November 3, 2023, Comment off

ဘဝထဲကသက္ကရာဇ်တစ်ခု-၂၀၂၁ ဖေဖော်ဝါရီက ကိုယ့်ဘဝကို ဘယ်လိုပြောင်းလဲခဲ့သလဲ

ဒေါ့သ် (ကလောင်အမည်) သည် ချင်းပြည်နယ်မှ CDM တစ်ဦးဖြစ်ပြီး ဤဆောင်းပါးတွင်သူမ၏ ဘဝမည်သို့ ပြောင်းလဲခဲ့ရပုံနှင့် စစ်အာဏာမသိမ်းမီနှင့် သိမ်းပြီးကာလများတွင် သူမဖြတ်သန်းခဲ့ရသည်များကို ဖော်ပြထားသည်။

This post was originally published by Tea Cycle on September 27, 2023

ကျွန်မသိချင်မိတယ်။ အမြဲတမ်းလည်း တွေးကြည့်မိပါတယ်။ မျက်မမြင် တစ်ယောက်က သူတစ်ခါမှ မမြင်ဖူးတဲ့ လောကကြီးကို ဘယ်လို ပုံဖော်နေမလဲ။ သူမမြင်ရတဲ့လမ်းကို ဘယ်လို ရှေ့ဆက်သွားဖို့ အင်အားတွေ ရှိနေမလဲ။ အမှောင်လောကကြီးထဲမှာ သူဘယ်လိုခွန်အားတွေမွေးပြီး ဘဝကို အရှုံးမပေးဘဲနဲ့ ရှေ့ဆက်မလဲဆိုတာတွေကိုပေါ့။

ဘဝအားမာန်အပြည့်နဲ့ အိမ်မက်တွေကို ပုံဖော်ဖို့၊ မျှော်မှန်းထားတဲ့ပန်းတိုင်ဆီ အရောက်လှမ်း ဖို့ တက်ကြွနေတဲ့ ဘွဲ့ရပြီးခါစ လူငယ်တစ်ယောက်ရဲ့ ဘဝကို မြင်ယောင်ကြည့်လိုက်ပါ။ သူ့ဘ၀ဟာ မျှော်လင့်ချက်ရောင်ခြည်တွေနဲ့ တောက်ပလို့။ အနာဂတ်အစီအစဥ်တွေနဲ့  ပြည့်လျှမ်းလို့။ သို့သော် မျှော်လင့်မထားပါဘဲ ရုတ်တရက် ကံဆိုးမိုးမှောင်ကျပြီး ယောင်ချာချာနဲ့ အနာဂတ်လမ်း တွေမမြင် ရတဲ့အခါ ဘယ်လိုဖြစ်နေမလဲ ဆိုတာကို တွေးကြည့်ဖူးပါသလား။ စဉ်းစားကြည့်ဖူးပါသလား။  ပကတိအလင်းရောင်ကို မြင်နိုင်ဖို့က မျက်မမြင်တစ်ယောက်ရဲ့ ဆုတောင်းဆန္ဒများ ဖြစ်လေမလား။ မှောင်မိုက်နေတဲ့ ဘဝလမ်းခရီးမှာ မျှော်လင့်ချက် ရောင်ခြည်တစ်စကို လှမ်းမြင်နိုင်ဖို့ကလမ်းပျောက် နေတဲ့ လူငယ်တစ်ယောက်ရဲ့ အခန်းတောင့်တစ်နေရာက ဆုတောင်းသံများ ဖြစ်နေမလားပဲ။

ကျွန်မက ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလမှာ တက္ကသိုလ်တစ်ခုက ကျောင်းပြီးလို့ ဘွဲ့ရခဲ့ပါတယ်။ လူငယ်တစ်ယောက်အဖြစ် လူ့လောကအသိုင်းအဝိုင်ထဲကို တိုးဝင်ဖို့၊ ပတ်ဝန်းကျင်ထဲက ဘဝ အဓိပ္ပာယ်တွေ ရှာဖွေဖို့၊ လောကသဘာဝကို ကိုယ်တိုင်ကိုယ်ကျ စူးစမ်းဖို့၊ ကိုယ်ခြေထောက်ပေါ်ကို ရပ်ပြီး ရှေ့ဆက်ရမယ့်ခရီးလမ်းကို ဖောက်လုပ်ဖို့ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ စိတ်ဓာတ်ခွန်အားများ ပြည့်နှက်နေခဲ့ပါတယ်။

