October 10, 2023, Comment off

စစ်ကောင်စီ၏ နိုင်ငံတော်အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ

 

(၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့အထိ)

နိဒါန်း 

၂၀၂၁ခုနှစ် စစ်ကောင်စီ၏ အာဏာသိမ်းမှုအလွန် ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ မှာ ပိုမိုဆိုးရွားလာခဲ့သည်ကို စောင့်ကြည့်လေ့လာမူ့များအရ တွေ့ရှိရသည်။ စစ်အာဏာရှင်များ၏ ကြောက်မက်ဖွယ် ဆိုးရွားမူ့များကို ဖောိထုတ်နိုင်ရန်နှင့် တရားမျှတမူ ရှာဖွေရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ဖြစ်စေနိင်ရန် အလို့ဌာ အောက်ဖော်ပြပါအတိုင်း မှတ်တမ်းပြုစုထားပါသည်။

၁။ ချင်းအမျိုးသားများ သေဆုံးမှု 

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူမှုအပြီး ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့အထိ ချင်းအမျိုးသားများအပေါ် စစ်ကောင်စီသည် နည်းလမ်းအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်ခဲ့ရာ ချင်းအမျိုးသားများသေဆုံးမှုမှာ ၅၂၈ဦး အထိ ရှိပြီးဖြစ်သည်။ စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု၊ ပြည်ပရန်သူအလား ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ လက်နက်ကြီးများ အသုံးပြုမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းအမျိုးသား အရပ်သားပြည်သူများ သေဆုံးမှုမှာ ၂၁၇ဦး အထိ ရှိခဲ့ပြီဖြစ်သည်။ စစ်ကောင်စီနှင့် ချင်းအမျိုးသားများ ဒေသခံကာကွယ်‌ရေးတပ်များအကြား ဖြစ်ပွားသော ခုခံတိုက်ခိုက်မှုများကြောင့် ချင်းအမျိုးသားများ သေဆုံးမှုမှာ ၃၁၁ဦးအထိ ရှိပြီးဖြစ်သည်။ 

(က) အရပ်သားပြည်သူများသေဆုံးမှု 

စစ်ကောင်စီအာဏာသိမ်းမှုအလွန် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့အထိ ချင်းရေးရာအဖွဲ့ချုပ်၏ စာရင်းပြုစုမှုအရ ချင်းအမျိုးသား အရပ်သားပြည်သူများသေဆုံးမှုမှာ ၂၁၇ဦးအထိ ရှိပြီးဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ လက်နက်ကြီးနှင့် ဖမ်းဆီးနှိုပ်စက်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၂၁၇ဦးအနက် အမျိုးသမီး ၃၈ဦးနှင့် အမျိုးသား ၁၇၉ဦးအထိ ရှိသည်။ 

(ခ) အသက်မပြည့်ကလေးငယ်များသေဆုံးမှု 

အသက် ၁၈နှစ်အောက်ကလေးငယ်များသေဆုံးမှုမှာ ၂၄ဦးအထိရှိကာ မိန်းကလေး ကလေးငယ် ၄ဦးနှင့် ယောကျ်ားလေး ကလေးငယ် ၂၀ဦး တို့ဖြစ်သည်။ ထိုအထဲမှ အချို့ကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။ 

  • ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၂၅ တွင် ထန်တလန်မြို့ရှိ နေအိမ်အတွင်း၌ ပုန်းအောင်းနေသော အသက် ၁၀နှစ်အရွယ် ယောကျ်ားလေးကလေးငယ်သည် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ 
  •  ၂၀၂၂ ခုနှစ်၊ မေလ ၂၂ တွင် မင်းတပ်မြို့ကို စစ်ကောင်စီမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ဘေးတိမ်းရှောင်နေရင်း ၆ လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရဿည်။
  • ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၈ တွင် မင်းတပ်မြို့ကို စစ်ကောင်စီမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ဘေးတိမ်းရှောင်နေရင်း ၇ လသားအရွယ် ကလေးငယ် တစ်ဦးသေဆုံးခဲ့ရသည်။ 
  • ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် Buanlung ရွာရှိ စာသင်ကျောင်းအား စစ်ကောင်စီမှ drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆နှစ်နှင့် ၇နှစ်အရွယ် ယောကျာ်လေး ကလေးငယ်၂ဦးမှာ သေဆုံးခဲ့ရဿည်။ 
  • ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၄ တွင် တီးတိန်မြို့နယ် ဟိုင်းမွာလ်ရွာ(Haimual)ရှိ အသက် ၁၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၁၅နှစ်အရွယ် ယောကျာ်းလေးတစ်ဦးအား စစ်ကောင်စီမှ ဖမ်းဆီးကာ အမဖြစ်သူအား မုဒိန်းအကြိမ်ကြိမ်ပြုကျင့်ပြီး မောင်နှမ ၂ ယောက်အား မြေမြှုပ်သတ်ဖြတ်ခဲ့သည်။ 
  • ၂၀၂၃ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့တွင် ဝေဘူလမြို့ကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉ဦးအနက် အသက် ၁၂အရွယ် ယောကျာ်လေး တစ်ယောက်လည်းပါဝင်ခဲ့သည်။ 
  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာ(Panpa)ကို စစ်ကောင်စီမှ ၂၀၂၃ခုနှစ် ဧပြီ ၁၆ ရက် ညနေ ၁၆း၀၀နာရီခန့်၌ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံး ၁၇လုံးကြဲသောကြောင့် အသက် ၄နှစ်အရွယ် ယောကျာ်လေး ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။ 

(ဂ) မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုများ 

ချင်းပြည်နယ်သည် တောင်တန်းဒေသဖြစ်ပြီး အသက်မွေးဝမ်းကျောင်းအတွက် တောင်ယာလုပ်ငန်းကို အဓိက ပြုလုပ်ကြသည်။ ချင်းပြည်နယ်ရှိ လူသူရောက်ပေါက်နိုင်သော နေရာဒေသအားလုံး၌ တောင်ယာစိုက်ခင်းများပြုလုပ်ကြသည်။ ထိုသို့ အသက်မွေးဝမ်းကျောင်းပြုလုပ်ရာ တောင်ယာသွားရာလမ်းတလျှောက်တွင် စစ်ကောင်စီမှ ဆင်ခြင်တုံတရားကင်းမဲ့စွာ မြေမြှုပ်မိုင်းများ‌ ထောင်ထားသောကြောင့် ၂၀၂၁ခုနှစ်မှ ၂၀၂၃ခုနှစ် အောက်တို့ဘာလ ၁ ရက်နေ့အထိ ချင်းအမျိုးသားများ သေဆုံးမှုမှာ ၂၁ဦးအထိ ရှိပြီးဖြစ်သည်။ ထိုအထဲတွင် အသက် ၁၈နှစ်အောက် ကလေးငယ် ၅ဦး၊ အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၁၅ဦးတို့အသက်ရှုံးဆုံးခဲ့ရသည်။

  • ၂၀၂၂ခုနှစ်၊ မတ်လ ၁ တွင် ကလေးမြို့နယ်၊ ဆည်တောရွာအနီး ကလေး-ဂန့်ဂေါကားလမ်းပေါ်တွင် နံနက် ၁၀း၃၀ အချိန်ခန့်က ၁၂ ဘီးကုန်တင်ယာဉ်တစ်စီးမှ မြေမြှုပ်မိုင်းနင်းမိသောကြောင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၄နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။ 
  • ၂၀၂၂ခုနှစ်၊ ဧပြီလ ၂ တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် မိုင် ၃၀ ဝေးသော မင်းတပ် – မတူပီလမ်းကြား၊ မကြိုင်ရွာအနီး၌ ဒေသခံအမျိုးသား နှစ်ဦး တောင်ယာသို့သွားရာလမ်း၌ မြေမြှုပ်မိုင်း နင်းမိကာ အသက် ၆၀ နှင့် ၃၀အရွယ် အမျိုးသား ၂ဦး သေဆုံးခဲ့ရသည်။ 
  • ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၁တွင် အသက် ၅၂နှစ်အရွယ် အမျိုးသား တစ်ဦးမှာ တောင်ယာသို့ သွားရာလမ်း၌ မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ရသည်။
  • ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၆ နံနက် ၁၀း၀၀ နာရီဝန်းကျင်တွင် တောင်ယာသွားကြရာ မင်းတပ်မြို့နယ်၊ ဦးဝမ်းသူမောင်ပန်းခြံအနီး၌စစ်ကောင်စီထောင်ထားသောမိုင်းနင်းမိ၍ အသက် ၆နှစ်အရွယ် ယောကျ်ားလေး ကလေးငယ် တစ်ဦး သေဆုံးခဲ့ရသည်။ 

