Zokhawthar clinic

November 15, 2022, Comment off

အိန္ဒိယ-မြန်မာနယ်စပ် မြန်မာ ဒုက္ခသည်များဆေးခန်းတွင် ၆ လအတွင်း လူနာ ၃၀၀၀ ခန့် အခမဲ့ကုသ

မြန်မာ့တပ်မတော်၏ စစ်အာဏာသိမ်းမူကြောင့် နိုင်ငံအတွင်း မတည်ငြိမ်မူဖြစ်ပေါ်လာပြီး စစ်ရှောင်ရန် နယ်စပ်ရောက်လာကြသည့် မြန်မာဒုက္ခသည်များ ဆေးကုသပေးရေး၊ မြန်မာ ဒုက္ခသည်များဆေးခန်း (Lailun Medical Centre) ဖွင့်လှစ်ခဲ့ပြီး၊ ယင်းဆေးခန်းတွင် ၆ လအတွင်း လူနာ ၃၀၀၀ ခန့် အခမဲ့ ကုသပေးကြောင်း သိရသည်။

ဤဒုက္ခသည်များဆေးခန်း သည် စေတနာ့၀န်ထမ်းများဖြင့် လည်ပတ်လျက်ရှိပြီး၊ ဆေးကုသမူခံယူရာတွင် ဒေသစကားဖြင့် ပြောဆိုနိုင်သောကြောင့် အဆင်ပြေလျက်ရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“ကျွန်တော်တို့ချင်းတိုင်းရင်းသားတွေအတွက်တော့ ပိုပြီးအဆင်ပြေတယ်၊ သက်ကြီးပိုင်းမှာ လိုအပ်လို့ တစ်ဖက်နိုင်ငံကို သွားနေတယ်၊ စကားကလည်း အစကနေပြန်သင်နေစရာမလိုပဲ ကိုယ့်မိခင်ဘာသာစကားနဲ့ ‌ပြောလို့ရတော့ အရမ်းအဆင်ပြေတယ်၊ ပြီးတော့ ကျနော်တို့လို ငွေကြေးမတတ်နိုင်တဲ့သူတွေကို အခမဲ့ကုပေးတယ်” ဟု ကလေးမြို့မှ ရောက်လာသည့် Pu Sang ကပြောသည်။

ကလေးတစ်ယောက်ကို ဆေးခန်းမှာ ဆေးစစ်နေစဉ်
ကလေးတစ်ယောက်ကို ဆေးခန်းမှာ ဆေးစစ်နေစဉ်

ဤဆေးခန်းသည် Institute of Chin Affairs (ICA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် Chin Baptist Association North America (CBANA), Mizo Students Union (MSU), နှင့် Chin Christian Conference of Australia (CCCA) တို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး အရင်က Myanmar Refugees Clinic ကို Lailun Medical Centre ဟူ၍ ပြောင်းလဲခဲ့သည်။

ဆေးခန်းအမည်ပြောင်းပြီးနောက် ဆိုင်းဘုတ်အသစ်
ဆေးခန်းအမည်ပြောင်းပြီးနောက် ဆိုင်းဘုတ်အသစ်