ကိုယ်ရရှိခဲ့တဲ့ ဘွဲ့နဲ့လိုက်လျောညီရှိမယ့် အလုပ်တွေကို ရှာရင်ဖွေရင်းနဲ့ အစ္စရေးနိုင်ငံကို သွားဖို့ ပြင်ဆင်နေခဲ့တယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ တစ်ကမ္ဘာလုံး ပျံ့နှံ့ဖြစ်ပွား နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် အစ္စရေးနိုင်ငံဘက်က  အားလုံးဖျက်သိမ်းခံခဲ့ရပါ တယ်။ ကိုယ့်အိပ်မက်နောက်လိုက်ဖို့ အားမလျော့ဘဲ မိမိတတ်နိုင်သမျှ အားခွန်သွန်စိုက်ပြီး ဆက်လက်ကြိုးစားခဲ့တယ်။ အဆိုးထဲကအကောင်းဆိုသလိုဘဲ မမျှော်လင့်ဘဲ စိုက်ပျိုးရေးဦးစီးမှာ ဒုဦးစီးရာထူး ဖြေဆိုဖို့ ကြေငြာစာတွေ့ပြီးဝင်ဖြေခဲ့တယ်။ အဲ့လိုနဲ့ဘဲ ကိုယ့်ဇာတိမှာပဲ ကံကောင်းတဲ့ အရာရှိပေါက်စပြည်သူ့ ဝန်ထမ်းအနေနဲ့ ကိုယ်ကျရာတာဝန်ကို တတ်နိုင်သမျှထမ်းဆောင်ပြီး ကိုယ့်ရပ်ရွာဇာတိကို အကျိုး ပြုရင်း နောက်ထပ် ကျွန်မရဲ့ပန်းတိုင်အိမ်မက်တွေအတွက် နောက်ထပ် အစီအစဉ်တွေချနေခဲ့ပါတယ်။ ရဖို့ခက်ခဲတဲ့လူ့ဘဝတိုတိုလေးမှာ ပျော်ပျော် ရွှင်ရွှင်နဲ့ နေထိုင်ရှင်သန်ဖို့ က ကျွန်မရဲ့ ဆောင်ပုဒ်ဖြစ်တဲ့အတိုင်း တက်လိုက်ကျလိုက် ဘဝဇာတ်ခုံထဲမှာမျောရင်း ငိုလိုက် ရယ်လိုက်၊ စိတ်ဓာတ်ကျလိုက် ပြန်ရုန်းထ လိုက်၊ တစ်ခါတစ်လေမှာ ရင်ခုန်စိတ်လှုပ်ရှားရင်း၊ ရံဖန်ရံခါ အသည်း ကွဲရင်းနဲ့ လူငယ်ဘဝကို ပီပီပြင်ပြင် ဖြတ်သန်းရင်း အလုပ်ရှုပ်နေခဲ့ပါတယ်။

