
November 10, 2021, Comment off
စစ်ကောင်စီတပ်၏ (၄)ကြိမ်တိုင်တိုင် ဝင်ရောက်မီးရှို့ဖျက်ဆီး ခံခဲ့ရသည့်တားလ် (Ṭaal)
နိဒါန်း။
တားလ် (Ṭaal) ကျေးရွာသည် ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာအုပ်စုတွင် တည်ရှိပြီး အိမ်ခြေ (၃၆) နှင့် လူဦးရေ စုစုပေါင်း ၁၅၀ မှ ၁၆၀ ဝန်းကျင်ခန့် ရှိပါသည်။ ဖလမ်း-ဟားခါးလမ်းပေါ်တွင် တည်ရှိပြီး ဖလမ်းမှ (၁၄) မိုင်၊ ဟားခါးမှ (၂၈) မိုင်ခန့် အကွာအဝေးရှိသည်။

စစ်ကောင်စီတပ်မှ ပထမအကြိမ် အကြမ်းဖက်ကျူးကျော်ဝင်ရောက်ခြင်း
စစ်ကောင်စီတပ်သည် ဇူလိုင် (၂၀-၂၂) ရက်နေ့တွင် တားလ်ကျေးရွာသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ တပ်အင်အား (၉၀) ကျော်ခန့်ဖြင့် ဝင်ရောက်ပြီး ရွာအတွင်း အကြောင်းမဲ့ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ နေအိမ် (၂၁) အိမ်အား ဖောက်ထွင်းခိုးယူခဲ့ကြသည်။ အိမ်မွေးကြက် (၅၀) ကောင်ခန့် အပါအဝင် အခြားအိမ်မွေး တိရိစ္ဆာန်များ၊ TV (1) လုံး၊ ဖုန်း (၄) လုံး နှင့် စောင်စသည့် လူ့အသုံးအဆောင်ပစ္စည်းများ၊ ဆန်၊ ဆီစသည့် ရိက္ခာများအား ခိုးယူခဲ့ကြသည်။ ၎င်းအပြင် အိမ်တွင်းရှိ အဝတ်အစားများ၊ ပရိဘောဂများစွာကိုလည်း ဖျက်ဆီးခဲ့ကြသည်။ စစ်ကောင်စီတပ်မှ ဖောက်ထွင်းခိုးယူဖျက်ဆီးခဲ့သည့် ပစ္စည်းဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၁၅၀) နီးပါးထိ ရှိပါသည်။
ရွာသူရွာသားများသည် တောထဲ၊ တောင်ထဲတွင် (၄) ညတာ စစ်ရှောင်ထွက်ပြေးနေရပြီး ဇူလိုင် (၂၄) ရက်နေ့ နံနက်ပိုင်းမှသာ ရွာထဲသို့ ပြန်ဝင်လာနိုင်ခဲ့ကြသည်။ သို့ရာတွင် စစ်ကောင်စီတပ်၏အန္တရာယ် စိုးရိမ်နေရ သည့် အခြေအနေများကြောင့် အခြေအနေစောင့်ရှောက်ရန်နှင့် ရွာအား ကြည့်ရှု့စောင့်ရှောက်ရန် ရွာသား (၃၀) ခန့်သာ ရွာတွင် ကျန်ရစ်ခဲ့ပြီး ကျန်ရွာသူ/သားများသည် ဖလမ်းမြို့နှင့် ဒေ့ါထက် (Dothek) ရွာ၊ မန်ခဲန်း (Mangkheng) ရွာများသို့ စစ်ရှောင်ထွက်ပြေးကြသည်။ ထိုသို့ စစ်ရှောင်ထွက်ပြေးကြစဉ် ရွာသူ၊သား အချို့မှာ Covid-19 ရောဂါကူးစက်ခံစားကြရပါသည်။

စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် အကြမ်းဖက်ကျူးကျော်ဝင်ရောက်ခြင်း
စစ်ကောင်စီတပ်သည် ဩဂုတ် (၉) ရက်နေ့မှ စတင်ကာ တားလ်ကျေးရွာအတွင်းသို့ ဒုတိယအကြိမ် ကျူးကျော် ဝင်ရောက်ခဲ့ပြန်သည်။ တပ်အင်အား (၁၅၀) ခန့်ရှိပြီး ဘုရားကျောင်း (Taal Baptist Church) နှင့် စာသင်ကျောင်းများတွင် (၅) ရက်တာ တပ်စွဲစခန်းချနေထိုင်ခဲ့ကြသည်။ ၎င်းတို့ တပ်စွဲစခန်းချစဉ်အတွင်း တားလ်ကျေးရွာရှိ နေအိမ်အားလုံးအား စိတ်ကြိုက်မွှေနှောက်ခဲ့ကြသည်။ နေအိမ် (၃၆) လုံးအား ဖောက်ထွင်းခဲ့ပြီး