အထက်ဖော်ပြပါအချက်အလက်များသည် စစ်ကောင်စီ၏ မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရသော ချင်းအမျိုးသား ၂၁ ဦးအနက် အချို့ကို ဖော်ပြခြင်းဖြစ်သည်။ ပေါက်ကွဲသော မိုင်းအမျိုးအစားများကို ကြည့်ခြင်းအားဖြင့် လက်လုပ်မိုင်းမဟုတ်သောကြောင့် စစ်ကောင်စီမှ ထောင်ထားသော မြေမြှုပ်မိုင်းဟု သတ်မှတ်ရဖြင်းဖြစ်သည်။ 

၂။ ချင်းအမျိုးသားတော်လှန်ရေးတပ်သားများ ကျဆုံးမှု 

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ စစ်ကောင်စီ၏ နိုင်ငံတော်အာဏာသိမ်းယူမှုကို မလိုလား၍ ဆန့်ကျင့်ဆန္ဒဖော်ထုတ်ကြရာ စစ်ကောင်စီမှ လက်နက်များဖြင့် ပြန်လည်ပစ်ခတ်သောကြောင့် လက်နက်ကိုင်ခုခံတော်လှန်ကြသော ချင်းအမျိုးသားများ ပေါ်ပေါက်လာခဲ့ရသည်။ ထို ခုခံတော်လှန်ခဲ့ကြသော ချင်းအမျိုးသားများနှင့် စစ်ကောင်စီအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့အထိ တိုက်ပွဲပေါင်း ၇၅၀ နီးပါးအထိ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီမှ ပြည်ပရန်သူအလား လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် ချင်းအမျိုးသားတော်လှန်ရေးတပ်သားများ သေဆုံးမှု ၃၁၁ဦးအထိ ရှိသည်။ အဆိုပါ ၃၁၁ဦးအနက် ၂၉၆ဦးမှာ အမျိုးသားများဖြစ်ကြပြီး ၁၅ဦးမှာ အမျိုးသမီး တော်လှန်ရေသမားများဖြစ်ကြသည်။ သေဆုံးသူ ၃၁၁ဦးမှ ၁၅ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်းကောင်း၊ ၂၃ဦးမှာ မြေမြှိုပ်မိုင်းကြောင့်လည်းကောင်း၊ ၁၁ ဦးမှာ ဖမ်းဆီးပြီး နှိပ်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ၉ဦးမှာ သက်သေဖျောက်သည့်အနေဖြင့် အလောင်းကို မီးရှို့ဖျက်ဆီးခြင်းကြောင့် လည်းကောင်း၊ ၁၈ဦးမှာ ဒဏ်ရာရရှိပြီးနောက် ဆေးဝါးကုသခွင့်မရရှိခြင်းကြောင့်လည်းကောင်း၊ ၂၃၅ဦးမှာ စစ်ကောင်စီနှင့် ‌ဒေသခံချင်းအမျိုးသား ကာကွယ်ရေးတပ်များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

၃။ ဘာသာရေးအပေါ် ကျူးလွန်မှု 

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားများနေထိုင်ရာဒေသများရှိ ချင်းအမျိုးသားများ၏ အဓိက ကိုးကွယ်ယုံကြည်မှုဖြစ်သော ခရစ်ယာန်ဘာသာရေး အဆောက်အဦးနှင့် ဘာသာရေးခေါင်းဆောင်များအပေါ် ပြစ်မှုကျူးလွန်မှုများကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။ 

(က) ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအပေါ် ကျူးလွန်မှု 

စစ်ကောင်စီ၏ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော ဓမ္မအမှုတော်ဆောင် ဆရာတော် ၅ ပါးနှင့် သင်းထောက်လူကြီး ၃ဦး တို့ကို သတ်ဖြတ်ကာ  ဓမ္မအမှုတော်ဆောင် ဆရာတော် ၁ပါးအား ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၄၉(က) တို့ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂၃)နှစ် ချမှတ်ခဲ့ကြသည်။ 

  • ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၈)တွင် ထန်ထလန်မြို့၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်မှုအား မီးကူငြိမ်းသတ်ပေးသည့် ခရစ်ယာန်ဆရာတော်တစ်ပါးအား စစ်ကောင်စီတပ်မှ ပစ်ခတ်၍ သေဆုံးခဲ့ရပါသည်။ အလောင်းအား ပြန်လည်ကောက်ယူစစ်ဆေးရာ၌ လက်သူကြွယ်အဖြတ်ခံရပြီး လက်ထပ်လက်စွပ်နှင့် နာရီပါ ခိုးယူခံထားရပါသည်။
  • ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၂၃)တွင် ခရစ်ယာန်ဆရာတော်တစ်ပါးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီခြင်းခံရပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် စစ်ကြောရေးတွင် သေဆုံးကာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှသာ ဆွေမျိုးများက သေးဆုံးကြောင်း သတင်းကြားသိရပါသည်။
  • ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၆) တွင် ခရစ်ယာန်ဆရာတော်တစ်ပါးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် ရရှိသောဒဏ်ရာများကို ဆေးရုံ၌ ‌ဆေးကုသမှုခံယူ သော်လည်း ဒဏ်ရာပြင်းထန်လွန်းသောကြောင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ရပါသည်။
  • ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၁၂)တွင် ခရစ်ယာန်ဆရာတော်တစ်ပါးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းအား ကန်ပက်လက် ဟိုတယ်အနီးတွင် စွန့်ပစ်ခဲ့ကြကာ ဒေသခံများမှ ပြန်လည်ကောက်ယူခဲ့ရပါသည်။
  • ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၇ တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဒေသခံအသင်းတော်လူကြီး ၃ ဦး နှင့် ဓမ္မအမှုတော်ဆောင် ဆရာတော်တစ်ပါးကို စစ်ကောင်စီတပ်သားများမှ အကြောင်းမဲ့ဖမ်းဆီးကာ ရက်ရက်စက်စက်နှိပ်စက်ကာ သတ်ဖြတ်ပြီး အလောင်းပါ ဖျောက်ထားကြောင်းသိရသည်။
(ခ) ဘာသာရေးအဆောက်အဦးများ မီးရှို့ဖျက်ဆီးမှု 

စစ်ကောင်စီ အာဏာသိမ်းမှုအလွန် ချင်းအမျိုးသားများ၏ ကိုးကွယ်ယုံကြည်မှုဖြစ်သော ခရစ်ယာန်ဘုရားကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုနှင့် တပ်စွဲကာဘာသာရေးဆိုင်ရာ အဆောက်အဦးအပါအဝင် ဘာသာရေးဆိုင်ရာ ပစ္စည်းများ ဖျက်ဆီးမှုများကြောင့် စုစုပေါင်း ၁၀၁ ကျောင်းထက်မနည်းရှိသည်။ စစ်ကောင်စီ၏ ဘာသာရေးအဆောက်အဦး ဖျက်ဆီးမှုများမှာ ကန်ပက်လက်မြို့နယ်အတွင်း ၉ ကျောင်း၊ မတူပီမြို့နယ်အတွင်း ၇ ကျောင်း၊ မင်းတပ်မြို့နယ်အတွင်း ၇ ကျောင်း၊ ဟားခါးမြို့နယ်အတွင်း ၁၆ ကျောင်း၊ ထန်တလန်မြို့နယ်အတွင်း ၃၅ ကျောင်း၊ ဖလမ်းမြို့နယ်အတွင်း ၁၃ ကျောင်း၊ တီးတိန်မြို့နယ်အတွင်း ၆ ကျောင်း၊ တွန်းဇံမြို့နယ်အတွင်း ၂ ကျောင်းနှင့် ကလေးခရိုင်အတွင်း ၆ ကျောင်းတို့ဖြစ်သည်။  

၄။ လူသားဒိုင်းအဖြစ်အသုံးပြုမှု

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာရာတွင် လမ်းပြအနေဖြင့် သော်လည်းကောင်း၊ ဓားစာခံအနေဖြင့် သော်လည်းကောင်း အရပ်သားများအား အတင်းအကြပ်ဖမ်းခေါ်ပြီး လူသားဒိုင်းအဖြစ် စေခိုင်းခဲ့ကာ ပြစ်မှုကျူးလွန်ခဲ့ကြပါသည်။ ချင်းပြည်နယ်အတွင်း၌ အရပ်သားပြည်သူ ၁၃၄ဦးကျော်အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။