ဘဝဆိုတာ ရှေ့ကိုကြိုမမြင်နိုင်လို့ ပိုကောင်းတာလား ပိုဆိုးတာများလား။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ ဒီနေ့က စတင်ပြီး ကျွန်မတို့ဘဝရဲ့ အလင်းရောင်တွေပျောက်ကွယ်ပြီး မျက်မမြင်တစ်ယောက်လို လမ်းပျောက် သွားလိမ့်မယ်လို့ ယောင်လို့တောင်မတွေးထားဖူးခဲ့ဘူး။ မနက်ရောက်တော့ ဆက်သွယ်ရေးလိုင်းတွေအကုန်ပြတ်တောက်နေခဲ့ပြီး ဘဝတွေ အမှောင်ချခံ၊ အကျဉ်းချခံရမယ် မှန်းတောင်မသိဘဲ ညနက်ထိထိ ပျော်ပျော်ပါးပါးနဲ့ PUBG (စစ်တိုက်တဲ့ဂိမ်း)ကို သူငယ်ချင်းတွနဲ့ ဆော့နေခဲ့ကြတယ်။ နောက်နေ့ရက်တွေမှာ အပြင်မှာတကယ့် သေနတ်အစစ်တွေကိုင်ပြီး စစ်မြေပြင် မှာပြေးလွှားနေကြရလိမ့်မယ်လို့ ဘယ်သူကမှစိတ်မကူးဖူးလောက်ဘူးလို့ ထင်တယ်။ ဖေဖော်ဝါရီ ၁ရက်နေ့ မနက် အိပ်ယာနိုးတော့ ဖုန်းလိုင်းပြတ်နေလို့ ကျွန်မဖုန်းကြောင်နေတာ လားဆိုပြီး ဖုန်းကို နှစ်ခါလောက် restart လုပ်တာမရတော့ အိပ်ယာထ ရုံးသွားဖို့ ပြင်ဆင်ပြီး ရုံးသွားခဲ့တယ်။ ရုံးရောက်တော့ စကစရဲ့ရုပ်သံလိုင်းMRTVမှတဆင့် စကစက အာဏာသိမ်းသွား ပြီဆိုတာသိခဲ့ရတော့ ကျွန်မရဲ့ကမ္ဘာပြိုပျက်တော့မယ်ဆိုတာကိုတွေးပြီး စိတ်ခြောက်ခြားခဲ့ရတယ်။ ငယ်ငယ်တုန်းကလို အမှောင်ချခံဘဝ၊ ဘောင်ခတ်ခံရတဲ့ဘဝကို လုံးဝပြန်မသွားချင်တဲ့စိတ်နဲ့ ပြည့်နှက်နေပေမယ့် ငါဘာလုပ်နိုင်မလဲဆိုတာကိုတော့ မတွေးနိုင်ခဲ့ဘူး။

အဲ့လိုနဲ့ဖုန်းလိုင်းကသုံးရက်လောက်မရဘဲ ယောင်ချာချာနဲ့ တနေ့တနေ့ကုန်ဆုံးနေခဲ့တယ်။ တစ်ပတ််လောက်ကြာတော့ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာကိုယ့်ဆန္ဒကိုဖော်ထုတ်ရင်း မတရား အာဏာလုပြီး ကျွန်ုပ်တို့ဘဝတွေကို တသက် လုံးအမှောင်ထဲ အကျဉ်းချထားမယ့် စစ်ကောင်စီကို  တော်လှန်ခြင်း စတင်ခဲ့ ကြပါတယ်။ “ တော်လှန်ရေးကြီးအောင်ဖို့အရေး CDMမှာ ပါဝင်ပေး” ဆိုပြီး နေပူထဲလမ်းပေါ်ထွက်ဆန္ဒပြရင်း ကျွန်မရဲ့ တော်လှန်ရေးခြေလှမ်းဖြစ်တဲ့ CDMဆိုတဲ့ လမ်းမပေါ် စတင်ရောက်ရှိခဲ့တယ်။ လမ်းမပေါ်တက်ပြီး အသံကုန်အော်ဟစ်ပြီး ကျွန်မရဲ့ ရင်ထဲကဆန္ဒတွေကို ပြည်သူတွေနဲ့တသားတည်း ထုတ်ဖော်ခဲ့ကြတယ်။ သို့သော် အာဏာရူးနေတဲ့ လူတစ်စုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်သားနဲ့ ရဲတွေက ဖမ်းဆီးပြီး သတ်ဖြတ်မှုတွေ လုပ်လာ ခဲ့ကြပါတယ်။ နေ့ဘက်လမ်းပေါ်ဆန္ဒပြ မထွက်ရတဲ့နောက်ပိုင်း  ညဘက် တွေကိုယ့်အိမ်မှာ မအိပ်ရဲဘဲ တစ်နေရာမှာ သူငယ်ချင်းတွေစုကြပြီး ညနက်မှာ စာစောင်တွေ၊ ရုပ်ပြကာတွန်းတွေကို လမ်းမပေါ် လမ်းဘေးတွေမှာကပ်ပြီး မိမိ၏ဆန္ဒများကို ရတဲ့နည်းနဲ့ ရနိုင်သလောက်ထုတ်ဖော်ခဲ့ ကြတယ်။ ညဘက်တွေမှာ သံပုံးတွေတီး၊ ဘုရားကျောင်းမှာ ဆုတောင်းပွဲတွေလုပ်၊ ပျောက်ကြား ဆန္ဒပြတာတွေ လုပ်ပြီးလည်း မိမိဆန္ဒတွေကို မရပ် မနားဘဲ ဆက်လက်ဖော်ထုတ်ခဲ့ကြပါသည်။ စိတ်မကောင်းပေမယ့် ကျွန်ုပ်တို့ရဲ့ ဆန္ဒပြတာတွေ CDMလုပ်တာတွေက ကျွန်မတို့နိုင်ငံကိုအရင်လို ငြိမ်းချမ်းအောင် အလုပ်မဖြစ်ခဲ့ဘူး။ အချိန်ကြာလာတော့ ဆန္ဒပြရုံနဲ့မဖြစ်နိုင်မှန်းသေချာလာခဲ့တော့ ကျွန်မသူငယ်ချင်းတစ်ချို့လည်း အများအကျိုးသယ်ဖို့ အနာဂတ်တွေလှပဖို့ ကိုယ့်ရဲ့ပစ္စုပ္ပန် အသက်ကိုစတေးပြီး တောထဲသွား လက်နက်ကိုင်တော်လှန်ရေးကိုစတင်လာခဲ့ကြတယ်။ ကျွန်မလည်းအလုပ်ထုတ်ပယ်စာရောက် လာပြီး ဝန်ထမ်းအိမ်ယာကနေဖယ်ပေးဖို့ စာထွက်လာတော့ ကျွန်မနေခဲ့တဲ့ ဝန်ထမ်းအိမ်ယာကနေ ဆင်းပြီး မိဘအိမ်ကို အလုပ်လက်မဲ့ သမီးတစ်ယောက်အနေနဲ့ ပြန်လည်ရောက်ရှိလာခဲ့တယ်။

