
June 25, 2022, Comment off
ဆလိုင်းတင်မောင်ဦး (၄၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်
ဇွန် ၂၆၊ ၂၀၂၂
၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ချင်းပြည်သူလူထုအတွက်သာမက မြန်မာပြည်သူလူထုတစ်ရပ်လုံး အတွက်ပါ လွတ်လပ်ရေးနှင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် မြန်မာစစ်အာဏာရှင်များ၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။
ယနေ့တွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လူမျိုးနှင့် တိုင်းပြည်အတွက် အသက်ပေးခဲ့ကြသော ချင်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ သူရဲကောင်းများနှင့် ဆလိုင်းတင်မောင်ဦးတို့အား လေးစားစွာ ဂုဏ်ပြု ပါသည်။
ဆလိုင်းတင်မောင်ဦးသည် အင်းစိန်ထောင်အတွင်း စစ်အာဏာရှင်များ၏ ကြိုးပေးကွပ်မျက်ခံရသည့် တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်ဖြစ်သည်။ တိုင်းပြည်အတွက် အနစ်နာခံပေးဆပ်ခဲ့သည့် အမျိုးသား သူရဲကောင်းတစ်ဦးဖြစ်ပါသည်။ သူ့အား ကြိုးပေးကွပ်မျက်ကြမည့် အာဏာရှင်များ ရှေ့မှောက်တွင် ဆလိုင်း တင်မောင်ဦး၏ ရဲရင့်ပြတ်သားသည့် နောက်ဆုံးစကားမှာ “မင်းတို့ ငါ့ခန္ဓာကိုယ် ကို သတ်နိုင်ပေမယ့် ငါ့ယုံကြည်ချက်နဲ့ ငါရပ်တည်ချက်ကို မင်းတို့ ဘယ်တော့မှ သတ်လို့မရဘူး။ မင်းတို့ရဲ့ စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူး။” ဆိုတာပဲ ဖြစ်ပါသည်။
ဆလိုင်းတင်မောင်ဦးအနေဖြင့် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ရဲဝံ့စွာ တိုက်ပွဲဝင်သကဲ့သို့ ချင်းပြည်နယ်နှင့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအားလုံး သည်လည်း စည်းလုံးညီညွတ်မှုဖြင့် ဆလိုင်းတင်မောင်ဦး၏ မျှော်မှန်းချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
###
Media Contact: info@chinaffairs.org
+1 512 710 8005
+61 406 029 962
+91 9362 634 715