November 3, 2023, Comment off

၂၀၂၁ ခုနှစ် သို့မဟုတ် ကြမ္မာငင်သောနှစ်

ဇလပ်မြေ(ကလောင်အမည်) သည်ပညာရေးလောကမှဆရာတစ်ဦးဖြစ်ပြီးချင်းပြည်နယ်တွင်သုတေသန ပညာရှင်တစ်ဦးဖြစ်သည်။ဤဆောင်းပါးတွင်အိန္ဒိယနိုင်ငံတွင်နေထိုင်သူမြန်မာဒုက္ခသည်တစ်ဦးအကြောင်း ကိုပြန်လည်တင်ပြထားခြင်းဖြစ်သည်။

This post was originally published by Tea Cycle on September 28, 2023

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ ဤအာဏာသိမ်းမှုသည် ကျွန်တော်အပါအဝင် မြန်မာနိုင်ငံရှိ လူများစွာအတွက် ကံဆိုးမိုးမှောင်ကျခြင်း၏ အစဖြစ်သည်။ စစ်ကောင်စီ၏ ရက်ရက်စက်စက်သတ်ဖြတ်ခံရသော ပုံရိပ်များ၊ ပူဆွေးနေသော မိသားစုများ၊ မီးလောင်တိုက်သွင်းခံရသည့် တိုက်တာအိုးအိမ်များ၊ တိုက်ပွဲများကြောင့် လွတ်ရာကျွတ်ရာသို့ ပြေးလွှားနေကြသော စစ်ဘေးရှောင်များ၏ ပုံရိပ်များ၊ သေနတ်သံများ၊ လက်နက်ကြီးသံများသည် ကျွန်တော် ဤစာကိုရေးနေစဉ်အတွင်း ကျွန်တော့်အာရုံတွင် တဖျပ်ဖျပ် ပေါ်လာပါသည်။ ဤအနိဠာရုံများသည် မြန်မာပြည် တွင် နေ့စဉ်တွေ့မြင်နေရသည့် မြင်ကွင်းများဖြစ်ပါသည်။ နေ့စဉ်မြင်တွေ့ရသဖြင့် ရိုးလွန်းသွား၍ ထင်သည်။  လက်တွေ့ခံစားနေရသူများကလွဲပြီး မည်သူက မပင် သိပ်အရေးမစိုက်တော့သည့် မြင်ကွင်း များလဲ ဖြစ်သည်။

ကျွန်တော့်အဖို့မူ အပြောင်းအလဲနဲ့ အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။ ၂၀၂၁ ခုနှစ်သည် ကျွန်တော်တရားသေဆုပ်ကိုင်ထားသောအရာများ အားလုံး ကျွမ်းထိုးမှောက်ခုန်ဖြစ်သွားသည့်နှစ် သည်။ ဥပမာ မြန်မာနိုင်ငံတွင် အာဏာတစ်ကျော့ ပြန်သိမ်းလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့။ ကျွန် တော်တက်တက်စင်အောင် လွဲခဲ့ပါသည်။ ဘယ်တော့အခါမှ အိုးပစ်အိမ်ပစ်ကာ တောထဲတောင်ထဲ ဆင်းရဲပင်ပန်းစွာ ပုန်းရှောင်နေရလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့။ တကယ်တမ်း ပုန်းခိုခဲ့ရပါသည်။ အဆိုးဆုံးမှာ သက်ဆုံးတိုင် မြင်ရ၊ တွေ့ရ၊ ခင်မင်ရမည်ဟု ထင်ထားသော မိသားစုဝင်များ၊ မိတ်ဆွေ များ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း သေသူက သေ၊ အဖမ်းဆီးခံရသူက အဖမ်းဆီးခံရနဲ့ သူတို့ကို ဒီဘဝတွင် ပြန်တွေ့ဖို့ မလွယ်တော့ပါ။ ကျနော့် အစ်ကိုအရင်းတစ်ဦးပင် ထောက်ပို့လုပ်ရင်း အသက်ဆုံးရှုံးခဲ့ရပြီဖြစ်သည်။၂၀၂၁ ခုနှစ်သည် ကျွန်တော့်ဘဝတွင် တည်ငြိမ် သည်ဟု ထင်မှတ်ထားသောအရာများ မယုံနိုင်စရာ ကောင်းလောက်အောင် ယိမ်းယိုင်ပြိုကျသွား သည့်ခုနှစ်ဖြစ်သည်။