အိမ်မှာနေရင်း ကုမ္ပဏီ၊ NGO တွေမှာအလုပ်လျှောက်ခဲ့ပေမယ့် အလုပ်အကိုင်ရှားပါးတာရယ် နိုင်ငံရေး အခြေ အနေတွေကြောင့် အလုပ်သစ်ရဖို့ခက်ခဲခဲ့တယ်။ တချို့လုပ်ငန်းခွင်တွေမှာ CDMer ကို အလုပ်မခန့် ချင်တာ တွေကြုံတွေ့ရတယ်။ သားအမိနှစ်ယောက်စလုံး CDMလုပ်ခဲ့တာမို့ အချိန်ကြာလာတော့ စားဝတ်နေရေး တဖြည်းဖြည်း ကြပ်တည်းလာခဲ့တယ်။ တခြားစီးပွားရေးလုပ်ဖို့ ငွေအရင်းအနှီးမရှိတဲ့အပြင် စီးပွားရေးစတင်ဖို့အတွက် နိုင်ငံကလည်း ကောင်းတဲ့အခြေအနေမှာ မရှိနေခဲ့ဘူး။  မိသားစုစားဝတ်နေရေးအတွက် ပြည်ပထွက်ခွာပြီး အလုပ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ကျွန်မအမေကနှလုံးအားနည်းလို့ အမေ့ကိုထားပြီး ထွက်သွားဖို့အဆင်မပြေခဲ့ဘူး။ ကျွန်မညီမလေး ကလည်း တောမှာ လက်နက်ကိုင်ဖို့ ထွက်ခွာသွားတော့ မိသားစုတာဝန်တွေက သမီးကြီးဖြစ်တဲ့ ကျွန်မအပေါ် ကျရောက်လာခဲ့တယ်။

