November 28, 2022, Comment off

ကလေး-တမူးကြားတွင် စကစ ယာဉ်တန်း ပြန်လည်တိုက်ခိုက်ခံရ

ကလေး-တမူးကြားတွင် စကစ ယာဉ်တန်း ပြန်လည်တိုက်ခိုက်ခံရ

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်

 

ယမန်နေ့၌ အိန္ဒိယနိုင်ငံမှ လက်နက် ပစ္စည်းသယ်လာသည့် စကစ ယာဉ်တန်းကို ကလေး-တမူးကြား ကားလမ်း တစ်နေရာတွင် ပဒေသာမိုင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု PDF-Kalay က နို၀င်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

 

ယင်းထုတ်ပြန်ချက်တွင် ယမန်နေ့ ၂၆ ရက်နေ့၊ ကလေး-တမူးကြား မြလေးတောင်ခြေ၌ ညအိပ်ရပ်နားထားသော စစ်ကောင်စီယာဥ်တန်းသည် နို၀င်ဘာလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးမြို့ဘက်သို့ ဦးတည်ထွက်ခွာလာရာ နံနက် ၈နာရီ ၄၀ မိနစ် အချိန်ခန့်၌ PDF (Kalay) တပ်ဖွဲ့ဝင်များမှ အသင့်တပ်ဆင်ထားသော ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီယာဥ်တန်းမှ မော်တော်ယာဥ် ၂ စီး ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ထုတ်ပြန်ဖော်ပြထားသည်။

 

 

ယင်းအပြင် ယာဥ်တန်းနံဘေး၌ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိသည်ဟု သိရသော်လည်း ထိခိုက်သေဆုံးမှုအား အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် နေစဉ်နဲ့အမျှ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ကြား တိုက်ခိုက်မူရှိခဲ့သည်။