  • ၂၀၂၁ခုနှစ်၊ မေလ (၁၅)တွင် မင်းတပ်စစ်ဆင်ရေး၌ အရပ်သားလူငယ် (၁၅) ဦးအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။
  • ၂၀၂၁ခုနှစ်၊ ဇွန်လ (၅)တွင် မင်းတပ်မြို့၊ မယ်လကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ အရပ်သားပြည်သူ (၇) ဦးအား လူသားဒိုင်းအဖြစ် ထပ်မံ ဖမ်းဆီးအသုံးပြုခဲ့သည်။
  • ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ၊ (၂၁)တွင် ဟားခါးမြို့မှ အရပ်သားပြည်သူ (၁၄) ဦးခန့်အား စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး ဟားခါး-ထန်တလန်လမ်းတစ်လျှောက်တွင် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။
  • ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် ကန်ပက်လက်မြို့မှ မကွေးတိုင်းဒေသကြီး ဆောမြို့သို့ သွားသည့် အရပ်သား (၂) ဦးအား စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။
  • ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၉) တွင် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတွင် တောင်ယာလုပ်ငန်းခွင်မှ ပြန်လာသည့် အရပ်သားပြည်သူ (၅) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးကာအသုံးပြုခဲ့သည်။
  • ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၀) တွင် မတူပီမြို့နယ်တွင် သတင်းသမားတစ်ဦးနှင့် အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားပြည်သူ (၁၀) ဦးတို့အား စစ်ကောင်စီတပ်များမှ လမ်းပြအဖြစ်လည်းကောင်း၊ လူသားဒိုင်းအဖြစ်လည်းကောင်း ဖမ်းဆီးအသုံးပြုခဲ့ကြပြီး နှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။
  • ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ တွင် ချောင်းခွကျေးရွာမှ အသက် ၄၀အရွယ်မိခင်နှင့် အသက်၁၅နှစ်နှင့် ၁၃နှစ်အရွယ် သမီးငယ် ၂ဦးအပါအဝင် သားအမိ (၃) ဦးအား စစ်ကောင်စီတပ်မှ ဓါးစာခံအဖြစ် ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့သည်။ 
  • ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၆) တွင် ဆေးကုသရန်မြို့သို့သွားရောက်သော မိသားစု(၃)ဦးအား မတရားဖမ်းဆီးကာ လမ်းပြအဖြစ် အသုံးပြုခဲ့ကြပါသည်။
  • ၂၀၂၃ခုနှစ်၊ မတ်လအတွင်း ကလေးမြို့မှ ချင်းပြည်နယ်သို့ ချီတက်လာသော စစ်ကောင်စီတပ်သားများသည် ၎င်းတို့သွားရာလမ်းရှိ ပြည်သူများအား ဖမ်းဆီးကာ အထမ်းသမားများအဖြစ်လည်းကောင်း၊ လမ်းပြအဖြစ်လည်းကောင်း အသုံးပြုခဲ့သော ပြည်သူစုစုပေါင်း ၆၀ ကျော်အထိရှိခဲ့သည်။ 
  • ၂၀၂၃ခုနှစ်၊ သြဂုတ်လအတွင်း ကလေးမြို့၊ စက္ကန့်ရွာအနီးတဝိုက်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ‌ဒေသခံပြည်သူ ၁၅ဦးအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြသည်။ 

၅။ မတရားဖမ်းဆီးမှု 

စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူများအား စစ်ကောင်စီမှ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးသည့်အနက် ချင်းအမျိုးသားများ ဖမ်းဆီးခံရမှုမှာ ၁၀၀၀ကျော် အထိရှိပြီးဖြစ်သည်။ ထိုအထဲမှ ပြန်လည်လွတ်‌‌မြောက်လာသူရှိသကဲ့သို့ ထောင်ထဲ၌ သေဆုံးခဲ့ရသူမှာလည်း ၂ဦးအထိရှိပြီးဖြစ်သည်။ စစ်ကောင်စီမှ ပုဒ်မအမျိုးမျိုးတပ်စွပ်စွဲကာ ယခုအချိန်အထိ ဆက်လက်ထိန်းသိမ်းခံရသော ချင်းအမျိုးသားများမှာ ၅၀၀ ကျော်အထိရှိသည်ဟု သိရသည်။ ထိုအထဲမှ အချို့ကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ 

