December 2, 2022, Comment off

အာဏားသိမ်းပြီး(၂၂)လအတွင်း ချင်းလူမျိုးများအပေါ်  စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများ အပေါ် သဘောထား ထုတ်ပြန်ချက်

 

 

အာဏားသိမ်းပြီး(၂၂)လအတွင်း ချင်းလူမျိုးများအပေါ်  စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများ အပေါ် သဘောထား ထုတ်ပြန်ချက်

 

(၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက် အထိ)

 

 

၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် (၂၂)လ အတွင်း (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက် အထိ) စစ်ကောင်စီကြောင့် ချင်းလူမျိုး (၃၅၅) ဦး အသက်ဆုံးရှုံးခဲ့သည်။ ချင်ပြည်နယ်အတွင်း၌ အိမ်ခြေစုစုပေါင်း (၁၅၀၅)ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်စီးခဲ့ကြပြီး၊ ပြည်သူ (၄၀၀၀၀) ကျော် စစ်ဘေး‌ရှောင် ထွက်ပြေးကြသည်။  အိမ်နီးချင်း အိန္ဒိယ နိုင်ငံ Mizoram နှင့် Manipur ပြည်နယ် သို့ ထွက်ပြေးစစ်ဘေးရှောင်သူ စုစုပေါင်း (၅၀၀၀၀) နီးပါးရှိပါသည်။

 

စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသူ (၃၅၅)ဦးထဲတွင် အပြစ်မဲ့ပြည်သူ (၁၆၇)ဦး (ကျား-၁၃၂၊ မ-၃၅) ပါ၀င်ပြီး၊ ထိုအထဲတွင် (၁၈)နှစ်အောက် ကလေးသူငယ် ယောကျာ်းလေး (၁၉)ဦးနှင့် မိန်းကလေး (၅)ဦး စုစုပေါင်း (၂၄)ဦး ပါ၀င်ပြီး (၆)လ နှင့် (၇)လသားအရွယ် နို့စို့ကလေးငယ် နှစ်ဦးလည်းပါဝင်သည်။ ထို့အပြင် ဓမ္မအမှုတော်ဆောင် ဆရာတော် (၄)ပါး သည်လည်း ဤကာလအတွင်း စစ်ကောင်စီတပ်များ၏ ရက်စက်စွာသက်ဖြတ်ခြင်းခံရသည်။

 

ထိုသေဆုံးမှုများထဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ ဦးလည်း ပါဝင်သည်။  ၎င်းတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းပြီးနောက် တောခိုခဲ့ကြသည့် လူငယ်များဖြစ်ကြပြီး၊ စစ်ကောင်စီမှ အာဏာမသိမ်းခဲ့ပါက ကျောင်းတက်၊ အလုပ်လုပ် သို့မဟုတ် မိသားစုကို အေးချမ်းစွာ ပြုစုပျိုးထောင်မည့်လူငယ်များဖြစ်ကြသည်။

 

(၂၂)လတာအတွင်း စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသည့် ချင်းပြည်သူ (၃၅၅) ဦးထဲတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရသူ (၁၀) ဦးရှိပြီး၊ မုဒိန်းကျင့်၊ ညှင်းပန်းနှိပ်စက်ပြီး နိုင့်ထက်စီးနင်းပြုကာ သတ်ဖြတ်ခဲ့ရသူ (၃၃) ဦးအထိ ရှိပါသည်။ ထိုမျှမက အပြစ်မဲ့ပြည်သူ (၉) ဦးကို ဖမ်းဆီးနှိပ်စက်ပစ်သတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့ကြပါသည်။ ထို့အပြင် (၇) ဦးမှာ အလောင်းကိုပင် ပြန်ရှာမရနိုင်တော့ချေ။

 

စစ်ကောင်စီ၏ အကြမ်းဖက်မှုကို တိမ်းရှောင်ရင်း ဆေးဝါးကုသခြင်း မတတ်စွမ်းနိုင်သောကြောင့် အသက်ဆုံးရှုံးရသူမှာလည်း (၁၇)ဦးအထိ ရှိပြီးဖြစ်သည်။ လူသားဒိုင်းကာအဖြစ် (၉)ဦး၊ တိုက်လေယာဥ်ဗုံးကြဲမှုကြောင့် (၃)ဦး၊ အကျဥ်းထောင်ထဲ၌ (၃)ဦး ပစ်သတ်ခံရပြီး၊ နင်းမိုင်းကြောင့် အပြစ်မဲ့ပြည်သူ (၁၇)ဦး အထိ သေဆုံးပြီးဖြစ်သည်။

 

ဖော်ြပပါ အကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် မတရားစစ်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲစေရန် ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်ဆိုးဝါးလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်လျက်ရှိနေကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ကြရပေသည်။

 

ထိုသို့ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်အပေါ်ပစ်မှတ်ထားခြင်း၊ အပြစ်မဲ့ပြည်သူများ၊ အထူး သဖြင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ်   တိုက်ခိုက်သတ်ဖြတ်ခြင်းများအား ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ တိုက်ခိုက်ခြင်းများမှ ရှောင်ကြဉ်ရန် စစ်ကောင်စီအား အလေးအနက် တိုက်တွန်းသည်။

 

စစ်ကောင်စီ၏ ချင်းတိုင်းရင်းသားများအပေါ် သာမက မြန်မာနိုင်ငံရှိ ပြည်သူများအပေါ် စာနာမှုကင်းမဲ့စွာ ပြည်ပရန်သူအလား လေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ဆင်ရေးဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေရန် ကြားဝင်ဆောင်ရွက်နိုင်သည့် ထိရောက်သော အရေးယူမှုအား အမြန်ဆုံး လုပ်ဆောင်ပေးပါရန် နိုင်ငံတကာအသိုင်းအဝန်းများကို ထပ်မံတောင်းဆိုအပ်ပါသည်။

 

“ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းလောက်ဘဲရှိတယ်။ နောက်ပြီးချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်တယ်။ ဒါကြောင့် အချိုးအစား အနေနဲ့ တွက်လိုက်ရင် သတ်ခံရတဲ့ လူဦးရေက အလွန်မြင့်မားပြီး၊ ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်အအောက်အအိုး ပစ္စည်းတွေ‌ရဲ့ တန်ဖိုးကလည်း အရမ်းများပါတယ်” ဟု ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က ပြောသည်။

 

“နိုင်ငံတကာအသိုင်းအဝန်းအနေနှင့် စိုးရိမ်ပူပန်တဲ့ ကြေညာချက်တွေ ထုတ်ပြန်နေရုံနဲ့ သိသာတဲ့အကျိုးရဖို့ နည်းတဲ့အတွက် လက်တွေ့ လုပ်ဆောင်ကြဖို့ လိုအပ်နေပြီ”ဟု Salai Van Sui San က ဆက်ပြောသည်။

 

###

 

Media Contact: info@chinaffairs.org +91 9233 136 027, +1 512 710 8005