December 29, 2021, Comment off

ကလေးတောင်ပိုင်း စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် မြင့်တက်လာနေသည့် စစ်ရှောင်ပြည်သူဦးရေနှင့် အကျပ်အတည်း

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်သည် အပြစ်မဲ့ အရပ်သား ပြည်သူများနှင့် ပြည်သူပိုင်အိုးအိမ်များအပေါ်  ပစ်မှတ်ထားကာ စနစ်တကျ တိုက်ခိုက် ဖျက်ဆီးခဲ့ပါသည်။ ၎င်းအပြင် အောက်တိုဘာလမှစတင်ကာ “အနော်ရထာ စစ်ဆင်ရေး” အမည်ဖြင့် ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းတို့တွင် စစ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပါ သည်။

ကလေးမြို့နယ်အတွင်းတွင် မတ်လမှစတင်ကာ ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက် ဖြိုခွင်းတိုက်ခိုက်မှုများအား စစ်ကောင်စီတပ်နှင့်ရဲတပ်သားများမှ ကျူးလွန်ခဲ့ပါသည်။ စစ်ကေင်စီ တပ်များ၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်မှုများအား ရရာလက်နက်ဖြင့် ကာကွယ်ခုခံရင်း ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားလာခဲ့သည်။

ဧပြီလမှစတင်၍​ ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမကြီးရှိ နတ်ချောင်းဒေသအနီး တစ်ဝိုက်တွင် စစ်ကောင်စီတပ်များမှ စခန်းချခြင်း၊ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ကျူးလွန်ခဲ့ပါသည်။ စစ်ကောင်စီတပ်၏ ကျူးကျော်ရန်စမှုများကြောင့် ပြည်သူများ မှာ မိမိတို့ကျေးရွာတွင် အေးချမ်းစွာမနေရဘဲ တောထဲ၊ တောင်ထဲတွင် ပုန်းရှောင်နေကြရသည်။ စစ်ကောင်စီတပ်များ မိမိတို့ ကျေးရွာမှ ထွက်ခွာသွားသည့်အခါမှသာ မိမိတို့ကျေးရွာအတွင်း ဝင်ရောက်နေထိုင်ကြရသည်။ စစ်ကောင်စီတပ်များ ထပ်မံဝင်ရောက်ကျူးကျော်လာပါက ထပ်မံ ထွက်ပြေးရပြန်သည်။

စစ်ကောင်စီတပ်များသည် နတ်ချောင်းကျေးရွာဒေသအနီးတစ်ဝိုက်ဖြစ်သည့် စည်သာကျေး ရွာ၊ နတ်ချောင်းကျေးရွာ၊ သံဖိုနှင့် ရန်ကြီးအောင်ကျေးရွာတို့တွင် တပ်စွဲထားလျက်ရှိရာ ကျေးရွာများ အတွင်း ဝင်ရောက်ကျူးကျော်ခြင်း၊ ဖောက်ထွင်းခိုးယူခြင်းနှင့် လက်နက်ဖြင့် ခြိမ်းခြောက်မှုတို့ ကြောင့် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေကြရသည်။ ကျေးရွာအများစုမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းလျက်ရှိရာ စစ်ကောင်စီတပ်များ၏ ကျူးကျော်တိုက်ခိုက်မှုများကြောင့် တောင်ယာလုပ်ကိုင်ရန် အခက်အခဲများ ရင်ဆိုင်နေရပြီး ဝမ်းစာ မလုံလောက်မည်ကို စိုးရိမ်နေကြရပါသည်။

ဒီဇင်ဘာ (၂၃) ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီတပ်များနှင့် PDF/CNDF များကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများပါ ဖြတ်တောက်ပြီး  ရဟတ်ယာဉ်အသုံးပြု၍ ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊ မီးရှို့ ဖျက်ဆီးခြင်း၊ နေအိမ်များအား ဝင်ရောက်မွှေနှောက်ရှာဖွေခြင်း၊ ဖောက်ထွင်းခိုးယူခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ ကြသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်  နတ်ချောင်းကျေးရွာအတွင်းတွင် အပြစ်မဲ့အရပ်သားပြည်သူ (၁၉) ဦးခန့် သေဆုံးခဲ့ပြီး နေအိမ် (၂၉) လုံးခန့် မီးလောင်ပြာကျခဲ့ရသည်။

၎င်းအပြင် ဒီဇင်ဘာ (၂၇) နေ့တွင် သံဖိုကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ခြိမ်းခြောက်မှုများ ပြုလုပ်ကာ နေအိမ်များအား မီးရှို့ခဲ့ကြသည်။  အချိန်မီ မီးငြိမ်း သတ်နိုင်ခြင်းကြောင့် စပါးကျီတိုက် တစ်ချို့သာ မီးလောင်ပြာကျခဲ့သည်။

ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ချောင်းခွကျေးရွာအတွင်းသို့ ဝင်ရောက်လာကြပြီး စစ်ရှောင် ပြည်သူများခိုလှုံလျက်ရှိသည့် ဘုရားကျောင်းများနှင့် တောတောင်များထဲသို့ ပစ်ခတ်မှုများ ပြုလုပ် ခဲ့ကြပြီး လမ်းမကြီးရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ လူနေအိမ် (၅) အိမ်ကျော် မီးလောင် ပြာကျခဲ့ရသည်။

ဒီဇင်ဘာ (၂၉) ရက်နေ့တွင် ရေစိုကျေးရွာအတွင်း တပ်စွဲစခန်းချကာ  ဟားခါးလေးနှင့် ပန်းမွန်ချောင်းကျေးရွာများရှိ လူနေအိမ်များအတွင်း သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများ အပြင် အပြစ်မဲ့အရပ်သားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုများကြောင့် ပြည်သူများမှာ မိမိကျေးရွာများအတွင်းမှ ထွက်ပြေးပုန်းရှောင်နေရပါသည်။ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ ရေစို၊ ဟားခါးလေး၊ ပန်းမွန်ချောင်း နှင့် သံဖိုကျေးရွာမှ ပြည်သူပေါင်း (၃၀၀၀) ကျော်ခန့်သည် ချင်းပြည်နယ် ဝေဘူလမြို့၊ ဇာသွလ်ကျေးရွာနှင့် အခြားကျေးရွာများသို့ စစ်ရှောင်ခိုလှုံလျက်ရှိပါသည်။ စစ်ကောင်စီတပ်၏ ထပ်မံထိုးစစ်ဆင်မှုနှင့် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ အများစုမှာ တစ်နေရာမှ အခြားတစ်နေရာသို့ ရွေ့လျားထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ စစ်ရှောင်ပြည်သူအချို့မှာ တောထဲ၊တောင်ထဲတွင် ဆောင်းရာသီ၏ အအေးဒဏ်နှင့် အခြေခံ လိုအပ်ချက်များကြောင့် အသက်ဆုံးရှုံးရသည်အထိ ကြုံတွေ့နေကြရသည်။

ချင်း IDPs များအတွက် နည်းသည် များသည်မဟူ ကူညီနိုင်ပါက help-chin-idps link မှတိုက်ရိုက် လှူဒါန်းနိုင်ပါသည်။