အစပြုခြင်း

ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာမသိမ်းမီကပင် အာဏာသိမ်းမည့် အရိပ်အယောင်များကိုကား မြင်နေရပြီဖြစ်သည်။ အာဏာမသိမ်းမီ လေး၊ ငါးရက်အလိုခန့်က သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက “အာဏာသိမ်းမယ်၊ မသိမ်းဘူးလို့ ပြောလို့ မရဘူး” ဟု မတင်မကျ ဖြေသွားခဲ့သည်(BBC News မြန်မာ, 2021)။ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ကာကွယ်ရေး စစ်ဦးစီးချုပ်က “အခြေခံဥပဒေကို လိုက်မနာဘူးဆိုရင် ဖျက်သိမ်းရလိမ့်မယ်” ဟု စောင်းပါးရိပ်ခြေ ပြောခဲ့သည် (စောဖိုးခွား, 2021)။ ထို့ကြောင့် အာဏာမသိမ်းမီကပဲ ပြည်သူများ အကြား၊ နိုင်ငံတကာအကြားတွင် စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ စစ်တပ်သည် အာဏာသိမ်းရလောက် သည်အထိ မိုက်မဲ လိမ့်မည်ဟု ကျွန်တော် မထင်ခဲ့ပါ။ သို့သော် ပြည်သူများ စိုးရိမ်သည့်အတိုင်း အာဏာသိမ်းမှုသည် ဖြစ်လာခဲ့ပါသည်။

အာဏာသိမ်းမည့်ညက ကျွန်တော် စောစောအိပ်ရာဝင်ခဲ့သည်။ ကျနော့်ညီကမူ စာဆက်ဖတ် နေသည်။ သူ ဖတ်နေသော စာအုပ်မှာ ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ရေးထားသော သမိုင်း စာအုပ်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည် ရန်ကုန်တွင် ကျနော့်ညီနှင့်အတူ နေသည်။ ကျွန်တော်က သူ့ကို အထက်တန်းကျောင်းထားပေးပြီး ကျောင်းစာလိုက်နိုင်ရန် အနီးကပ်ကြီးကြပ်ပေးသည်။ ကျောင်းစာအပြင် ကလေးတစ်ယောက်အနေဖြင့် ပြင်ပဗဟုသုတရှိစေရန် စာအုပ်တွေ ဝယ်ပေးသည်။ အထူးသဖြင့် မြန်မာ့သမိုင်းနှင့်ပတ်သက်သည့် စာအုပ် များကို ဖတ်ခိုင်းသည်။ ထိုညက သူဖတ်သော စာအုပ်မှာ “ရှစ်လေးလုံး အရေးတော်ပုံကာလ နိုင်ငံပိုင် သတင်းစာများမှတ်စု” ဖြစ်သည် ဟု ကျွန်တော် မှတ်မိသည်။ ရှစ်လေးလုံးကို ဦးတည်စေသော ဖြစ်ရပ်များနှင့် စစ်တပ်၏ ဖိနှိပ်မှုများအကြောင်း မှတ်တမ်းတင် ထားသော စာအုပ်ဖြစ် သည်။ အကြောင်းတိုက်ဆိုင်သည် ဟု ဆိုရမည်လား မသိ။ ထိုနေ့ညတွင်ပင် အာဏာသိမ်းမှုဖြစ်ခဲ့ပြီး မြန်မာသမိုင်းသည် ရှစ်လေးလုံးအရေးတော်ပုံ ကဲ့သို့ သမိုင်းတစ်ပတ်ပြန် လည်လာသည်။ မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်မှစ၍ အာဏာသိမ်းသံသရာမှ မရုန်း ထွက်နိုင်ဘဲ ဖြစ်သည်။ အာဏာသိမ်းမှုသည် မြန်မာပြည်သူပြည်သားမျိုးဆက်တိုင်း ကြုံတွေ့ရ မည့် မျိုးဆက် ကျိန်စာဆိုးတစ်ခုလိုဖြစ်နေသည်။

အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အဖြစ်အပျက်များက မြန်လွန်းလှသည်။ ပုံမှန်တည်ငြိမ်နေသော ရေပြင်သည် အဆက်မပြတ် လှိုင်းဂယက်ထလာသည်နှင့်တူသည်။  လူများ၊ ရက်စွဲများ၊ အဖြစ် အပျက်များသည် လှိုင်းဂယက်များအောက်တွင် ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်ဖြစ်နေသည်။ သေချာမှုသည် ဘာမှ မရှိ တော့။ မရေရာမှုများကသာ လူသန်းပေါင်းများစွာ၏ ဘဝကို လွှမ်းမိုး ထားသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံသားတစ်ဦး၏ ဝတ္တရားအတိုင်း စစ်အာဏာရှင်ကို ကျွန်တော်ဆန့်ကျင် ခဲ့သည်။ ရန်ကုန်မြို့ကြီး၏ လမ်းမပေါ်တွင် ရက်ပေါင်းများစွာ ဆန္ဒပြခဲ့သည်။ သို့သော် ရန်ကုန်တွင် ကျွန်တော်နဲ့ ကျွန်တော့် ညီသာ ရှိသည်။ ကျွန်တော် တစ်စုံတစ်ရာဖြစ်သွားလျှင် ကျွန်တော့်ညီကို ကူပေးမည့်သူမရှိ။ လုံခြုံမှုမရှိသော ကြောင့် ကျနော့်မွေးရပ်ဇာတိမြေ မင်းတပ်မြို့သို့ ပြန်လာခဲ့သည်။ အာဏာသိမ်းဆန့်ကျင်မှုများသည် တောမီးကဲ့သို့ တနိုင်ငံလုံးပြန့်နှံ့သွားပြီး မင်းတပ်မြို့ခံများ သည်လည်း ဆန္ဒပြရာတွင် တက်ကြွစွာပါဝင်လာခဲ့သည်။ မြန်မာနိုင်ငံ၏ တခြားမြို့နယ်များတွင် စစ်တပ်က ရက်ရက်စက်စက်ဖြိုခွင်းခဲ့သော်လည်း မင်းတပ်မြို့ကိုမူ ဖြိုခွင်းမှု မလုပ်သေး။ လပေါင်းများစွာ စောင့်ကြည့်နေခဲ့သည်။ သို့သော် ဧပြီလ (၂၄) ရက်နေ့တွင် ဆန္ဒပြသူ (၅) ဦးကို ဖမ်းဆီးလိုက်ခြင်းက အရာရာအားလုံးကို ပြောင်းလဲသွား စေခဲ့သည်။ မင်းတပ်မြို့သည် အကြမ်းမဖက် အနုနည်း ဆန္ဒပြရာမှ နောက်ဆုံးတွင် လက်နက်ကိုင်ခုခံ့သည့်အခြေသို့ တစ်ဆစ်ချိုး ပြောင်းလဲ သွားရသည်။  ဧပြီလ တိုက်ပွဲတွင် မင်းတပ်ပြည်သူ့ကာကွယ်ရေးဘက်က အသာစီးရခဲ့ သော်လည်း မြို့ကို ကြာရှည်မထိန်းထားနိုင်ခဲ့ ပါ။ မေလ (၁၂) ရက်တွင် တိုက်ပွဲတစ်ကျော့ပြန် စတင်လာပြီး သောင်းနဲ့ချီသော မြို့သူ၊ မြို့သားများ မြို့ကို စွန့်ခွာကာ တောသို့၊ တောင်သို့၊ ကျေးရွာများသို့ စစ်ဘေးရှောင်ရသည့် ဘဝသို့ ရောက်သွားရသည်။

စစ်ဘေးရှောင်အဖြစ်နေထိုင်ခြင်း – တောတွင်းသားဘဝ

မေလ (၁၂) ရက်နေ့ ညပိုင်းတွင် စတင်သော တိုက်ပွဲသည် မေလ (၁၄) ရက်သို့ ရောက်သောအခါ အပြင်းထန် ဆုံးအနေအထားသို့ ရောက်လာသည်။ သေနတ်သံ၊ ဗုံးသံ၊ အမြောက်သံများသည် မြို့တစ်မြို့လုံး၏ နေရာ အနှံ့တွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကျွန်တော်တို့ မိသားစု သည်လည်း အိမ်တွင် ဘယ်လိုမှ နေလို့မရ။ သေနတ်သံများက အိမ်နောက်ဖေးကြားထဲသို့ပင် ရောက်လာသည်။ အသက်အန္တရာယ်စိုးရိမ်ရ သဖြင့် ကျွန်တော်တို့မှာ ရှိသည့် ဆိုင်ကယ်များကို ထုတ်ကာ တစ်မိသားစုလုံး ထွက်ပြေးရသည်။ ကျွန်တော်တို့ မှာ မနက်ဖြန်သဘက်ခါလောက်တွင် တိုက်ပွဲပြန်ငြိမ် လောက်မည်ဟူသော မျှော်မှန်းချက်ဖြင့် မြို့အနီးအနား တောတွင် ပုန်းခိုကြသည်။ သို့သော် တိုက်ပွဲအရှိန်မသေသွား၊ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ ကျွန်တော်တို့ ရှောင်တိမ်းရသည့်တော မှာ ကျွန်တော့်အိမ်နဲ့ သိပ်မဝေးလှ၊ ဆိုင်ကယ်စီးပြီးပြန်သွားလျှင် ၅ မိနစ်‌ လောက်သာ ကြာ မည်။ သို့သော် ကျွန်တော်တို့ ပြန်မသွားရဲပါ။ မြို့အနီးအနားရှိ တောများ၊ ချုံများ၊ လျှိုမြောင်များ၊ ချောက်များတွင် ကျွန်တော်တို့မိသားစုနည်းတူ စစ်ဘေးရှောင်နေသော မိသားစု အများအပြားရှိသည်။ အားလုံးက ရက်ပိုင်းအတွင်း အိမ်ပြန်ရမည်ဟု မျှော်လင့်ကြသဖြင့် မြို့အနီးအနားတွင်သာ ပုန်းနေကြခြင်းဖြစ် သည်။

