November 29, 2022, Comment off

PDF ဆေးတပ်သား အမျိုးသမီး ၉ ဦးကို ထောင်ဒဏ် ၁၂ နှစ်စီချမှတ်

 

၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၂၉ရက်

ကလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆေးတပ်သား အမျိုးသမီး ၉ ဦးကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်၌ တရားရုံးက အောက်တိုဘာလအတွင်း ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကပြောသည်။

အဆိုပါ အမျိုးသမီး ၉ ဦးကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အပြင် ၊အကြမ်းဖက်မှုပုဒ်မများနှင့်စွဲချက်တင်ပြီး ယခုနှစ် စက်တင်ဘာ လကုန်ပိုင်းတွင် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက ” သူတို့ကို အမိန့်ချလိုက်တာ နှစ်လလောက်ရှိပြီ ပုဒ်မတွေက ၅၀၅ ပါတယ် နောက်ပြီး အကြမ်းဖက် ပုဒ်မတွေနဲ့ အမှုတွေအကုန်ပေါင်းပြီး ချလိုက်တာ၊ တစ်ယောက်ကို ၁၂ နှစ်စီ ” ဟုပြောသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဘက်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီးပြီး အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ Zan Zo Zam(မဇမ်ဇိုးဇာမ်)၊ Man Luan Dim (မမန်လွန်းဒိမ်း)၊ Niang Doih Cing (မညောင်ဒွ့န့်ကျင်)၊ Mal Sawm Dongi (မမားလ်ဆောမ်ဒေါင်းအီး)၊ La Tan Hluii (မလားလ်တန်လွေးအီး)၊ Lal Lawm Sangi (မလားလ်လွန်စန်းအီး)၊ Lal Muan Kimi (မလားလ်မွမ်းကိမ်းအီး)၊ Van Lal Ruati (မဗန်လားရွန်းအီး)၊ Lal Biak Feli (မလားလ်ပျန်းဖဲလ်အီး) တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းတို့ ၉ ဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးPDF တပ်ဖွဲ့တွင် ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသူများဟု PDF ကလေးတပ်ဖွဲ့ဝင်များက အတည်ပြုသည်။

” ထောင်ဆူပူပြီးထဲက နေရ ပိုကြပ်တယ်။ အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားဆို ပိုဖိတယ်။ ပြန်မလွတ်လာခင် သူတို့ကိုးဦးကို လှမ်းတွေ့လိုက်တယ် ၊ ကျန်းမာရေးတော့ ကောင်းကြပါတယ် “ဟု အကျဉ်းထောင်တွင် အတူနေထိုင်ခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ပြီး၊ မိသားစုဝင်များမှာ ကလေးမြို့ပေါ် လုံခြုံရေးအခြေအနေကြောင့် ထောင်ဝင်စာပို့ရန် အခက်ခဲကြုံနေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ထောင်သွားဖို့ကမလွယ်ဘူး၊ စစ်တပ်စစ်ဆေးရေး ဂိတ်တွေက ဆိုင်ကယ်နဲ့သွားရင် အတင်းစစ်ဆေးတာ၊ အခုကသွားလို့ကို မရတော့ဘူး” ဟု ထိန်းသိမ်းခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ ၂၀၂၁ နိုဝင်ဘာလ ၁၆ရက် တွင် ကလေးမြို့အနောက်တောင်ဘက်ရှိ PDF စခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းရာ ၃ ဦး အသတ်ခံရပြီး ထို ၉ ဦး သုံ့ပန်းဖြစ်သွားခြင်း ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ရက် အာဏာသိမ်းသည့်နေ့မှစပြီး စစ်တပ်က ဒေသအသီးသီးတွင် အရပ်သားများ၊အာဏာသိမ်းမှုဆန့်ကျင်သူဟု စွပ်စွဲခံရသူများကို နေ့စဉ် ဖမ်းဆီးနေသည်။ အာဏာသိမ်းပြီးနောက် ဖမ်းဆီး ထိန်းသိမ်းထားသည့် ၁၆၄၃၂ ဦး အနက် အမျိုးသမီး ၃၄၃၄ ဦး ဖမ်းဆီးခံထားရသည်ဟု အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က နိုဝင်ဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။