September 22, 2021, Comment off

ထန်ထလန်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များအပေါ် သဘောထား ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်

ချင်းရေးရာအဖွဲ့ချုပ်သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် စစ်ဘေး ဒဏ်နှင့် ကြီးမားသော ဆုံးရှုံးမှု ခံစားနေရသည့် ထန်တလန်ပြည်သူများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

စစ်ကောင်စီတပ်သည် ထန်ထလန်မြို့နယ်အတွင်းရှိ လူနေအိမ်များနှင့် ပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေကြောင်း ထင်ရှားနေပါသည်။

ဩဂုတ်လ (၂၅) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ထန်တလန်မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် နေအိမ်ထဲတွင် ပုန်းခိုနေသည့် (၁၀) နှစ်အရွယ် ကလေး ကျည်ထိမှန် သေဆုံးခဲ့ရပြီး ပြည်သူ (၉) ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ်အများအပြား ကျည်ထိမှန် ပျက်စီးခဲ့သည်။

ဩဂုတ်လ (၂၇) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် မပေါက်ကွဲဘဲ ကျန်နေသည့် လက်နက်ကြီးကျည်ဆံအား နေအိမ်မှ ဖယ်ရှားရန် ကြိုးစားရာမှ ပေါက်ကွဲမှု ဖြစ်ခဲ့ကာ အိမ်ရှင် ဖြစ်သူနှင့် (၁၄) နှစ်အရွယ် သားဖြစ်သူ သေဆုံးခဲ့ပြီး ပြည်သူ (၁၁) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ (၉) ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်၏ မြို့တွင်းစစ်ဆေးမှုများကြောင့် ပစ်ခတ်မှုဖြစ်ပွားရာ ထန်တလန်မြို့ အမှတ် (၂) ရပ်ကွက်မှ နေအိမ် (၁) လုံး မီးလောင်ပြီး၊ Thantlang Baptist Church (TBC) ဘုရားကျောင်း အဆောက်အအုံခေါင်မိုးများ ကျည်ထိခဲ့ ရသည်။ ထို့အပြင် (၉) လအရွယ်ကလေးငယ်၊ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၂၃) နှစ်နှင့် (၅၅) နှစ်အရွယ် အမျိုးသမီးနှစ်ဦး စုစုပေါင်း ပြည်သူ (၄) ဦးလည်း ကျည်ထိဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ (၁၀) ရက်နေ့တွင် လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီစခန်းအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်အသုံးပြုကာ လုံလဲရ်ကျေးရွာအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၃၄) အိမ်ခန့်  ဗုံးဒဏ်သင့်ခဲ့ရပြီး Methodist Church၊ COTR (Church on The Rock) နှင့် Baptist Library အဆောက်အအုံများ ပျက်စီးခဲ့ရသည်။

စက်တင်ဘာ (၁၄) ရက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ ရှိ  Johnson Memorial Baptist Church (JMBC) ဘုရားကျောင်းအမိုးများနှင့် ပြတင်း ပေါက်များ ပျက်စီးခဲ့သည်။

စက်တင်ဘာ (၁၈) ရက်နေ့တွင် စစ်ကောင်စီတပ်မှ မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အစိုးရအဆောက်အအုံအပါအဝင် လူနေ အိမ် (၁၉) ခန့် မီးလောင်ကျွမ်း ခဲ့ရသည်။ မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း နှစ်ထောင်မှ သုံးထောင်ဝန်းကျင်ခန့်ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် မီးငြိမ်းသတ်ရန် ရောက်လာသည့် ခရစ်ယာန် ဓမ္မဆရာ Pastor Cung Biak Hum အား စစ်ကောင်စီတပ်မှ ပစ်ခတ်ကာ လက်သူကြွယ်ဖြတ်ပြီး လက်ထပ်လက်စွပ်၊ ဖုန်းနှင့် နာရီတို့ကိုပါ ခိုးယူခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်၏ ကျေးရွာလူနေအိမ်များအပေါ် တိုက်လေယာဉ်အသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ဘာသာရေးအဆောက်အအုံများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ မြို့ပေါ်လူနေ အိမ်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းကားပစ်ခတ်ခြင်းတို့သည် စစ်ပွဲဆိုင်ရာကျင့်ဝတ် များကိုဖောက်ဖျက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုမြောက်ပါသည်။ စစ်ကောင် စီတပ်သည် မိမိတို့ကျူးလွန်ခဲ့သည့် လုပ်ရပ်များအတွက် တာဝန်အပြည့်ယူရမည် ဖြစ်ကြောင်း သိစေအပ်ပါသည်။

###

ဆက်သွယ်ရန်။   ။ info@chinaffairs.org

+919362634715