ကျွန်တော်တို့မှာ တိုက်ပွဲအနီးကပ်အတွင်းမှ ပြေးလာသဖြင့် စောင်များပင် အလုံအလောက်မပါ။ ကြမ်းတမ်းသော ၊ မညီညာသော တောင်စောင်းများတွင် တာလပတ်ခင်းကာ ဖြစ်သလို အိပ်ကြ ရသည်။ စောင်မရှိ၊ ကိုယ်နဲ့အတူ ပါလာသော အဝတ်တွေကို တတ်နိုင်သမျှ လုံအောင် ပတ်ကာ အိပ်ကြရသည်။ ဖြုတ်တွေ၊ ခြင်တွေက ကိုက်လှသည်။ မြို့အနီးတွင် စခန်းချရသဖြင့် ဘယ်အချိန် စစ်သားတွေ ချောင်းမြောင်းပြီး လာဖမ်းမလဲဟူသော စိုးရိမ်စိတ်ဖြင့် အိပ်ရေးပျက်ခဲ့ရသော ညများ ဖြစ်သည်။ တိုက်ပွဲတွေ ရပ်စဲသွားမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း တိုက်ပွဲမှာ ပို၍သာ ဆိုးရွား လာသည်။ စစ်တပ်သည် နောက်ပိုင်းတွင် တိုက်လေ ယာဉ်များကိုပင် အသုံးပြုကာ တိုက်ခိုက် လာသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ပို၍ လုံခြုံမည်ဟု ထင်ရသော တောနက်ဘက်သို့ ရွေ့ပြောင်းရသည်။ တောထဲတွင်လည်း မလုံခြုံသဖြင့် ပို၍ လုံခြုံမည်ဟု ထင်ရသသော တောင်စောင်း၊ ကမ်းပါးစောင်းများ၊ ချောက်များကို ရွေးကာ နေရာချရသည်။ ကျွန်တော်တို့ စခန်းချသော တစ်နေရာဆိုလျှင် ရေစမ်းနဲ့နီးသော တောင်စောင်းအပေါ်တွင်ဖြစ်သည်။ တောင်စောင်းမှာ ပြေလျှောနေသည်။ ဆင်ခြေလျှောပေါ်တွင် အိပ်လို့ ရအောင် ကျွန်တော်တို့ ပါလာသော ကိရိယာများဖြင့် တူးဆွကာ မြေညှိကြသည်။ သို့သော် မိသားစုအလိုက် နေကြရသည်ဖြစ်သောကြောင့် ကျွန်တော်တို့ တူးဆွသော မြေကွက်လပ်သည် မကျယ်၊ မရှည်။ ကျွန်တော်တို့မှာ  တောင်စောင်းမှာ မှေးတင်ပြီး ခန္ဓာကိုယ်ကို ဖြစ်သလို ကွေးညွတ်ပြီးအိပ်ရသည်။ တစ်မနက် ကျွန်တော်အိပ်ရာမှ ပြန်ထလာသောအခါ ကျနော့် ခါးပိုင်းသည် မြေကွက်လပ်အဆုံးတွင် ရောက်နေသည်။ ဒီထက်ပိုလျောသွားလျှင် ကျွန်တော် ကမ်းပါးအောက်သို့ ကျသွားနိုင်သည်။ ဤသို့ စိတ်ညစ်ငြူးစရာကောင်းလောက်အောင် ကျွန်တော်တို့ အနေ အစားဆင်းရဲခံကာ ကျွန်တော်တို့ စစ်ဘေးရှောင်ကြရသည်။ ထိုနေ့ရက်များသည် ကျနော့်ဘဝတွင် စိတ်ဓာတ် အကျရဆုံး ကာလများ ဖြစ်သည်။

