September 29, 2021, Comment off

စစ်ကောင်စီတပ်မှ စစ်ရေးရည်ရွယ်ချက်ဖြင့် ဘာသာရေးအဆောက်အအုံများနှင့် ဘာသာရေးခေါင်းဆောင်များအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအပေါ် သဘောထား ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်

ချင်းရေးရာအဖွဲ့ချုပ်သည် ဘာသာရေးအဆောက်အအုံများနှင့် ဘာသာရေးခေါင်းဆောင်များ အပေါ် ပစ်မှတ်ထား ဖမ်းဆီးတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ် များအား ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

စစ်ကောင်စီသည် ချင်းပြည်နယ်အတွင်း ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများတွင် ဘာသာရေးအရ အထွဋ်အမြတ်ထားသည့် ဘုရားကျောင်းဝင်းများ၌တပ်စွဲခြင်း၊ ဘုရား ကျောင်းများအား လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း၊ ဘုရားကျောင်းပိုင်ပစ္စည်းအသုံး အဆောင်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဘုရားကျောင်းဝင်းအတွင်း အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးမှုပြုလုပ်ခြင်း၊ ဘာသာရေးခေါင်းဆောင်များအား ဖမ်းဆီးအကျဉ်းချခြင်းတို့ကို စစ်ရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ်နေကြောင်း ပေါ်လွင်နေပါသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ ချင်းတိုင်းရင်းသား ခရစ်ယာန်ဓမ္မဆရာ (၁၄) ပါးသည် စစ်ကောင်စီတပ်၏ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံရပါသည်။ စစ် ကောင်စီတပ်သည် ချင်းပြည်နယ်တွင် ချင်းဓမ္မဆရာ (၁၁) ပါး၊ မန္တလေးမြို့တွင် (၁)ပါး၊ ကလေးမြို့နယ်တွင် (၂) ပါး အား အကြမ်းဖက် ဖမ်းဆီးခဲ့ပါသည်။ ဖမ်းဆီးချုပ်နှောင်စဉ် အတွင်း စစ်ကောင်စီတပ်၏ ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတို့ ခံစား ရကြောင်းလည်း သိရှိရပါသည်။ ၎င်းအပြင် ထန်တလန်မြို့၌ ဓမ္မဆရာ (၁) ပါးသည် စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းကြောင့် သေဆုံးခဲ့ရသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ဘာသာရေးအထွဋ်အမြတ်တို့အား ယုတ်ညံ့စေရန် တမင် စော်ကားသည့်လုပ်ရပ်ဖြစ်ပြီး ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်တို့၏ ဘာသာ ရေးစိတ်ကို အလွန်အမင်း နာကျည်းစေပါသည်။  ၎င်းလုပ်ရပ်များသည် ပြည်တွင်းဥပဒေများ အရ ပြစ်မှုမြောက်သည့်အပြင် နိုင်ငံတကာဥပဒေများအရ စစ်ရာဇာဝတ်မှုလည်း မြောက်ပါ သည်။

ချင်းရေးရာအဖွဲ့ချုပ်သည် ဘာသာရေးအဆောက်အုံများအား တိုက်ခိုက်ခြင်း၊ ဘာသာရေး ခေါင်းဆောင်များအပေါ် အကြမ်းဖက်ဖမ်းဆီးလုပ်ဆောင်မှုတို့အား ချက်ချင်းရပ်တန့်ရန်နှင့် ထိန်းသိမ်းခံထားရဆဲဖြစ်သည့် ဓမ္မဆရာ Rev. Thian Lian Sang နှင့် Rev. Ngai Kung တို့အား ချွင်းချက်မရှိ ပြန်လွတ်ပေးရန်  စစ်ကောင်စီအား တောင်းဆိုလိုက်သည်။

ထို့အပြင် ချင်းပြည်နယ်နှင့် နိုင်ငံတစ်၀ှမ်းလုံး၌ စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့် စေရန်နှင့် စစ်ကောင်စီတပ်အပေါ် ထိရောက်သည့်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝန်းအား ထပ်မံတောင်းဆိုလိုက်သည်။

###

ဆက်သွယ်ရန်။   ။ info@chinaffairs.org

+919362634715