  •  ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၁၂ တွင် အသက် ၂၅နှစ်အရွယ် James ကို စစ်ကောင်စီမှ ကလေးမြို့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က)နှင့် ပုဒ်မ ၅၂ တို့ဖြစ် တရားစွဲကာ ထောက်ဒဏ် ၁၇နှစ် ချမှတ်ခဲ့သည်။ 
  • ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၄ တွင် စစ်ကောင်စီမှ အသက် ၃၂နှစ်အရွယ် Za Lian Tluang (ဇလျန်ထွန်း)အား ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၅၂ နှင့် ပုဒ်မ ၁၆ (ဂ) တို့ဖြင့် တရားစွဲကာ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့သည်။ 

၆။ အဆောက်အဦးနှင့် လူနေအိမ်များ မီးရှို့ဖျက်ဆီးမှု 

စစ်ကောင်စီမှ အာဏာသိမ်းယူပြီးနောက် ချင်းအမျိုးသားများ၏ လူနေအိမ်နှင့် အဆောက်အဦးများ မီးရှို့ဖျက်ဆီးမှုမှာ ၂၁၀၀ ကျော်အထိရှိပြီးဖြစ်သည်။ (ချင်းအမျိုးသားများနေထိုင်သော ပြည်နယ်ပြင်ပများကို ချင်းအမျိုးသားများ၏ ပိုင်ဆိုင်သော အဆောက်အဦးများကိုသာ ရေတွက်ထားခြင်းဖြစ်သည်။) ၂၀၂၁ခုနှစ်တွင် ၇၈၄အိမ်ကျော်၊ ၂၀၂၂ခုနှစ်တွင် ၉၅၂အိမ်ကျော်နှင့် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁ ရက်အထိ အိမ်‌ခြေပေါင်း ၃၀၁ အိမ်ကျော်တို့ဖြစ်သည်။ 

၇။ နေအိမ်များစီးနင်းမှုနှင့် အတင်းအကြပ်နေရပ်စွန့်ခွာစေမှု

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရာလမ်းကြောင်းများ၌ ဖြတ်လေးဖြတ်ဗျူဟာကို တွင်ကျယ်စွာအသုံးပြုကြပါသည်။ ၎င်းတို့ ထိုးစစ်ဆင်ချီတက်ရာ လမ်းကြောင်းများ၌ နေအိမ်များကို ကျူးကျော်ဝင်‌ရောက်ကာ ဆီ၊ဆန်၊ဆား၊အသား၊ငါးများကို လုယူစားသုံးကြသည်သာမက နေအိမ်များပေါ်၌ မစင်စွန့်ခြင်း၊ နံရံများတွင် ဆဲဆိုရေသားခြင်း၊ ခိုးယူခြင်းများအပြင် အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို ဓားပြတိုက်သိမ်းယူခြင်းများကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြပါသည်။ ထို့အပြင် ကျေးရွာများ၌ တပ်စွဲထားခြင်း များကိုလည်း ကျူးလွန်ထားပါသည်။ ဖလမ်းမြို့နယ်၊ သူဖိုင်ကျေးရွာ(Tuphei)၊ ခွဲမွာလ်ကျေးရွာ(Khuaimual)နှင့် လှန်ဇောလ်ကျေးရွာ(Hlanzawl)တို့၏ ကျေးရွာတောင်ထိပ်တွင် စစ်ကောင်စီတပ်သားများ အတည်တကျစခန်းချနေထိုင်ကြ၍ ပြည်သူများအနေဖြင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိတော့ပေ။ ထိုမျှမက ကျေးရွာအတွင်းသို့ မကြာခဏ ဝင်ရောက်လုယူ ဖမ်းဆီး သောင်းကျန်းသောကြောင့် ပြည်သူများအနေဖြင့် နေအိမ်စွန့်ခွာကာ ဘေးကင်းလုံခြုံရာတောထဲ၌ ပုန်းခိုနေကြရပါသည်။ ထို့အပြင် ထန်တလန်မြို့ကို တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးထားသောကြောင့် ပြည်သူများအားလုံး မိမိ၏ အိုးအိမ်များကို စွန့်ပစ်ကာ စစ်ဘေးတိမ်းရှောင်ကြရသည်။ 