အချိန်တွေကုန်လာတာနှင့်အမျှ စကစဘက်က ဧည့်စာရင်းစစ်ပြီး CDMလုပ်တဲ့ဝန်ထမ်းတွေ၊ လူငယ်တွေကို ဖမ်းဆီးပြီး အကျဉ်းချတာတွေ နှိပ်စက်တာတွေ ပြုလုပ်မှုများလာခဲ့တယ်။ ညဘက် တွေမှာ သေနတ်ပစ်ခတ်ကြတဲ့အသံ၊  လက်နက် ကြီးပစ်ခတ်တဲ့အသံတွေကို မကြားမချင်း  ကောင်းကောင်းအိပ်မောကျဖို့ ခက်ခဲတဲ့အထိ ဖြစ်လာတယ်။ ဘယ်ချိန်မှာ ဘယ်နေရာ ပစ်ခတ် ကြမလဲ။  လက်နက်ကြီးကငါတို့ကိုများ လာထိမှာလား။ ဘယ်မှာဘယ်သူတွေထိခိုက်မလဲ ဆိုတာ အမြဲ တွေးပူပြီး မအိပ်ရတဲ့ည ဆက်တိုက်များလာတော့ အမေ့ရဲ့ နှလုံးအားနည်းတာက တရက်ပြီး တရက်ဆိုးရွားလာခဲ့သည်။ ဒီလိုနဲ့ဘဲ ရှိတာလေးတွေကိုစု၊ ရောင်းလို့ရတာတွေကိုရောင်းပြီး ရလာ သမျှ ပိုက်ဆံလေးနဲ့ အန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်ဖို့ အမေ၊ ညီမ၊ မောင်လေး နှင့်အတူ ထွက်ခွာလာခဲ့ကြသည်။

မီဇိုရမ်ရောက်ပြီး သုံး၊လေးလလောက်အထိ အသံနည်းနည်းကျယ်တာတွေ ကြားရတိုင်း အမြဲထိတ်လန့်နေရသေးတယ်။ ရယ်ရခက်ငိုရခက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်လေးတစ်ခု ပြောပြချင်တယ်။ ညနေခင်းတစ်ခုမှာ ကျွန်မညီမလေးနဲ့ တခြား စစ်ဘေးရှောင်ကလေးတွေနဲ့ ဈေးသွားပြီး အပြန်လမ်းမှာ အန္ဒိယရဲတွေက သူတို့အခမ်းအနားတစ်ခုအတွက် သေနတ်တွေ ဖောက်ပြီး လေ့ကျင့်နေကြတယ်။ သေနတ်သံကြားတော့ ကလေးတွေက ထိတ်လန့်အော်ဟစ်ပြီး လမ်းပေါ်မှာ ဝပ်ပြီးကျည်ကို ရှောင်ခဲ့ကြတယ်။ လမ်းပေါ်သွားလာနေတဲ့ လူတွေ တစ်ချို့က ရူးနေကြတာလားဆိုပြီး လှောင်ရယ်ပြီး ပြောကြတယ်။ တစ်ချို့က ဘာဖြစ်နေကြတာလဲဆိုပြီး ကြောင်ကြည့်နေကြတယ်။ ကျွန်မက ဘာမှမဖြစ်ဘူး သူတို့ဒီအတိုင်း လေ့ကျင့် နေတာပါဆိုပြီး ကလေးတွေကို ချော့မော့ပြောဆိုပြီး အိမ်ကိုပြန်လာခဲ့ကြတယ်။ အဲ့အကြောင်းကို ပြန်တွေးမိတိုင်း ရင်နာပြီး စကစကို ပိုပိုပြီးနာကျည်းမိတယ်။

မီဇိုရမ်ကိုရောက်လာတော့လဲ ကိုယ်မျှော်လင့်ထားတာထက် ဘဝကပိုခက်ခဲကြမ်းတမ်းခဲ့ တယ်။ စားသောက်ဆိုင်၊ အထည်ဆိုင်တွေမှာ အလုပ်လုပ်ဖို့ကြိုးစားကြည့်ပေမယ့် ဘာသာစကား အခက်အခဲကြောင့် အလုပ်မလုပ်နိုင်ခဲ့ဘူး။ တစ်ခါ ညနေခင်းထမင်းစားပြီးလမ်းလျှောက်ကြတော့ ဒေသခံအမျိုးသမီးကြီးတစ်ယောက်ကမေးတယ် “စစ်ဘေးရှောင်တွေလား” တဲ့။ “ဟုတ်” လို့ဖြေတယ်။ “ကျောင်းတက်ကြလား” လို့ထပ်မေးတော့ “မသွားဘူး ဘွဲ့ရပြီးသား” လို့ ဖြေတာ “အခုဘာလုပ်နေလဲ”မေးတော့ “အိမ်မှာနေရင်း လိုင်းပေါ်ကသင်တန်းလေးတွေဘဲတက်ဖြစ်တယ် ဘာအလုပ်မှမလုပ်ဖြစ်ဘူး” လို့ဘဲဖြေလိုက်တယ်။ သူတို့ မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ အိုင်ဇောလ်မြို့က သူ့အမျိုးအိမ်မှာအိမ်ဖော်လုပ်ဖို့ရှာနေကြတာ လုပ်ချင်လားလို့ မေးခံရတော့ မျက်ရည်ကဝေ့တက်ပြီး ဒေါသအရမ်းထွက်လာတယ်။ မြန်မာပြည်က ဘွဲ့တစ်ခုကို အထင်သေးတာ လား မြန်မာလူမျိုးဖြစ်တာကို အထင်သေးတာလားဆိုပြီး အတွေးအမျိုးမျိုးကိုတွေးမိခဲ့တယ်။

