June 11, 2023, Comment off

ဆိုင်ကလုန်းမိုခါ နှင့် ပြည်သူများ၏အခက်အခဲများ

 

မေလ ၁၄ ရက်နေ့တွင် အဆင့် ၅ ရှိသော မိုခါ(Mocha) မုန်တိုင်းသည် တစ်နာရီ လေတိုက်နှုန်း ၁၇၅ မိုင် (၂၈၀ km/h) ဖြင့်တိုက်ခဲ့သည်။ ကုန်းတွင်းပိုင်းအနီးသို့ ရောက်ချိန်တွင် အဆင့်-၄ မုန်တိုင်းအဖြစ် အားလျော့လာကာ တစ်နာရီ လေတိုက်နှုန်း ၁၅၅မိုင် (၂၅၀ km/h) ဖြစ်လာခဲ့သည်။ ထိုဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေလ ၁၄ ရက်ညပိုင်းတွင် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်သို့ ပလက်ဝမြို့အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်၊ ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နှင့် ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆိုင်ကလုန်း မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံအတွင် လူဦးရေ ၅ဒဿမ ၄သန်းမှာ မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်ကို ဆိုးရွားစွာခံစားနေရလျက်ရှိသည်။ ထိုအထဲမှ ၃ဒဿမ ၂သန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UNOCHA) မှ ထုတ်ပြန်ထားသည်။ အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM) ၏ ခန့်မှန်းချက်များအရ ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ပျက်ဆီးဆုံးရှုံးမှု ကြုံရနိုင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့အထိ ဆိုင်ကလုန်းမိုခါကြောင့် ထိခိုက်မှု အချက်အလက်များ  (ISP Myanmar ၏ မေလ ၂၂ရက် ထုတ်ပြန်ချက်)

ချင်းပြည်နယ်အတွင်း ထိခိုက်ဆုံးရှုံးမှုများ

 ချင်းပြည်နယ်အတွင်း ဆိုင်ကလုန်းမိုခါကြောင့် လူနေအိမ်စုစုပေါင်း ၂၇၇၄လုံး၊ ဘာသာရေးအဆောက်အဦး စုစုပေါင်း ၁၀၂ လုံး၊ ကျန်းမာရေးအဆောက်အဦး စုစုပေါင်း ၁၂ လုံး၊ ပညာရေးအဆောက်အဦး စုစုပေါင်း ၁၈၅လုံး၊ စပါးကျီ စုစုပေါင်း ၂၅၉ လုံးနှင့် အခြားသေားအဆောက်အဦး စုစုပေါင်း ၁၅ လုံး ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ အိမ်မွေးတိရိစ္ဆာန် သေဆုံးမှုများမှာ ကျွဲ၊နွား၊နွားနောက် အကောင်ရေ ၅၀၊ ကြက်နှင့် ဘဲ ၁၃ ကောင်နှင့် ဝက်နှင့် ဆိတ် ၆ ကောင် စုစုပေါင်း ၆၉ ကောင် သေဆုံးခဲ့ရသည်။

ပြည်သူများ၏အခက်အခဲများ

 စစ်ကောင်စီ၏ နိုင်ငံတော်အာဏာကို အတင်းအဓ္မလုယူမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ မှေးမှိန်ခဲ့ရပြီး လူမှုအရင်းအနှီးတွေလည်း လျော့နည်းလာသည်။ သဘာဝဘေးအန္တရာယ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာ‌သော အရေးပေါ်ကယ်ဆယ်ကူညီရေး လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုသာမက အရပ်ဘက်အဖွဲ့အစည်းများ၏ လူမှုအရင်းအနှီးနှင့် ရုန်းကန်နိုးထနိုင်စွမ်းသည် အလွန်ပင် အရေးပါလှသည်။ ယခုကဲ့သို့ နိုင်ငံရေးရှုပ်ထွေးမှုအတွင်း၌ ငွေပင်ငွေရင်း၊ စိတ်ရင်းလူရင်း၊ အားကိုးယုံကြည်ရသော ပတ်ဝန်းကျင်နှင့် လူနေမှုဘဝများ၌ ပြန်လည်ရုန်းထနိုင်ရန် ဒေသခံပြည်သူများအနေဖြင့် ယုံကြည်အားထားရသော နိုင်ငံရေးနှင့် အုပ်ချုပ်သူ၊ စီမံခန့်ခွဲရေးနှင့် ပြန်လည်နေရာချထားရေးများ အလွန်ပင် လိုအပ်လျက်ရှိသည်။