ထိုသို့ စစ်ကောင်စီ၏ နည်းမျိုးစုံဖြင့် နှိပ်စက်မှုများကြောင့် လုံခြုံဘေးကင်းရာ ဒေသသို့ စစ်ဘေးရှောင်နေကြသော ချင်းအမျိုးသား ၁၀၀၀၀၀ နီးပါးရှိသည်။ ထို့အပြင် ပြည်ပသို့ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေး တိမ်ရှောင်သူများလည်းရှိကြသည်။ ၆၀၀၀၀ ကျော်မှာ မီဇိုးရမ်ပြည်နယ်၊ ၁၀၀၀၀ ကျော်သည် နယူးဒေလီ နှင့် တစ်ခြားသော အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးသို့ တိမ်းရှောင်ထွက်ပြေးကြရပါသည်။ မလေးရှားနိုင်ငံတွင်လည်း စစ်ဘေးဒုက္ခသည် အနေဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသော ချင်းအမျိုးသားများ ၈၀၀၀၀မှ ၁၀၀၀၀၀အကြားရှိသည်။ 

၈။ လေကြောင်းတိုက်ခိုက်မှု

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ကန့်ကွပ်ခုခံတွန်းလှန်သူများနှင့် စစ်ကောင်စီအကြား အကြိမ်ကြိမ် ပြည်တွင်းစစ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ သို့သော် စစ်ကောင်စီသည် ပြည်ပရန်သူအလား လေကြောင်းများကို အသုံးပြုကာ တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ ချင်းအမျိုးသားများအပေါ် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၆၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည်။ အဆိုပါ ၆၃ကြိမ်တွင် ဗုံး ၂၃၉ကြိမ်ပစ်ချခဲ့သည်။ 

စစ်ကောင်စီ၏ ချင်းအမျိုးသားများအပေါ် လေကြောင်းတိုက်ခိုက်မှုများမှာ ၂၀၂၁ခုနှစ်တွင် ၂ ကြိမ်ပြုလုပ်ရာ စစ်တပ်သုံးလေယာဥ် ၆ စီးဖြင့် ဗုံး ၈ကြိမ် ကျဲချခဲ့ခြင်းကြောင့် ၇ဦး သေဆုံးခဲ့ရပြီး၊ လူနေအိမ်နှင့် အဆောက်အဦး ၃၄လုံး ပျက်စီးခဲ့ရသည်။ 

 ၂၀၂၂ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ကာ စစ်တပ်သုံးလေယာဥ် ၁၆စီးဖြင့် ဗုံး ၂၅ကြိမ် ကျဲချခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းအမျိုးသားများ ၅ဦးသေဆုံးကာ ၁ဦးမှာ ပြင်းထန်သော ဒဏ်ရာ ရရှိခဲ့ရသည်။ လူနေအိမ် ၈လုံး၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနှင့် စာသင်ကျောင်း ၁ ကျောင်း အပါအဝင် စုစုပေါင်း အဆောက်အဦး ၁၀ လုံးကျော်အထိ ပျက်စီးခဲ့ရသည်။ 

၂၀၂၃ခုနှစ် အောက်တိုဘာလ ၁ အထိ ၅၂ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် စစ်တပ်သုံးလေယာဥ် ၅၅စီးဖြင့် ဗုံးလုံးပေါင်း ၁၄၄လုံးကျော် ကျဲချခဲ့ကြသည်။ ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းအမျိုးသား ၅၂ဦးအထိ သေဆုံးခဲ့ရပြီး ၅၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ဘာသာရေးအဆောက်အဦး ၆လုံး၊ လူနေအိမ်အဆောက်အဦး ၁၂၅လုံးနှင့် စာသင်ကျောင်း ၂လုံးအပါအဝင် ငါးကန်၊ စပါးကျီ၊ ဇရပ်နှင့် တဲများလည်း ပျက်စီးခဲ့ရသည်။ 

၉။ အုပ်စုဖွဲ့မုဒိန်းကျင့်သတ်ဖြတ်မှုများ

စစ်ကောင်စီတပ်သားများသည် လက်နက်အားကိုးကာ အင်အားနည်းသော ချင်းအမျိုးသမီး ၆ ဦးအား အုပ်စုဖွဲ့မုဒိမ်းပြုကျင့်ခဲ့ကြသည်သာမက အသက်ကိုပါ သတ်ဖြတ်ခဲ့ကြပါသည်။

