Falam High School No.1

March 12, 2022, Comment off

ဖလမ်းမြို့တွင် စစ်ကောင်စီမှ ဖွင့်လှစ်သည့် အတန်းတင်ပညာရေး

ဖလမ်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့မှစ၍ စစ်ကောင်စီ၏ကြီးကြပ်မှုအောက်တွင် ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖလမ်းမြို့တွင် အစိုးရစာသင်ကျောင်း (၈) ကျောင်း ရှိသည့်အနက် အမှတ် (၁) အလယ်တန်းကျောင်း၊ အမှတ် (၃) အလယ်တန်းကျောင်း နှင့် အမှတ် (၂) မူလတန်းကျောင်း မျာအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ အလယ်တန်းနှင့်အထက်တန်းတို့အား အမှတ် (၃) အလယ်တန်း ကျောင်းတွင်လည်းကောင်း၊ မူလတန်းကျောင်းသူ/သားများအား အမှတ် (၂) မူလတန်းကျောင်းနှင့် အမှတ် (၁) အလယ်တန်းကျောင်းတို့တွင်လည်းကောင်း ကျောင်းတက်ကြသည်ဟု သိရှိရပါသည်။

အဆိုပါကျောင်း (၃) ကျောင်းတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက လုံခြုံရေးတာဝန်ယူ ထားရပြီး ကျောင်းသူ/သားများအား စစ်တပ်ကားများဖြင့် အကြိုအပို့လုပ်ကာ ကျောင်းတက်ကြ ရပါသည်။ လုံခြုံရေးယူထားသည့် တပ်သားများနှင့်ရဲများသည် ကျောင်းရှေ့ဖြတ်သွားဖြတ်လာ အမျိုး သမီးများအား ကျီစယ်ခြင်းများအပြင် အစားအသောက်၊ ဟင်းသီးဟင်းရွက်များအား တောင်းရမ်းခြင်း၊ ခိုးယူခြင်း၊ မတရားစျေးနှိမ်ခြင်းများကို ပြုလုပ်လေ့ရှိကြသည်။

စစ်တပ်နှင့်နီးစပ်သည့် အသိုင်းအဝန်း၊ non-CDM များ၏ သားသမီးများ၊ နာဇရစ်ဟုမ် (Narazeth children’s home) မှ ကလေး များနှင့် စစ်ကောင်စီအား အားပေးထောက်ခံသည့်သားသမီးများသာ ကျောင်းတက်ကြပါသည်။ တနင်္လာနေ့ မှ စနေနေ့ထိ ကျောင်းတက်ကြရပြီး  စာသင်ကာလ (၂) လ ပြည့်ပါက ပညာအရည်းအချင်း တိုးတက်မှု စစ်ဆေးမှုမရှိဘဲ အတန်းတင်ပေးရန် စီစဉ်ထားကြောင်း သိရပါသည်။

ကျောင်းသူ/သားများနှင့် ဆရာ/မများသည် ကျောင်းဝတ်စုံ ဝတ်ဆင်ခြင်းမရှိဘဲ ကျောင်းတက် ကြရပြီး ဆရာမ/မ အင်အားမလုံလောက်မှုကြောင့် တစ်ခန်းထဲ ပူးတွဲသင်ကြားရပါသည်။ ဖလမ်းမြို့နယ် အတွင်း ဆရာ/မ အင်အား (၁၄၀၀) ကျော်ရှိသည့်အနက်  (၅၀၀) ခန့် မှာ non-cdm များ ဖြစ်ကြပါသည်။ ဆရာ/မ အင်အား မလုံလောက်မှုကြောင့် မြို့နယ်ကျောင်းများမှ non-cdm ဆရာ/မများပါ သင်ကြား ပေးရပြီး ဆရာ/မ တစ်ဦးက (၂) ဘာသာစီ သင်ကြားပေးရပါသည်။ ဆရာ/မများမှ သင်ရိုးဟောင်းသည် ယခုနှစ်တွင် နောက်ဆုံးဖြစ်ပြီး သင်ရိုးသစ်များ စတင်တော့မည်ဖြစ်သောကြောင့် ကျောင်းတက်ကြဖို့ နှိုးဆော်ထားကြောင်းလည်း သိရပါသည်။

ကျောင်းသူ/သားစုစုပေါင်း (၄၀၀) ဝန်းကျင်ခန့်ရှိပြီး တက်ရောက်လာသူကျောင်းသူ/သား များပြားသောကြောင့် အမှတ် (၃) အထက်တန်းကျောင်းကိုလည်း ဖွင့်လှစ်သင်ကြားစေမည်ဟု သိရပါသည်။ ကျောင်းသူ/သားများမှာ သင်ကြားမှုအား နားလည်ခြင်းမရှိကြောင်း သိရှိရပြီး ရဲတပ်ဖွဲ့ဝင် ဇနီးတစ်ဦးကလည်း စစ်ကောင်စီတပ်သားများနှင့် ရဲများ၏သားသမီးများ ကျောင်းအပ်နှံခြင်း၊ တက် ရောက်ခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဟု အထက်က ပြောဆိုညွှန်ကြားထားကြောင်း သိရပါသည်။

မတ်လ (၉) ရက်နေ့၌ ဖလမ်းမြို့တွင် ကျောင်းသား/သူ (၃၀) ခန့်သည် ဗန်ကောင်လမ်း အ.မ.က အမှတ် (၂) တွင်လည်းကောင်း၊ အ.မ.က အမှတ် (၁) တွင်လည်းကောင်း စစ်ကောင်စီတပ်မှ လုံခြုံရေး တာဝန်ယူကာ အသီးသီး လစဥ်အစမ်းစာမေးပွဲ ဖြေဆိုခဲ့ပါသည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အား မတ်လ (၃၁) ရက်နေ့တွင် ဖြေဆိုမည်ဟု သိရှိရပါသည်။