မုန်တိုင်း၏ နောက်ဆက်တွဲဖြစ်စဥ်များကြောင့် ‌ချင်းလူမှုအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများအပေါ်၌လည်း ကြီးမားသော ရိုက်ခတ်မှုရှိသည်။ မိုခါမုန်တိုင်းဖြတ်သွားသော ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့သည် ခုခံတွန်းလှန်ရေး အားကောင်းသော ဒေသများဖြစ်သည့်အလျှောက် ပိတ်စို့မှုနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများလည်း မကြာခဏ ဖြစ်ပွားသော ဒေသများဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီ၏ အာဏာရှင်စနစ် လုပ်ထုံးအတိုင်း အာဏာတည်မြဲရေးနှင့် ပြည်ပအထောက်အပံ့ လက်မခံရေးမှုကို ဆက်လက်ကိုင်စွဲပြီး အချို့သော ပြည်ပအထောက်အပံ့များကို အမှန်တကယ် လိုအပ်သောဒေသများသို့ ရောက်ရှိနိုင်ခြင်းမရှိကြောင်း ကြားသိရသည်။ အထူးသဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနဖြစ်သော စစ်ကိုင်း၊ မကွေး၊ ချင်း တို့တွင် ဖြတ်လေးဖြတ်ဗျူဟာကို ကျင့်သုံးကာ ၂၀၂၁ခုနှစ် ကတည်းကပြင် စားနှပ်ရိက္ခာသယ်ယူခွင့်များကို ပိတ်စို့ကာ အကန့်အသတ်တစ်စ်ခုဖြင့်သာ သယ်ယူခွင့်ပြုသည်။

ထို့အပြင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရသော ဒုက္ခသည်များထံ ရောက်ရှိရန် ကြိုးပမ်းနေသည့် အကူအညီပေးရေး ဝန်ထမ်းများအတွက် ခရီးသွားခွင့် လိုင်စင်များကို မြန်မာအစိုးရက ဆိုင်းငံ့ထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ထို့ကြောင့် သဘာဝဘေးအန္တာရာယ်ကျရောက်ချိန်တွင် လူမှုကူညီရေးများကို ထိရောက်စွာ လုပ်ကိုင်နိုင်ရန် ခက်ခဲ့နေပါသည်။

အချို့နေရာများတွင် ပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် ရပ်တည်နေသော ပြည်သူ့တော်လှန်ရေးအဖွဲ့များသည် ဆိုင်ကလုန်းမုန်တိုင်းကြောင့် အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရသော ပြည်သူများကို ပြန်လည်ထောက်ပံ့နေရသည်။

ဥတုကပ်ဘေးကြောင့် မဖြစ်မနေ ကြုံတွေ့ရသော အစုလိုက်အပြုံလိုက် နေရာရွေ့ပြောင်းမှု၊ အသိုက်အမြုံ အစည်းပြေသလို ပြန့်ကျဲနေထိုင်မှု၊ အသစ်ပြောင်းရွေ့လာသူနှင့် ရှိရင်းစွဲ‌ဒေသခံများအကြား သဟဇာတဖြစ်ရန် ကြုံတွေ့ရသော စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပါသည်။

ထို့ကြောင့် လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ ပြည်သူ့တော်လှန်ရေးအဖွဲ့များ၊ အသစ်ပြောင်းရွေ့နေထိုင်လာသော ရွေ့ပြောင်းပြည်သူများနှင့် ပြန့်ကျဲနေသော လူမှုနေထိုင်မှုများအကြား ပဋိပက္ခအသစ်များ မပေါ်ထွက်ရန်အတွက် သက်ဆိုင်သူများအနေဖြင့် အထူးဂရုစိုက်ရန် လိုအပ်သည်။