  • ၂၀၂၁ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ၌ နေထိုင်သည့် သားအမိအား စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သည်။ အသက် (၁၅) နှစ်အရွယ် အသက်မပြည့်သေးသော သမီးငယ်အား မုဒိမ်းကျင့်ကာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
  • ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့တွင် တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာ၌ စခန်းချ ရပ်နားသည့် စစ်ကောင်စီတပ်မှ တပ်သား (၃) ဦးတို့သည် အသက် (၂၉) နှစ်အရွယ် မွေးကင်းစ ကလေးမိခင်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။
  • ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့မှာပင် တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာနေ ကိုယ်ဝန်ခုနစ် လလွယ်ထားသည့် အသက် (၃၅) နှစ်အရွယ်အမျိုးသမီး(၁)ဦးအား စစ်ကောင်စီ တပ်သား (၃) ဦးက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့သည့်အပြင် သွေးထွက်သံယိုဖြစ်သည်အထိ နှိပ်စက်ခဲ့ကြသည်။
  • ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၄ တွင် တီးတိန်မြို့နယ်၊ ဟိုင်းမွာလ်ရွာတွင်နေထိုင်သော အသက် ၁၇နှစ်အရွယ် အသက်မပြည့် အမျိုးသမီးကို စစ်ကောင်စီမှ ဖမ်းဆီးကာ မြေမြှုပ်သတ်ဖြတ်ခဲ့သည်။ ၂ ရက်အကြာတွင် ‌ဒေသခံပြည်သူများမှ အလောင်းအား ပြန်လည် တူးဖော်ကာ ဆရာဝန်၏ စစ်ဆေးချက်အရ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ 
  • ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၆ တွင် ကလေးမြို့၊ စက္ကန့်ရွာ၌ စစ်ကောင်စီမှ ဝင်ရောက်စီးနင်းကာ အသက် ၂၈နှစ်အရွယ် အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မျက်မြင်ဒေသခံပြည်သူများ၏  ပြောကြားချက်အရသိရသည်။

နိဂုံး

စစ်ကောင်စီတပ်က ဥပဒေမဲ့ အာဏာသိမ်းမှုပြုလုပ်၍ ချင်းအမျိုးသားများအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော ချင်းအမျိုးသားတို့၏ ခုခံတော်လှန်စစ်ကို ဖိနှိပ်နှိမ်နင်းနိုင်မှု မရှိခဲ့သောကြောင့် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများနှင့် ၎င်းတို့နေထိုင်သည့် ကျေးရွာ၊ နေအိမ်နှင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦးများကို မြေပြင်၊ ဝေဟင် သာလွန်အင်အား အသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်နေမှုများကြောင့် မိမိတို့ ချင်းအမျိုးသားများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော အသက်ရှင်နေထိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကိုးကွယ်ခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့် စသည့် အခွင့်အရေးများ ဆုံးရှုံးလျက်ရှိပါသည်။ အထက်ပါမှတ်တမ်းများအရ စစ်ကောင်စီသည် နိုင်ငံတကာက တားမြစ်ထားသည့် ဥပဒေပြဌာန်းချက်နှင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို ထင်ထင်ရှားရှား ချိုးဖောက်နေခြင်းဖြစ်သည်။ 

စစ်ကောင်စီ၏ ပြစ်မူများကို နိုင်ငံတကာ ဥပဒေအရ ပြင်းထန်စွာ အရေးယူနိုင်ရေးအတွက် တိကျသော သက်သေများ စုဆောင်းနိုင်ရန်များစွာ အရေးကြီးလှပေသည်။ ဂျနီဗာ သဘောတူချက်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းကို ရှင်းရှင်းလင်းလင်းဆန့်ကျင်ပြီး ညှင်းပန်းနှိပ်စက်မှုကို ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ခြင်းမရှိပါက မိမိတို့ချင်းအမျိုးသားများသာမက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး၏ အခြေခံရပိုင်ခွင့် အခွင့်အရေးများ ဆက်လက် ဆုံးရှုံးနေမည် ဖြစ်ပါသည်။

Media Contact: info@chinaffairs.org, Phone – +91 9233 136 027, +1 512 710 8005