November 1, 2021, Comment off

ထန်တလန်မြို့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

ထန်တလန်မြို့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ (၁) ရက်
ချင်းရေးရာအဖွဲ့ချုပ်သည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ပြာကျခဲ့သည့် ထန်တလန်မြို့နှင့် ဆုံးရှုံးမှု ခံစားနေရသည့် ထန်တလန်မြို့ပြည်သူများနှင့်အတူ ထပ်တူထပ်မျှ စိတ်ထိခိုက် ကြေကွဲဝမ်းနည်းရပါသည်။
အောက်တိုဘာ (၂၉) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် စစ်ကောင်စီတပ်သည် ထန်တလန်မြို့တွင်းရှိ နေအိမ်များအား ဖောက်ထွင်းခိုးယူနေကြစဉ် ထန်တလန် CDF မှ ပစ်ခတ်ခုခံရာမှ စစ်ကောင်စီတပ်က ထန်တလန်မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် မီးရှို့ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ရှိ နေအိမ်များ မီးလောင်ခဲ့ရပြီး မီးငြိမ်းသတ်မည့်သူမရှိသောကြောင့် အောက်တိုဘာ (၃၀)ရက် နေ့အထိ ဆက်လက်လောင်ကျွမ်းခဲ့ရသည်။ CB Bank အပါအဝင် ထန်တလန် မြို့ရှိ နေအိမ် (၁၆၄) လုံးခန့် မီးလောင်ပြာကျခဲ့ရပါသည်။ ၎င်းအပြင် Church on the Rock (COTR) နှင့် Presbyterian ဘုရားကျောင်း နှစ်ကျောင်းလည်း မီးလောင်သည့်အထိ ပါသွားခဲ့သည်။
စစ်ကောင်စီသည် ထန်တလန်မြို့အား နှစ်ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့သည်။ စက်တင်ဘာ (၁၈) ရက်နေ့တွင် စစ်ကောင်စီတပ်၏ မီးရှို့တိုက်ခိုက်မှုကြောင့် နေအိမ် (၁၈) လုံးကျော် မီးလောင်ခဲ့ရပြီး ထန်တလန်မြို့ပြည်သူအားလုံးနီးပါး မြို့အား စွန့်ခွာထွက်ပြေးကြရသည်။
စစ်ကောင်စီတပ်သည် ချင်းပြည်နယ်အတွင်း ၎င်းတို့ချီတက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ဖောက်ထွင်းခိုးယူမှု၊ လူသတ်မှု၊ လူနေအိမ်များအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ချင်းလူမျိုးတို့၏ ယဉ်ကျေးမှုသမိုင်းအမွေများအား တမင်ဖျက်ဆီးခြင်း၊ ဘာသာရေးအရ အထွဋ်အမြတ်ထားရာ ဘုရားကျောင်းတို့အား တိုက်ခိုက်ဖျက်ဆီးခြင်းတို့ကို အောက်တန်းကျစွာ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်၏ ထန်တလန်မြို့အား နှစ်ကြိမ်တိုင်တိုင် မီးလောင်တိုက်သွင်းမှု၊ ဘာသာရေး အဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်မှု၊ မြို့ပေါ်နေလူနေအိမ်များအတွင်း လက်နက် ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဖောက်ထွင်းခိုးယူခြင်းတို့သည် ချင်းလူမျိုးများအား တမင်စော်ကား သည့် လုပ်ရပ်ဖြစ်သောကြောင့် မည်သည့်အကြောင်းကြောင့်မှ ခွင့်လွတ်နိုင်စရာမရှိပေ။