို ဖမ်းဆီးခဲ့ပြီးး စစ်ကောင်စီမှ ၎င်း၏ စိတ်ကြိုက်လူများကို ပြန်လည်အစားထိုးကာ ကော်မရှင်အသစ်ကို ပြန်လည်ဖွဲ့စည်းသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ရက်စွဲအမိန့်အမှတ်(၇/၂၀၂၁)အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အဖြစ် ဦးသိန်းစိုး ကိုရွေးချယ်ပြီး အဖွဲ့ဝင် ငါးဦးဖြင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့သစ် ဖွဲ့စည်းကြောင်း စစ်တပ်ပိုင် မြဝတီသတင်းစာတွင် ကြေငြာခဲ့သည်။ (မြဝတီ သတင်းစာ၊ ၂၀၂၂ ခုနှစ် ဩဂုတ် ၇ ရက်) ယင်းရွေးကောက်ပွဲကော်မရှင်သည် စစ်ကောင်စီကချမှတ်သော ရှေ့လုပ်ငန်းစဉ် ၅ ရပ်မှ လုပ်ငန်းစဉ် (၁) ဖြစ်သည့်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည ဟူသည့် အချက်ကို ဆောင်ရွက်ရန် ဖြစ်ကြောင်းလည်း ကြေညာချက်တွင်ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက် နေ့တွင် စစ်ကောင်စီမှပြန်လည်ဖွဲ့စည်းသည့် ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီမှ အထွေထွေရွေးကောင်ပွဲပြုလုပ်ရန် ကြိုးပမ်းခြင်း

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လ တွင် ပြုလုပ်နိုင်ရန် လျာထားကြောင်း ၎င်း၏ မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားလေ့ရှိသည်။ “နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုအပေါ်မူတည်၍ ၂၀၂၃ ခုနှစ် သြ ဂုတ်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ဟူ၍” ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရာရှိ၊ အရာခံတွေနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ (Eleven Media Group၊ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၄ ရက် အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲကျင်းပမှာလား) စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သည်လည်း ပါတီများ အစစ်အဆေးခံရေးအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် သွားရောက်တွေ့ဆုံရန် ကြေငြာချက်များ ထုတ်ပြန်ခဲ့သည်။ သွားရောက်တွေ့ဆုံ အစစ်အဆေး ခံယူသော ပါတီများ ရှိသကဲ့သို့ တွေ့ဆုံရန်အတွက် ငြင်းဆန်သော ပါတီများလည်း ရှိကြသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်ထုတ် စစ်တပ်ပိုင် မြဝတီသတင်းစာ၏ အယ်ဒီတာ့ အာဘော်တွင် ၂၀၂၁ ခုနှစ် သြဂုတ်လမှစပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးပြီးစီးခဲ့ပြီး စစ်ဆေးရန် ကျန်ပါတီများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ဥပဒေနှင့် ရွေးကောက်ပွဲစနစ် ဆိုင်ရာများကို ပြန်လည်သုံးသပ် နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ လေးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းကိုလည်း ဖော်ပြသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ် မရှိဘဲ မဲပေးသူ ၄ ဒသမ ၈ သန်းကျော် ရှိခဲ့သည့်အတွက် လာမည့် ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ များအနက် ၃-၅-၂၀၂၁ ရက်မှ ၃-၁၁-၂၀၂၂ ရက်အထိ ၁၈ လတာ ကာလသတ်မှတ်၍ အကျုံးဝင်သူဦးရေ ၃ ဒသမ ၄ သန်းကျော်အား ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး   ပန်းခင်းစီမံချက် ဟု အမည်ပေးကာ နိုင်ငံအဝန်း ဆောင်ရွက်လျက်ရှိရာ ၃ ဒသမ ၃ သန်းခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်းကြေညာခဲ့သည်။ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှလည်း   သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနများတွင် အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ(၆၆/၆)ကို အခြေခံပြုစုထားသည့် စာရင်းများနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဌာန၏ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ရှေ့ပြေးလုပ်ငန်း စီမံချက်အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရန် အတွက် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက်(Pilot Project)များကို မြို့နယ် ၂၉၈ မြို့နယ်၌ ဆောင်ရွက်ပြီးစီးခဲ့ပြီး ၁၄ မြို့နယ်တွင် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ကိုလည်း ကြေညာခဲ့သည်။