စစ်ဘေးရှောင်ခြင်း – တကယ့်စစ်ဘေးရှောင်ဘဝ

မေလ (၁၇) ရက်နေ့သည် မြို့အနီးအနားတောစပ်တွင် ဘယ်လိုမှ နေလို့မရတော့သည့် အခြေအနေ ဖြစ်လာသည်။ တိုက်ပွဲတွေက ဆက်ရှိနေပြီး လွယ်လွယ်ကူကူနဲ့အဆုံးသတ်ဖွယ်မရှိ။ မင်းတပ် ကာကွယ်ရေးတပ် တစ်ချို့လဲ ဆုတ်ခွာနေကြပြီ။ မြို့ထဲသို့ ဘယ်သူမှ ဝင်လို့မရ။ ထိုနေ့ မနက်ခင်းတွင် တောထဲ၊တောင်ထဲ၊ မြို့ထဲမှ ပုန်းအောင်းနေသော မြို့သူ၊ မြို့သားများ အလျှိုလျှိုထွက်လာကြသည်။ ရာနဲ့ချီသော မြို့သူ၊ မြို့သားများ လမ်းမပေါ် လျှံကျလာသည်။ ဤမျှလောက်ရှည်လျားသော လူတန်း ကြီးကို ကျွန်တော် ရုပ်ရှင်ဇာတ်ကားနဲ့ သတင်းဓာတ်ပုံများတွင်သာ မြင်ဖူးခဲ့သည်။ အခုတော့ စိတ်ကူးနဲ့ သာ ပုံဖော်၍ ရသောမြင်ကွင်းများသည် တကယ်လက်တွေ့ဖြစ်လာခဲ့ပါပြီ။

မေလ (၁၇) ရက်နေ့တွင် ကျွန်တော်တို့သည်လဲ တခြားစစ်ဘေးရှောင်များနည်းတူ ကျေးရွာများ ဘက်ကို ရွေ့ပြောင်းကြသည်။ ကျွန်တော်နဲ့ ကျနော့်မိသားစု ပထမဆုံး အခြေချသော စစ်ရှောင်စခန်းမှာ ဝကောက် စစ်ရှောင်စခန်းဖြစ်သည်။ ထိုစစ်ရှောင်စခန်းတွင် စခန်း၏ခေါင်းဆောင် အဖြစ် တာဝန်ယူရသည်။ စားနပ်ရိက္ခာအလှူခံခြင်း၊ ထုတ်ယူခြင်း၊ ဖြန့်ဖြူးခြင်း၊ စစ်ရှောင်စခန်းရှိ မိသားစုများ၏ ပြဿနာများ၊ ဒေသခံများနှင့် ဆွေးနွေးညှိနှိုင်းမှုတို့ကို ကျွန်တော်လုပ်ရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အာဏာသိမ်းမှုတို့ကြောင့် ကလေးငယ်များ ပညာသင်ယူခွင့် မရသည်မှာ အလွန်ကြာလေပြီ။ ဒီပုံစံ အတိုင်းသွားလျှင် ကလေးများ အခြေခံစာရေး၊ စာဖတ်၊အတွက်အချက် မရတော့မည်ကို စိုးရိမ်ရသည်။ နောက်နှစ်ပိုင်း နှစ်ဆယ်ကျော်ကြာသောအခါ စာမတတ်သော မျိုးဆက်ပေါ်လာမည်ကို ကျွန်တော် အလွန်စိုးရိမ်သည်။ ထို့ကြောင့် ဒေသခံနဲ့ စစ်ရှောင်စခန်းရှိ ကလေးငယ်များ ပညာသင်ကြားခွင့်ရရန် ကျောင်းပြန်ဖွင့်ဖို့ ပြင်ကြသည်။ ရွာခံလူကြီးများနှင့်တွေ့ဆုံ ကာ ဘယ်အတန်းတွေဖွင့်မည်၊ ဆရာ/မတွေ ဘယ်လောက်လိုမည်၊ ဘယ်အဆောက်အအုံတွေကို သုံးမည်စတာတွေကို ဆွေးနွေးကြသည်။ ကျောင်းစာသင်ခန်းများကို သန့်ရှင်းရေးလုပ်ကြသည်။ စာသင်ပေးမည့် ဆရာ/မများကို အားလုံးစုစည်းပြီးပြီ။ တက်မည့် ကျောင်းသားတွေစာရင်းကိုလည်း အားလုံးပြုစုထားပြီးပြီ။ ဖွင့်ဖို့သာကျန်တော့သည်။ သို့သော် ကျောင်းစဖို့မည့် ရက်ပိုင်းအလိုတွင် စစ်ကောင်စီတပ်များက ကျွန်တော်တို့ဘက်ကို ထိုးစစ်ဆင်လာပြန်သည်။ စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်မိသားစုများ အားလုံး ထွက်ပြေးကြရသည်။ ဒေသခံများလည်း လွတ်ရာကျွတ်ရာသို့ ပုန်းရှောင်ကုန်ကြသည်။ ကျွန်တော်တို့လဲ ဝကောက်စစ်ရှောင်စခန်းတွင် ဆက်နေလို့မဖြစ်တော့ သောကြောင့် လုံခြုံမည့် နေရာများသို့ရွေ့ပြောင်းရပြန်သည်။ ထိုအချိန်မှစ၍ ဘယ်နေရာမှ ကျွန်တော်တို့ အတည်တကျ နေလို့မရတော့။ စစ်ကောင်စီက တစ်လတွင် အနည်းဆုံးနှစ်ကြိမ် ထိုးစစ်ဆင်လေ့ရှိရာ အမြဲရှောင် တိမ်းနေရသည်။ စစ်ရှောင်ပြီးရင်း ရှောင်နေရသည်။

