November 1, 2021, Comment off

ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များအပေါ် သဘောထား ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ (၁) ရက်

ချင်းရေးရာအဖွဲ့ချုပ်သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှု တို့ကြောင့် စစ်ဘေးဒဏ်နှင့် ကြီးမားသော ဆုံးရှုံးမှု ခံစားနေရသည့် ဖလမ်းမြို့နယ်ရှိ ပြည်သူများ နှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

စစ်ကောင်စီတပ်သည် အနော်ရထာစစ်ဆင်ရေးအမည်ဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ကြီးမားသော စစ်ဆင်ရေးများလုပ်ဆောင်ရန် ပြင်ဆင်ခဲ့ပါသည်။ အောက်တိုဘာ (၁၁-၂၅) အတွင်းတွင် စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ်ရှိ ကျေးရွာ (၃) ရွာ မှ ဘုရားကျောင်းအပါအဝင် နေအိမ် (၄၂) လုံးအား မီးရှို့ဖျက်ခဲ့ပြီး၊ ကျေးရွာ (၄) ရွာကျော်မှ အိမ် (၁၀၀) ကျော် ဖောက်ထွင်းဖျက်ဆီးခဲ့ပါသည်။

စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ် ရီလ်သီး (Rialti) ကျေးရွာတွင် နှစ်ခြင်းဘုရားကျောင်းနှင့် ဂိုဒေါင်အပါအဝင် လူနေအိမ် (၁၁) လုံးအား မီးရှို့ဖျက်ဆီးခဲ့သည်။ လူနေအိမ် စုစုပေါင်း (၁၁) အိမ်ခန့်နှင့် လူဦးရေ (၄၃) ဦး နေထိုင်သည့် Rialti ရွာသည် စစ်ကောင်စီတပ်၏ အကြမ်းဖက် မှုကြောင့် ရွာလုံးကျွတ် ပျက်စီးခြင်း ကြုံခဲ့ရသည်။ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၄၇၁၂) သိန်းကျော်ထိ ရှိပါသည်။

အိမ်ခြေ (၃၀) ခန့် ရှိသည့် ထလန်ရောန်(Thlanrawn) ရွာသစ်တွင် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် သင်းအုပ် ဆရာအိမ်အပါအဝင် နေအိမ် (၁၇) လုံးခန့် မီးလောင်ပျက်စီးခဲ့ရသည်။ ၎င်းအပြင် နေအိမ် (၁၀) အိမ်ခန့်သည် လူနေထိုင်၍ မရတော့သည်အထိ စစ်ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။ နှစ်ခြင်းဘုရားကျောင်းပိုင် ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်။  ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၁၆၉၁) ကျော်ထိ ရှိပါသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တားလ်(Ṭaal) ကျေးရွာတွင် နှစ်ကြိမ်တိုင် ဝင်ရောက်ပြီး နေအိမ် (၁၄) လုံးအား မီးရှို့ ဖျက်ဆီးခဲ့ပြီး နေအိမ် (၃) လုံးမှာ လက်နက်ကြီးဒဏ်ကြောင့် လူနေထိုင်လို့ မရတော့သည်အထိ ပျက်ဆီးခဲ့ရသည်။ နှစ်ခြင်းဘုရားကျောင်းနှင့် လူနေအိမ်များကိုလည်း ဖောက်ထွင်း ခိုးယူခဲ့သည်။  ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၁၂၈၄) ကျော်ထိ ရှိပါသည်။

စစ်ကောင်စီတပ်သည် လူနေအိမ် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခတ်သည့် အပြင် အိမ်မွေးတိရစ္ဆာန်တို့အား သတ်ဖြတ်ခဲ့သည်သာမက ပြည်သူများ၏ အသုံးအဆောင်၊ စည်းစိမ်ဥစ္စာများကိုလည်း အတင်းအဓမ္မခိုးယူလုယက်ခဲ့ကြသည်။ အိမ်ခြေ (၁၆၀) ကျော် ရှိသည့် ရမ်ထလိုကျေးရွာတွင် လူနေအိမ် (၁၀၀) ကျော်အား ဖောက်ထွင်းခိုးယူခဲ့ကြသည်။

စစ်ကောင်စီတပ်၏ လုပ်ရပ်များသည် အရပ်သားပြည်သူများအပေါ် စစ်ရေးရည်ရွယ်ချက်ဖြင့် တမင်တကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။  စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက် မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးကြရပြီး စစ်ရှောင်သည့် ပြည်သူဦးရေမှာ ဖလမ်းမြို့နယ် အတွင်းတွင် (၁၀၀၀၀) နီးပါးထိ ရှိလာပါသည်။

ထိုသို့ စစ်ကောင်စီတပ်၏ ကျေးရွာလူနေအိမ်များအတွင်း ဝင်ရောက်တိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခြင်း၊ လူနေအိမ်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခြင်းတို့သည် စစ်ပွဲဆိုင်ရာကျင့်ဝတ်များကိုဖောက်ဖျက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ကြောင်း ထင်ရှားနေပါသည်။

စစ်ကောင်စီ၏ ချင်းပြည်နယ်နှင့်နိုင်ငံတစ်ဝှမ်းလုံးတွင် ကျူးလွန်နေသည့် ပြစ်မှုများအပေါ် ထိရောက်သည့် အရေးယူမှုများ အမြန်ဆုံးဆောင်ရွက်ရန် နိုင်ငံတကာ အသိုင်းအဝန်းအား အလေးအနက်ထား တိုက်တွန်းပါသည်။

###

ဆက်သွယ်ရန်။   ။ info@chinaffairs.org

+919362634715

###