တစ်နေ့တစ်နေ့ အလုပ်ရဖို့ အားမလျှော့စတမ်း ဆက်လက်ရှာဖွေနေခဲ့သည်။ အိမ်မှာနေရင်း တစ်ချို့ မြေပြင်မှာလုပ်ဖို့ခက်ခဲတဲ့ ဌာနတွင်း CDM စာရင်းကောက်တာတွေ၊ တတ်နိုင်သမျှ ထောက်ပံ့ကြေး ရနိုင်ဖို့၊ သတင်းအချက်အလက်တွေဝေမျှနိုင်ဖို့၊ ဆက်လက်ပြီးအလုပ်တွေဆောင်ရွက်နိုင်ဖို့  NUG ကိုချိတ်ဆက်နိုင်ရန် ချင်းပြည်နယ် စိုက်ပျိုးရေးဌာန တာဝန်ခံ တစ်ယောက်နေဖြင့် လုပ်အားပေး ပါဝင်နိုင်ခဲ့တယ်။ တခြားတိုင်းနှင့်ပြည်နယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်ကြပြီး အိမ်မီးလောင်ဆုံးရှုံးသွားတဲ့ CDMer နှင့် မီးဖွားခါစ CDMerတွေအတွက် ထောက်ပံ့ကြေးများကို ရယူဝေမျှပေးနိုင်ခဲ့တယ်။ မိမိအတွက်အကျိုးစီးပွားမရပေမယ့် သူများကိုကူညီပေးနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို ကြည်နူးပီတိဖြစ်ပြီး အရမ်းပျော်ရွှင်ခဲ့တယ်။ အဲ့လိုနဲ့နေလာရင်းနဲ့ တစ်နေ့တော့  စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ မီဇိုရမ်မှာရှိနဲ့ ချင်းအဖွဲ့ အစည်းတစ်ခုမှာ အလုပ်ရခဲ့တယ်။ ဌာနဆိုင်ရာအလုပ်တွေကို တခြားကူညီပေးနိုင်မယ့် Senoirတစ်ယောက်နဲ့လွှဲပေးခဲ့ပြီး စစ်ဘေးရှောင်တွေကူညီတဲ့အလုပ်မှာ တတ်နိုင်သလောက် အားဖြည့်ပေးခဲ့တယ်။ မီဇိုရမ်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေ တစ်ခုပြီးတစ်ခုသွားရောက်ပြီး သူတို့အတွက်အခြေခံလိုအပ်ချက် များဖြစ်တဲ့ စားဝတ်နေရေးအတွက် လိုအပ်ချက်တွေကို ပုံနဲ့တကွအချက်အလက်တွေကောက်ယူပြီး အလှူရှင်များဆီကို တင်ပြခဲ့တယ်။ စစ်ဘေး ရှောင်တွေအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ကူညီခွင့်ရခဲ့တယ်။

တစ်နေ့တော့ စစ်ဘေးရှောင်စခန်းတွေသွားရင်း CDMer တွေနေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခု ရောက်ခဲ့တယ်။ သူတို့တွေနဲ့ စကားစမြည်ပြောရင်း သူတို့ဘာအလုပ်တွေလုပ်နေလဲ၊ ဘယ်လိုဘဝကို ရုန်းကန်နေရလဲ ဆိုတာမေးမိတယ်။ တောင်ယာခုတ်၊ ကုန်တင်ကုန်ချ၊ သစ်ခုတ်၊ အိမ်ဖော်၊ စားပွဲထိုး စသည်ဖြင့် အလုပ်ကြမ်း တွေလုပ်ရတာကို ကြားခဲ့ရ တော့အရမ်းစိတ်ထိခိုက်ခဲ့တယ်။ တချို့ဆို အလုပ်ကြမ်းဒဏ်မခံနိုင်လို့ ဖျားပြီး အလုပ်လုပ်ပြီးရတဲ့ပိုက်ဆံထက် ဆေးဖိုး မှာပိုကုန်တယ် ဆိုတာတွေကြားခဲ့ရတယ်။ ငါတို့လုပ်နိုင်တဲ့ တခြားရုံးအလုပ်၊ ကုမ္ပဏီအလုပ်မျိုး မရှိဘူးလားလို့ မေးခွန်းတွေထုတ်နေမိတယ်။