ပညာရေးသမားတစ်ဦးဖြစ်လာခြင်း

စစ်ဘေးအကြိမ်ကြိမ်ရှောင်တိမ်းရသော်လည်း ဒုက္ခရောက်နေသော ပြည်သူများကို ကျွန်တော်ဘာ လုပ်ပေးနိုင်မလဲဆိုတာကို အမြဲစဉ်းစားနေခဲ့ပါသည်။ ကျွန်တော်သည် မူအားဖြင့် လက်နက်ကိုင် လမ်းစဉ်ကို ယုံကြည်သူမဟုတ်ပါ။ ထို့ကြောင့် ကျွန်တော် ပြည်သူ့ကာကွယ်ရေးတပ်ထဲတွင် မဝင်ခဲ့ပါ။ လက်နက်ကိုင်နည်းလမ်းမဟုတ်ဘဲ ကျွန်တော်ပြည်သူကို အကျိုးပြုနိုင် သောနည်းလမ်းတစ်ခုမှာ ပညာရေးတွင် ပါဝင်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် စီဒီအမ်ကျောင်းဆရာ/မများနှင့်စုပေါင်းကာ မင်းတပ်တစ်မြို့လုံးရှိ ကျေးရွာများတွင် ကျောင်းပြန်ဖွင့်ရန် ကြိုးစားကြသည်။  ကျောင်းပြန်ဖွင့်မည့် စီမံချက်တွေရေးဆွဲကြသည်။ ကျောင်း သားမိဘများကို စည်းရုံးကြသည်။ ကျောင်းတွေ ပြန်ဖွင့်ဖို့အရေး ရန်ပုံငွေ ရှာဖွေကြသည်။ ထို့ပြင် စာသင်ပေးမည့် စေတနာ့ဝန်ထမ်းဆရာ/မများ ထွက်ပေါ်လာစေရန် ရက်တိုသင်ကြားရေး နည်းနာသင်တန်းများ ပို့ချကြသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ရောက်သောအခါ မင်းတပ်မြို့ရှိ ကျောင်းရွာအားလုံးနီးပါးတွင် ကျောင်းတွေပြန်ဖွင့်ကြလာပါသည်။ အထူးသဖြင့် မူလတန်းများကို ပြန်ဖွင့်ကြသည်။ ကျွန်တော်တို့ဘက်ကလဲ တစ်မြို့နယ်လုံးကို လွှမ်းခြုံသော မြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ထူထောင်ကာ စေတနာ့ဝန်ထမ်းများ ၏ သင်ကြားရေး အတတ်ပညာတိုးမြှင့်ရေး၊ ကျောင်းများကို သင်ထောက်ကူပစ္စည်းထောက်ပံ့ရေးနှင့် ပညာရေးမူဝါဒဆိုင်ရာကိစ္စများကို ဆုံးဖြတ် ဆောင်ရွက်ကြ ပါသည်။ ဤသို့ဖြင့် ကျွန်တော်သည် ဘဝတွင် တစ်ခါမှ စိတ်ကူးမယဉ်ဖူးသော ကျောင်းဆရာ သို့မဟုတ် ပညာရေးသမားတစ်ဦးဖြစ်လာပါသည်။ ယခုဆိုလျှင် ကျွန်တော်တို့အဖွဲ့၏ ဦးဆောင်မှုဖြင့် မင်းတပ်မြို့ နယ်တွင် ကျောင်းပေါင်း ၁၇၂ ကျောင်းဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း (၁၂,၀၀၀) ကျော်ကို ပညာသင်ယူနေကြပြီဖြစ်သည်။ ဤကား ကျွန်တော်တို့စစ်ဘေးရှောင်ဘဝ ရောက်နေရ သော်လည်း၊ စစ်ဘေးကြုံရသော်လည်း ဆုံးဖြတ်နိုင်စွမ်းရှိသေးသည်၊ လူ့အဖွဲ့အစည်းအပေါ် အကျိုး ပြုနိုင် သေးသည်ဆိုသောအချက်ကို ပြသနေပါသည်။