အိမ်မွေးကြက် (၃၈၀) ကောင်ခန့်နှင့် ဝက် (၈) ကောင်ခန့် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြသည်။ ၎င်းတို့ ခိုးယူသတ်ဖြတ်ထားသည့် အသားစိမ်းများ၊ တိရိစ္ဆာန်အညစ်အကြေးများကိုလည်း နေအိမ်များ အတွင်းတွင် ဖြန့်ကျက် စွန့်ပစ်ထားသည်။ အိမ်ထောင်ပရိဘောဂများ၊ အသုံးအဆောင်၊ အစားအသောက်များ ကိုလည်း ဖျက်ဆီးခိုးယူခဲ့သည်။ ဘုရားကျောင်းတွင် စခန်းချတပ်စွဲထားစဉ် စစ်ကောင်စီတပ်သည် သမ္မာ ကျမ်းစာအုပ်၊ ဓမ္မသီချင်းများ၊ ဘုရားကျောင်းရှိ ထိုင်ခုံ၊ ပစ္စည်းစသည့် ဘာသာရေးအရ အထွဋ်အမြတ် ထားရသည့် အသုံးအဆောင်များအား စိတ်ကြိုက်မွေနှောက်ကာ ဖျက်ဆီးခဲ့ကြသည်။
စစ်ကောင်စီတပ်၏ ပထမအကြိမ် ကျူးကျော်စဉ်က ရွာအား စောင့်ရှောက်ရန် ကျန်ခဲ့သည် ရွာသား (၃၀) ခန့်သည်လည်း ဒုတိယအကြိမ် စစ်ကောင်စီတပ် ဝင်ရောက်ချိန်မှစ၍ တောထဲသို့ ထွက်ပြေးပုန်းရှောင် ရပါသည်။
ဩဂုတ် (၁၅) ရက်နေ့တွင် ရွာသား (၂) ဦး ဖြစ်သည့် ဦးရွှေကျူံး(U Sui Cung-၄၃ နှစ်)နှင့် ပီတာဗန်ထောင်းဟူ (Peter Van Thawng Hu- ၂၂ နှစ်) တို့သည် ရွာအခြေအနေ လေ့လာရန် နှင့် အသုံးအဆောင်ပစ္စည်းတချို့ သွားယူရန် အသွားလမ်းတစ်နေရာတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပါသည်။ ၎င်းတို့ နှစ်ဦးအား ရမ်ထလို (Ramthlo) ကျေးရွာရှိ လယ်ယာစိုက်ပျိုးသည့် နေရာတွင် ခေါ်ဆောင်သွားပြီး ရိုက်နှက် စစ်ဆေးခဲ့ကြ ပါသည်။ ဩဂုတ် (၁၆) ရက်နေ့တွင် ၎င်းတို့ နှစ်ဦး ပြန်လည် လွတ်မြောက်ခဲ့ပါသည်။
ဩဂုတ်လအတွင်း ပျက်ဆီးမှု တန်ဖိုးပြဇယား
Sr. No | အမျိုးအမည် | အရေအတွက် | တန်ဖိုး | စုစုပေါင်းတန်ဖိုး |
1 | TV | 6 | 250,000 | 1,500,000 |
2 | ဆန်အိတ် | 27 | 55,000 | 1,485,000 |
3 | စောင် | 70 | 12,000 | 840,000 |
4 | ကြက် (သေး) | 150 | 5,000 | 750,000 |
5 | ကြက် (ကြီး) | 230 | 10,000 | 2,300,000 |
6 | ကြက်ဥ | 200 | 300 | 60,000 |
7 | ဆီ | 100 | 5,000 | 500,000 |
8 | အဝတ်အစားများ | 80 | 5,000 | 400,000 |
9 | စျေးဆိုင် | 2 | 750,000 | 1,500,000 |
10 | သွက်မိုး | 60 | 7,000 | 420,000 |
11 | ဝက် | 8 | 300,000 | 2,400,000 |
12 | ဆိုင်ကယ် | 3 | 500,000 | 1,500,000 |
13 | ဖိနပ်/အခြား | 22 | 5,000 | 110,000 |
14 | လက်သမားပစ္စည်း | 25 | 5,000 | 125,000 |
15 | ဓါတ်ဆီ | 10 | 6,000 | 60,000 |
16 | ဖုန်း | 6 | 120,000 | 720,000 |
17 | ဘီရို | 3 | 60,000 | 180,000 |
18 | နေအိမ်တံခါးဖျက်ဆီးမှု | 350,000 | ||
19 | အခြား | 300,000 | ||
Total | 15,500,000 |

စစ်ကောင်စီတပ်မှ တတိယအကြိမ် အကြမ်းဖက်ကျူးကျော်ဝင်ရောက်ခြင်း