တစ်ရက် Facebook မှာသတင်းတွေဖတ်နေရင်း Institute of Chin Affairs (ICA) ကနေ Research Fellows တွေခေါ်တဲ့ ကြော်ငြာစာကိုတွေ့ခဲ့တယ်။ ကိုယ်သိချင်နေခဲ့တဲ့ အဖြေကို ရှာဖွေဖို့လမ်းစဖြစ်နိုင်တယ်ဆိုပြီး လျှောက်ဖြစ်ခဲ့တယ်။  ကံကောင်း ထောက်မစွာနဲ့ ICAမှာ Research Fellowsအနေနဲ့ အခုချိန်မှာ ကျွန်မအရမ်းသိချင်နေခဲ့တဲ့ မေးခွန်းအဖြေကို ရှာဖွေရင်း ပါဝင်နေပါတယ်။ CDMer တွေရဲ့အလုပ်အကိုင်အခွင့်အလမ်းနဲ့ပက်သက်ပြီး အကျိုးရှိတဲ့စာတမ်း တစ်ခုရရှိနိုင်ဖို့က ကျွန်မရဲ့ပန်းတိုင်တွေထဲကတစ်ခုဖြစ်လာတယ်။

ဘဝကသူ့ဟာသူအဆင်ပြေနေတယ်ထင်ရပေမယ့် ကျွန်မစိတ်ကူးယာဉ်ပြီး မျှော်လင့်ထား သလိုမျိုးမဟုတ်ခဲ့တော့ လူသားတွေရဲ့သဘာဝအတိုင်း စိတ်ဓာတ်ကျရတဲ့အချိန်တွေများခဲ့ပါတယ်။ အမေကကျွန်မကို “သူ့သမီးနာမည်ရှေ့မှာ လူတွေက Dr. ဆိုတဲ့ဟာထည့်ခေါ်တဲ့ဟာကို အရမ်းကြား ဖူးချင်တာဘဲ” ဆိုပြီး သူ့ဆန္ဒတစ်ခုကိုပြောပြဖူးတယ်။ ဒီလိုနဲ့ ကျောင်းဆက် တက်ဖို့က ကျွန်မရဲ့ ပန်းတိုင်တစ်ခုအလိုလိုဖြစ်လာခဲ့တယ်။ အလုပ်လုပ်ရင်း မာစတာဆက်တက်ဖို့ စကော်လားရှစ် လျှောက်ရန်လိုအပ်တဲ့ဘာသာစကားနှင့် တခြားလိုအပ်တဲ့အချက်အလက်တွေကို လက်လမ်းမှီ သလောက် ပြင်ဆင်နေခဲ့တယ်။ ဒါပေမယ့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့က ကျွန်မဘဝကို ပြောင်းလဲပစ်မယ်လို့ မထင်ထားခဲ့ဘူး။ အခုချိန်မှာတော့ CDMer ဖြစ်လို့ passport လည်း မလုပ်ရဲဘဲ မီဇိုရမ်မှာစစ်ဘေးရှောင်တစ်ယောက်အနေနဲ့ သောင်တင် ကျန်နေတယ်။ တစ်ခါတစ်လေတော့ လူမှုကွန်ယက်တွေမှာ သူငယ်ချင်းတွေ စကော်လားရှစ်ရပြီးကျောင်းတက်နေတဲ့ပုံတွေ၊ exchange programme တွေနဲ့နိုင်ငံခြားသွားပြီးသင်တန်းတွေတက်ရတာတွေ၊ နိုင်ငံရပ်ခြားသွားပြီး အလုပ် လုပ်နေတဲ့ပုံတွေမြင်ရတော့ ကျွန်မစိတ်ဓာတ်မကျဘူး ဘာမှမခံစားရဘူးလို့ပြောရင် ကိုယ့်ကိုယ်ကို လိမ်ညာ နေတာ ဘဲဖြစ်လိမ့်မှာပေါ့လေ။ ဒါပေမယ့်လည်း ကျွန်မတတ်နိုင်သလောက်လေးနဲ့ တခြားလူအတွက် အကျိုးရှိတဲ့အလုပ်လေး တစ်ခုစနှစ်ခုစလုပ်နိုင်တာကို ပြန်တွေးမိရင် ပြန်လည် ပျော်ရွှင်ပြီး အားရှိလာပါတယ်။