စစ်ဘေးဒုက္ခသည်ဘဝ

မင်းတပ်မြို့နယ်၊ ပညာရေးအတွက် ကျွန်တော်လှုပ်ရှားဆောင်ရွက်ခဲ့သည်မှာ စေတနာ သက်သက်သာ ဖြစ်သည်။ ကျနော့် ဘာအခကြေးငွေမှ မရ။ ထို့ပြင် ရန်ကုန်ရှိ ကျနော့်မူရင်းအလုပ်ကို ပင်စွန့်လွတ်ခဲ့ရ သည်။ ကျွန်တော်စစ်ဘေးရှောင်ဖြစ်သည့်ကာလအတွင်း ကျွန်တော့်အစ်ကိုတစ်ဦးမှာ ထောက်ပို့ လုပ်ရင်း အသက်ဆုံးရှုံးခဲ့ရသည်။ ကျနော့်ညီမှာ တိုက်ပွဲအတွင်း လက်နက် ကြီးကျည်ကြောင့် ဒဏ်ရာရရကာ အကောင်းပကတိ သွားလာလှုပ်ရှားဖို့ မလွယ်ကူတော့။ ကျနော့်မိသားစုမှာလည်း ဘာဝင်ငွေမှ မရှိတော့သဖြင့် ရေရှည် စားဝတ် နေရေးအတွက် စိုးရိမ်လာရသည်။ ထို့ကြောင့် ကျွန်တော်လဲ မိသားစုထောက်ပံ့ရန်ဟူသော မျှော်လင့်ချက်ဖြင့် အိန္ဒိယဘက်သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့် အတွက် ရန်ကုန်ပြန်သွားလျှင် လမ်းတွင်အဖမ်းခံရဖို့များသဖြင့် အိန္ဒိယဘက်သို့ ရွေးချယ်ကာ ထွက် လာခဲ့ခြင်းဖြစ်သည်။

အမေရိကန် စာရေးဆရာမ Emma Larkin က သူ၏ နာမည်ကျော် “ဗမာပြည်၌ ဂျော့ချ်အိုဝယ်လ်ကို ရှာဖွေခြင်း” ဆိုသောစာအုပ်တွင် မြန်မာပြည်မှ ထွက်ခွာခြင်းနှင့်ပတ်သက်ပြီး ဤသို့ ရေးသား ခဲ့ပါသည်။

“အကယ်၍ သင်သည် ဗမာလူမျိုးတစ်ယောက်ဆိုပါက နိုင်ငံကနေ ထွက်ခွာရန် နည်းလမ်းနှစ်ခုရှိပါသည်။ ပထမနည်းလမ်းမှာ ထိုင်း သို့မဟုတ် အိန္ဒိယနယ်စပ်ကိုသွားကာ တစ်ဖက်ကမ်းကို ကူးလိုက်ဖို့ပဲဖြစ်သည်။ ထိုတဘက်ကမ်းသို့ကူးကာ တခြားသူများနည်းတူ ဌက်ဖျားရောဂါထူပြောသော ဒုက္ခသည်စခန်းတွင်နေထိုင်၍ တတိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံမှုရရန် သို့မဟုတ် မြန်မာနိုင်ငံကို ပြန်ရန် နိုင်ငံရေးပြန်ကောင်းလာမည့် အခြေအနေကို အဆုံးအစမဲ့စွာ၊ မျှော်လင့်ချက်ကင်းမဲ့စွာ စောင့်ဆိုင်းရမည်ဖြစ်သည်။… ဒုတိယနည်းလမ်းမှာ ပို၍ပင်ခက်ခဲပါသည်။ တရားဝင်လမ်းကြောင်းမှ ထွက်ခွာခြင်းဖြစ်သည်။ ဗမာလူမျိုးအများစုတွင် နိုင်ငံကူး လက်မှတ်မရှိကြဘဲ နိုင်ငံခြားသို့ကူးရန် အစိုးရထံ ယာယီအထောက်အထားစာရွက်စာတမ်းများကို တင်ကြရပါသည်။… နိုင်ငံကူးလက်မှတ်လျှောက်ထားသည့်ကာလမှာ တစ်လမှ တစ်နှစ်ခန့်အထိ ကြာနိုင်ပြီး လာဘ်များစွာထိုးပြီးနောက်ပိုင်းတွင်ပင် လက်မှတ်ရရန် မသေချာပါ။ ဤအခြေအနေကိုပိုဆိုးရွားစေသည်မှာ ဗမာနိုင်ငံသားများအနေနဖြင့် နိုင်ငံခြားငွေ ပိုင်ဆိုင်ခွင့်မရှိခြင်းဖြစ်သည်။”(Larkin, 2005)