စစ်ကောင်စီတပ်သည် “အနော်ရထာစစ်ဆင်ရေး” အမည်ဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ် တို့အား ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့ပါသည်။ အောက်တိုဘာလမှစ၍ ချင်းပြည်နယ်သို့ အင်အားအလုံးအရင်း ဖြင့် ထိုးစစ်ဆင်လာခဲ့ပါသည်။
ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်သည် အောက်တိုဘာ (၁၇) ရက်နေ့တွင် တားလ် ကျေးရွာတွင်းသို့ ဝင်ရောက်ပြီး (၃) ရက်တာ စခန်းချ တပ်စွဲခဲ့ကြပြန်သည်။ ၎င်းတို့ စခန်းချတပ်စွဲ ထားစဉ် အတွင်း နေအိမ် (၄) လုံးအား မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် (၃) လုံးမှာ လက်နက်ကြီးဒဏ်ကြောင့် လူနေထိုင်၍ မရတော့သည်အထိ ပျက်ဆီးခဲ့ရသည်။ နေအိမ် (၆) လုံးမှ အသုံးအဆောင်၊ ဆိုင်ကယ်၊ အိမ်မွေးတိရိစ္ဆာန်များ၊ အိုးခွက်ပန်းကန်များအား ခိုးယူသယ်ဆောင်သွားကြသည်။

စစ်ကောင်စီတပ်မှ စတုတ္ထအကြိမ် အကြမ်းဖက်ကျူးကျော်ဝင်ရောက်ခြင်း
စစ်ကောင်စီတပ်သည် စစ်ကား အစီး (၅၀) ခန့်ဖြင့် ဟားခါးမြို့မှ ဖလမ်းဘက်သို့ ပြန်လှည့်လာကြရာ အောက်တိုဘာ (၂၃) ရက်နေ့တွင် တားလ်ရွာအတွင်းသို့ တဖန် ကျူးကျော်ဝင်ရောက်လာပြီး ညအိပ်စခန်း ချခဲ့ပြန်သည်။ အောက်တိုဘာ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် လူနေအိမ်များအား မီးရှို့ခဲ့ကြသည်။ နေအိမ် (၁၁) လုံးအား မီးရှို့ဖျက်ဆီးခဲ့ရာတွင် နေအိမ် (၈) လုံးမှာ လုံးဝပျက်ဆီးကာ မီးလောင်ပြာကျခဲ့ကြရသည်။ နေအိမ် (၃၄) အိမ်ကျော် ဖောက်ထွင်းခိုးယူခံရပြီး နေအိမ်နံရံအများအပြား တွင်လည်း ဆဲရေးတိုင်းထွာသည် စာများ၊ ရွာလုံးကျွတ် မီးရှို့ပစ်မည် ဆိုသည့် ခြိမ်းခြောက်စာများအား ရေသားခဲ့ကြသည်။
အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်၏ ကျူးကျော်ဖျက်ဆီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ပေါင်း (၁၂၈၃) ကျော်ထိ ရှိပါသည်။


အောက်တိုဘာလအတွင်း ပျက်စီးမှု တန်ဖိုးပြဇယား
Sr. |
Name of Household |
Family members |
Lost value (MMK) |
Remark |
|
Male | Female | ||||
1 | U Tluang Lian Sum | 1 | 3 | 1,230,000 | |
2 | U That Lian Hre | 4 | 3 | 11,715,000 | house burned |
3 | U Thang Tin Mang | 2 | 1 | 150,000 | |
4 | U Van No Thang | 1 | 2 | 150,000 | |
5 | U Sa Lian | 1 | 2 | 835,000 | |
6 | U Thawng Nei Thang | 2 | 2 | 215,000 | |
7 | Daw Men Cuai | 2 | 2 | 440,000 | |
8 | U Sui Kulh | 2 | 2 | 925,000 | |
9 | U Khuk Hre | 2 | 1 | 470,000 | |
10 | U Ngun Kip Hre | 2 | 5 | 990,000 | |
11 | Daw Ni Iang | – | 1 | 500,000 | |
12 | U Dar Men | 2 | 3 | 150,000 | |
