August 31, 2021, Comment off

စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ချင်းတိုင်းရင်းသား သေဆုံးဦးရေ မြင့်တက်လာခြင်းနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်။ ချင်းတိုင်းရင်းသား (၁၀၀) ကျော် အသတ်ခံရ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်

ချင်းရေးရာအဖွဲ့ချုပ်သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အသက်ပေးခဲ့ရသည့် ချင်း တိုင်းရင်းသားများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၎င်းထုတ်ပြန်ချက်အရ ဇူလိုင်လ (၆) ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ ချင်းတိုင်းရင်းသား (၈၁) ဦးထိ ရှိခဲ့ပါသည်။  ယခုအခါ သေဆုံးသူဦးရေ (၁၀၈) ဦးထိ ရှိလာပြီဖြစ်သည်။ (၂) လတာ ကာလအတွင်း ၂ ရက်လျှင် (၁) ဦးနှုန်းဖြင့် သေဆုံးသူ (၂၇) ဦးထိ မြင့်တက်လာခြင်း ဖြစ်သည်။

သေဆုံးသူများတွင် အမျိုးသမီး (၇) ဦးနှင့် ၁၈ နှစ်အောက် ကလေးသူငယ် (၁၄) ဦး အပါအဝင် အရပ်သား (၅၇) ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ (၅၁) ဦးအထိ ရှိပါသည်။ ထိုထဲတွင် စစ်ကောင်စီတပ်မှ အလောင်းအား သက်သေ ဖျောက်ကာ မိသားစုထံ ပြန်မပေးသဖြင့်  လူ့ဂုဏ်သိက္ခာနှင့်အညီ၊  ချင်းရိုးရာဓလေ့ထုံးတမ်း၊ ခရစ်ယာန်ဓလေ့ ထုံးတမ်းများနှင့်အညီ  သဂြိုလ်ခွင့်မရခဲ့သည့် အရပ်သား (၇) ဦး ပါဝင်ပါသည်။

စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ကျေးရွာလူနေ အိမ်များအတွင်း အတင်းအဓမ္မဝင်ရောက်ကျူးကျော်ခြင်း၊ ပြည်သူများ၏ ပိုင်ဆိုင်မှုများနှင့် ရိက္ခာများအပေါ် ခွင့်ပြုချက်မရှိဘဲအသုံးပြုခြင်း၊ ပရိဘောဂများနှင့်အိမ်များအား ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ရမ်းသမ်း ပစ်ခတ်ခြင်းတို့ကို ပြလုပ်ခဲ့သည်။ မတရားဖမ်းဆီးမှုများနှင့်  အကြောင်းမဲ့နှိပ်စက်ကွပ်မျက်မှုများကြောင့် အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ဩဂုတ်လ (၂၅) ရက်နေ့တွင် စစ်ကောင်စီတပ်၏ လူနေအိမ် များအတွင်း လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုကြောင့် ထန်ထလန်မြို့၌ သေဆုံးသူ (၃) ဦးနှင့် နောက်ထပ် အရပ်သား (၈) ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်၏လုပ်ရပ်များသည် အရပ်သားပြည်သူများအပေါ် တမင် ရည်ရွယ်ကာ ပစ်မှတ်ထားလုပ်ဆောင်ခြင်းဟု သတ်မှတ်ရပေမည်။

ထိုသို့ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ်ပစ်မှတ်ထားခြင်း၊ အပြစ်မဲ့ပြည်သူများ အထူး သဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ်   တိုက်ခိုက်သတ်ဖြတ်ခြင်းများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်သုံး၍ တိုက်ခိုက်ခြင်းများမှ ရှောင်ကြဉ်ရန် စစ်ကောင်စီတပ် အား ချင်းရေးရာအဖွဲ့ချုပ်မှ အလေးအနက် တိုက်တွန်းသည်။

ချင်းရေးရာအဖွဲ့ချုပ်သည် နိုင်ငံတကာအသိုင်းအဝန်းအား စစ်ကောင်စီတပ်၏ ချင်းတိုင်းရင်းသားများအပေါ် ပစ်မှတ်ထားကာ စစ်ဆင်ရေးဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေရန် ကြားဝင် ဆောင်ရွက်နိုင်သည့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ထပ်မံတောင်းဆိုသည်။

###

Chin Fatalities List: Chin-Fatalities-Updated-31-August-2021.pdf

ဆက်သွယ်ရန်:    info@chinaffairs.org, +919362634715