ဤစာကို Emma Larkin ရေးသည့်အချိန်မှာ ၂၀၀၃ ခုနှစ်လောက်က ဖြစ်သည်။ ပြောရလျှင် နှစ်ပေါင်း (၂၀) ကျော်ခဲ့ပြီ။ မြန်မာပြည်၏ အနေအထားမှာ ပြောင်းလဲမှု သိပ်မရှိ၊ ပို၍သာဆိုးလာသည်။ ဥပမာ ၂၀၂၀ မတိုင်ခင်က မြန်မာပြည်စစ်ဘေးရှောင်ဦးရေမှာ ၃ သိန်းကျော်သာရှိခဲ့သည်။ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ဘေးရှောင်ဦးရေမှာ ၂ သန်းခန့်နီးပါးရှိလာသည် (UNHCR, 2023)။ မြန်မာပြည်သည် လူ့ဒုက္ခကပ်ဘေး ကြီးကို ယခင်ကထက် အဆများစွာ ရင်ဆိုင်နေရသည်။ ဤဒုက္ခကပ်ကြီး ဘယ်အချိန်ပြီးမည်ကို  မသိနိုင်။ မသေချာမရေရာမှုများနှင့် ထွက်ပေါက်မရှိသော အခြေအနေတွင် မြန်မာနိုင်ငံရှိ လူသန်း‌ ပေါင်းများစွာ နေထိုင်ရသည်။ ကျွန်တော်သည်လည်း ထိုသန်း ပေါင်း များစွာထဲက တစ်ဦးပင်ဖြစ်ပါ သည်။

ယခုချိန် ကျနော့်ကို ရွေးချယ်ခွင့်ပေးမည်ဆိုလျှင် ဘေးကင်းကင်းနှင့် နေရပ်ပြန်ရေးသည် ပထမဦးစား ပေးဖြစ်ပါမည်။ ဘယ်သူမှ ကိုယ်နဲ့ မရင်းနှီးသည့်၊ သူစိမ်းဆန်သည့်၊ ယဉ်ကျေးမှုကွဲပြားသည့်၊ နိမ့်ကျသည့် စစ်ဘေးဒုက္ခသည် ဘဝမျိုးမရောက်လိုပါ။ သို့သော် လက်ရှိ မြန်မာပြည် စစ်ပွဲများက စစ်တပ်အာဏာ မပြိုလဲသည်အထိ ရပ်တန့်သွားဖွယ်မရှိပါ။ လူသန်းပေါင်း များစွာ အတိဒုက္ခ ရောက်ရဦးမည်၊ ထွက်ပြေးရဦးမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် နယ်စပ်ဒေသများတွင် အဆုံးအစမဲ့စွာ၊ မျှော်လင့်ချက်မဲ့စွာ စောင့်ဆိုင်းနေသည့် စစ်ဘေးဒုက္ခသည်ဦးရေမှာ ပို၍တိုးပွားလာဦးမည့်လက္ခဏာ ဖြစ်သည်။

မြန်မာပြည်ရှိ လူ့ကပ်ဆိုးကြီးကား သက်ဆိုးရှည်နေဦးမည်ဖြစ်သည်။

__________________________________________________
This work was carried out with the aid of a grant from the International Development Research Centre, Ottawa, Canada, and is funded by the Government of Canada.
 
 
ဇလပ်မြေ(ကလောင်အမည်) သည် ယခုအချိန်တွင် ချင်းရေးရာအဖွဲ့(Institute of Chin Affairs Inc – ICA)တွင် သုတေသနပြုနေသူဖြစ်သည်။
 
 
Artwork Credit: Zack Fronicz