“တိုင်းဒေသကြီး/ပြည်နယ်အသီးသီးက မြို့နယ်ပေါင်း ၃၂၅ မြို့ နယ်အနက် နယ်မြေလုံခြုံရေးအခြေအနေအရ တိုက်ဆိုင်စစ်ဆေးမှုများကို မြို့နယ်တစ်ခုလုံးနှင့် တစ်ခုလုံးနီးပါး ဆောင်ရွက်နိုင်ခြင်းမပြုနိုင်တဲ့ မြို့နယ်များမှာ ကချင်ပြည်နယ်တွင် တစ်မြို့နယ်၊ ကယားပြည်နယ်တွင် နှစ်မြို့ နယ်၊ ကရင်ပြည်နယ်တွင် တစ်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ခုနစ်မြို့နယ်၊ မကွေးတိုင်းတွင် ခြောက်မြို့နယ်နဲ့ ရှမ်းပြည်နယ်တွင် သုံးမြို့နယ်တို့ဖြစ်ပြီး တိုက်ဆိုင်စစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်သွား မယ်” ဟု စစ်ကောင်စီလက်အောက်ခံ UEC က ဆိုသည်။(အရေးပေါ်ကာလပြီးရင် ရွေးကောက်ပွဲကျင်းပမှာလား၊ Eleven Media Group၊ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၄ ရက်)

ပါတီမှတ်ပုံတင်ခြင်းနှင့် ချင်းပြည်နယ်အပေါ် အကျိုးသက်ရောက်မှု

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် ပါတီမှတ်ပုံတင် ဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ကြရန်ရက်ကိုကန့်သတ်ထားသည်။ ထိုကြေညာချက်အပြီး ရက်ပေါင်း ၃၇ ရက်တွင်း ၁၄ ပါတီမှ မှတ်ပုံတင်ခွင့်လျှောက်ထားပြီးဖြစ်ကာ နောက်ထပ်ပါတီများအတွက်မှတ်ပုံတင်နိုင်ရန် ရက်ပေါင်း ၂၃ ရက်သာ ကျန်ရှိပါတော့သည်။ ပါတီမှတ်ပုံတင်လျှောက်ထားသော ပါတီများမှာ

၁။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ

၂။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)

၃။ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)

၄။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊

၅။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ

၆။ ဒီမိုကရေစီပါတီသစ်(ကချင်)

၇။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ

၈။ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ

၉။ အမျိုးသားဒီမိုကရေစီပါတီသစ်

၁၀။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ

၁၁။ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

၁၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

၁၃။ ရခိုင့်ဦးဆောင်ပါတီ

၁၄။ ပြည်သူ့အင်အားပါတီ

၁၅။ ဝံသာနုပါတီ

၁၆။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)

၁၇။ ဒီမိုကရက်တစ်ပါတီ

၁၈။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)

၁၉။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ

၂၀။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)]

၂၁။ လူထုပါတီ (The Party for People)

၂၂။ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ

၂၃။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)

၂၄။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

၂၅။ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)

၂၆။ မွန်ညီညွတ်ရေးပါတီ

၂၇။ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ

၂၈။ ပြည်သူ့အလုပ်သမားပါတီ

၂၉။ အာခါ အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ

၃၀။ ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)]

၃၁။ အမျိုးသားနိုင်ငံရေးဒီမိုကရေစီပါတီ [Democratic Party of National Politics (DNP)]၊

၃၂။ ရခိုင်အမျိုးသားပါတီ (Arakan National Party)

၃၃။ လူ့ဘောင်သစ်ပါတီ (NSP) (Myanmar National Post၊ ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်)

၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ စစ်ကောင်စီခန့်အပ်သော ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်မှု မြင်ကွင်း

ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၁ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၈ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ ပါတီ ၂၅ ပါတီဖြစ်၍ စုစုပေါင်း ၃၃ ပါတီ ရှိပြီဖြစ်ကြောင်းသိရသည်။ မှတ်ပုံတင်လျှောက်ထားပြီးသော ပါတီ စာရင်းတွင် လည်းကောင်း၊ လျှောက်ထားရန်ကျန်ရှိသော ပါတီစာရင်း ထုတ်ပြန်ချက်တွင် လည်ကောင်း ချင်းပြည်နယ်ကိုယ်စားပြု (သို့) ချင်းလူမျိုးကို ကိုယ်စားပြုသော ပါတီ ပါဝင်ခြင်း မရှိသေးသည်ကိုလည်း တွေ့ရသည်။

ယင်း ၃၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၈ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၅ ပါတီဖြစ်ပြီး၊ အဆိုပါပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားချက်အရ ချင်းပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ်အနက် ပလက်ဝမြို့နယ် တစ်ခုတည်း၌သာ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခြေအနေရှိကြောင်းတွေ့ရှိရသည်။ ကျန် (၈)မြို့နယ်တွင် မည်သည့်မြို့နယ်တွင်မျှ ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်လုပ်ဆောင် လှုပ်ရှားမှုမျိုးမတွေ့ရသေးပေ။ မဲစာရင်းများကောက်ယူခြင်း ကဲ့သို့သော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်မည့်အခြေအနေလည်း မရှိသေးပေ။ မြို့နယ်အလိုက် ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့များ အထိုက်အလျောက် အားကောင်းလျက်ရှိပြီး စစ်ကောင်စီ၏ဌာနဆိုင်ရာလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ဖြစ်နိုင်ခြေ အလွန်နည်းပါးနေသေးသည်။