November 27, 2022, Comment off

အိန္ဒိယမှ လက်နက် ပစ္စည်းသယ်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကလေး-တမူး လမ်းတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်

အိန္ဒိယ နိုင်ငံမှ လွှဲပြောင်းပေးလိုက်သည့် လက်နက်ပစ္စည်း သယ်လာသည့် စစ်ကောင်စီ ယာဉ်တန်းကို ကလေး-တမူးကြားတွင် PDF ကလေးမှ (၆) ကြိမ်တိုင်တိုင် မိုင်းခွဲ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်ကောင်စီယာဉ်တန်းသည် နိုဝင်ဘာလ (၁၄) ရက်နေ့မှ အိန္ဒိယနိုင်ငံမှတဆင့် လွှဲပြောင်းပေးထားသော လက်နက်များသယ်ဆောင်လာသည့် ယာဥ်တန်းကို နိုဝင်ဘာလ (၂၅)ရက်နေ့တွင် ကလေးမြို့နယ် ကလေး-တမူး လမ်းမနံဘေးရှိ ရာ-၁ အကျဥ်းစခန်းတွင် ညအိပ်ရပ်နားခဲ့ပြီး နိုဝင်ဘာလ (၂၆) ရက် နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်မှစတင်၍ မွန်းလွဲ ၃ နာရီအချိန်ခန့်အထိ ၅၆မိုင်ကျေးရွာနှင့် မြလေးတောင်အကြားတွင် PDF(Kalay) မိုင်းတပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ၆ ကြိမ်တိုင် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး Droneနှင့် အခြားလက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု PDF ကလေးမှ နို၀င်ဘာလ (၂၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မူတွင် စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့  ထိခိုက် သေဆုံးမှုများ ရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နို၀င်ဘာလ (၂၆)ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်တွင်လည်း စစ်ကာင်စီ၏ လက်နက်ကြီး ပစ်ခတ်မူကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း လက်ရှိစစ်ရေးတင်းမာနေမှု အခြေနေကြောင့် ကလေး-တမူးလမ်းမကြီးအား အများပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF ကလေးမှ ထပ်မံသတိပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

PDF ကလေးထုတ်ပြန်ချက်
PDF ကလေးထုတ်ပြန်ချက်