မှောင်မိုက်နေတဲ့အချိန်မှာ အလင်းရောင်ရဲ့အကျိုးကျေးဇူးကို ပိုဆင်ခြင်မိသလိုဘဲ ၂၀၂၁ ဖေဖော်ဝါရီလက ကျွန်မ ဘဝရဲ့အလင်းရောင်အားလုံးယူဆောင်သွားခဲ့တာ အလင်းရဲ့တန်ဖိုးကို ဆင်ခြင်မိဖို့ ဘဝပေးသင်ခန်းစာ တစ်ခု ဖြစ်လာတယ်။ “ကိုယ့်အိမ်လောက် လောကကြီးရဲ့ ဘယ်နေရာမှ နေလို့မကောင်းဘူး မနွေးထွေးဘူး” ဆိုတာကိုလည်း သူများနိုင်ငံမှာ စစ်ဘေးရှောင် အနေနဲ့နေလာရင်း မျက်မြင်ကိုယ်တွေ့ ကြုံလာခဲ့ရတယ်။ ကိုယ့်အိမ်ကိုကာကွယ်ပြီး ချစ်ရမယ် ဆိုတာ သင်ယူခဲ့ရပြီး ကိုယ့်အိမ်ကို တန်ဖိုးထားတတ်လာတယ်။

“မုန်တိုင်းပြီးရင် လေပြည်လာမယ်” ဆိုတဲ့စကားအတိုင်း ဒီအဆိုးတွေပြီးရင် အကောင်းတွေ ရောက်လာမယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။ ဒီအမှောင်ထုထဲမှာ တစ်ခါတစ်လေကျွန်မတို့ လမ်းပျောက်ကောင်းပျောက်လိမ့်တယ်။ လဲကျရတဲ့ အချိန်တွေရှိမယ်။ ဒါပေမယ့် ကျွန်မတို့ ပြန်ထနိုင် မယ်ဆိုတာ ယုံကြည်တယ်။ မဝေးတော့ တဲ့အနာဂတ်တစ်ခုမှ ကျွန်မတို့ ဒီအမှောင်ထုကိုခွင်းပြီး တောက်ပတဲ့အလင်းရောင်တွေ ပြန်လည် ဆောင်ကျဉ်းလာနိုင်လိမ့်မယ် ယုံကြည်တယ်။ ၂၀၂၁ ဖေဖော်ဝါရီလက ကျွန်မဘဝတစ်ခုလုံးကို ဆောက်တည်ရာမရတဲ့ထိ ပြောင်းလဲခဲ့ပေမယ့် အဆုံးသတ်ကျ ကျွန်မက ဒီအခြေ အနေကို ပြောင်းပြန်လှန်ပြီး ပြန်ပြောင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ကျွန်မဒီအမှောင်ထုကိုဖြိုခွင်းနိုင်လိမ့်မယ်။ ကျွန်မတို့နိုင်လိမ့်မယ်။ အရေးတော်ပုံက အောင်ရမယ်။

_____________________________________________________________________________
This work was carried out with the aid of a grant from the International Development Research Centre, Ottawa, Canada, and is funded by the Government of Canada.
 
 
ဒေါ့သ် (ကလောင်အမည်) သည် ယခုလောလောဆယ်တွင် မီဇိုရမ်ပြည်နယ်ရောက်ဒုက္ခသည်တစ်ဦးဖြစ်ပြီး ICA တွင် သုတေသန ပညာရှင်တစ်ဦးလည်းဖြစ်သည်။

 

Artwork Credit: Zack Fronicz