13 | U Ram Hnok | 2 | 2 | 220,000 | |
14 | U Sui Lawng Thang | 1 | 1 | 1,630,000 | |
15 | U Thang Tin Khup | 2 | 3 | 395,000 | |
16 | U Sui Hnok | 1 | 5 | 3,950,000 | |
17 | U Lian Hup | 4 | 3 | 1,900,000 | |
18 | Teacher’s House | 2 | 2 | 3,900,000 | house burned |
19 | Rev. Thawng Ir | 2 | 4 | 4,935,000 | |
20 | Church | 1,380,000 | |||
21 | U Bual Tling | 2 | 1 | 2,830,000 | |
22 | U Ngun Lian Uk | 2 | 1 | 560,000 | |
23 | U Zu Lian | 5 | 3 | 5,210,000 | |
24 | Daw Hlawn Tang | 2 | 2 | 5,775,000 | house burned |
25 | Daw Sui Dim | 2 | 2 | 8,155,000 | house burned |
26 | U Ngun Thuan | 2 | 2 | 11,715,000 | house burned |
27 | U Ceu Dun | 3 | 1 | 8,815,000 | house burned |
28 | Daw Doi Zing | 1 | 2 | 6,555,000 | house burned |
29 | U Sui Nei Tleu | 2 | 2 | 13,865,000 | house burned |
30 | U Sial Luai | 2 | 2 | 900,000 | |
31 | U Sui Cung-A | 2 | 2 | 7,650,000 | house burned |
32 | Daw Sui Dong | 1 | 1 | 6,605,000 | house burned |
33 | U Sui Cung-B | 3 | 2 | 11,995,000 | house burned |
34 | U Sui Nawl Thang | 3 | 1 | 100,000 | |
35 | Daw Hlawn Kip Cer | 1,500,000 | house burned | ||
36 | U Rem Dar | 50,000 | |||
Total | 128,360,000 |
နိဂုံး
အိမ်ခြေ (၃၆) ခန့်သာ ရှိသည့် တားလ်ကျေးရွာသည် စစ်ကောင်စီတပ်၏ (၄) ကြိမ်တိုင်တိုင် ဝင်ရောက် တိုက်ခိုက်မှုကြောင့် တစ်ရွာလုံးနီးပါး ပျက်ဆီးခဲ့ရသည်။ ယခုချိန်တွင် ရွာအား စောင့်ရှောက်ရန် ရွာသား (၅) ဦးခန့်သာ ကျန်ရစ်ခဲ့ပြီး ကျန် ရွာသူ/သားများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရပါသည်။ တစ်ချို့မှာ ဖလမ်းမြို့နှင့် နီးစပ်ရာ ကျေးရွာများတွင် ခိုလှုံကြရပြီး တစ်ချို့မှာ ယာခင်းများတွင် ထွက်ပြေးတိမ်းရှောင် နေရဆဲဖြစ်သည်။
စစ်ကောင်စီတပ်၏ တားလ်ကျေးရွာအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များသည် ပြည်တွင်း ဥပဒေများအပါအဝင် နိုင်ငံတကာဥပဒေများကို မျက်ကွယ်ပြု ချိုးဖောက်နေကြောင်း ထင်ရှားနေပါသည်။ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ စနစ်တကျ ဦးတည်တိုက်ခိုက်သည့် ပြစ်မှု၊ လက်နက်ကြီးများ ဖြင့် အရပ်သားနေအိမ်များအတွင်း ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် လူသားမျိုးနွယ် အပေါ်ဆန့်ကျင် ကျူးလွန်သည့် ပြစ်မှု (Crime Against Humanity) များကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း ထင်ရှားသည့် သက်သေဖြစ်ပေသည်။
