February 9, 2023, Comment off

ဖလမ်းမြို့တွင် ဖမ်းဆီးခံရသူ ၅ ဦး ရုံးချိန်းရက်ရွေ့

၁၈၊၁၊၂၀၂၃ ပစ်ခတ်မှုကြောင့်ဖမ်းဆီးခံရသော ဖလမ်းမြို့နေ အရပ်သားပြည်သူ ၅ဦးအား ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရုံးတင်ရန် ချိန်းဆိုထားသော်လည်း ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ရက်ရွှေ့လိုက်သည်ဟု ကြားသိရပါသည်။

ဖမ်းဆီးခံရသူများ၏ မိသားစုဝင် (အမည်မဖော်လိုသူ) တစ်ဦးထံမှ “ရဲတွေက ၁၄ရက် ရမန် ပြန်ယူတယ်၊ ဖေဖော်ဝါရီ ၁၆ မှာ ရုံးပြန်တင်မယ်၊ အဲဒီရက်မတိုင်ခင် ရုံးတင်တာလည်းဖြစ်နိုင်တယ်” ဟု သိရှိရပါသည်။

ဖလမ်းမြို့နေ ပြည်သူတစ်ဦးမှ “ရဲတွေဘက်က ‌ပြောချက်အရတော့ ၃၁၊၁၊၂၀၂၃ နေ့ ပညာရေးရုံးမှာ အမည်မသိ ၅ဦးမှ CDM မပြုလုပ်သူများရဲ့ လစာ သိန်း၈၀၀ ဝန်းကျင်ကို ဝင်ရောက်လုယူခြင်းကြောင့် ဒီဘက်ကို အာရုံမစိုက်နိုင်တာ၊ ဒါကြောင့် ရက်ရွှေ့လိုက်တာ”ဟု ပြောဆိုထားသည်။ ထို့အပြင် ဖမ်းဆီးခံရသူ ၅ဦးအား ရှေ့နေငှားရမ်းခွင့် မရကြောင်း သိရှိရပါသည်။

၁၈၊၁၊၂၀၂၃ ရက်နေ့ ပစ်ခတ်မှုဖြစ်စဥ်မှာ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်တွင်  ညနေ (၃:၀၀) နာရီ၊ ကျောင်းသားများကျောင်းဆင်းချိန်၌ ဖလမ်းမြို့ပေါ်ရှိ ရဲများအား အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ ချောင်းမြောင်းပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်သူများမှာ သုံးဦးဖြစ်ပြီး ရဲတစ်ဦးသေဆုံးကာ ဒဏ်ရာရသူ (၄)ဦး ရှိပါသည်။ ထွက်ပြေးစဉ်တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျပျောက်သွားသော သေနတ်တစ်လက်ကို ပြန်တွေ့သော်လည်း သေနတ်မှာ ကျိုးနေကြောင်း သိရပါသည်။ ဤပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးတစ်ဦး ပေါင်၌ ဒဏ်ရာ ရရှိခဲ့ပါသည်။ ၎င်းဖြစ်ရပ်ကြောင့် အနီးအနားရှိ ပြည်သူ (၂၄) ယောက်ကို စစ်ကောင်စီမှ ညတွင်းချင်း ဖမ်းဆီးကာ ထိုညတွင်(၁၉)ယောက်အား ပြန်လွှတ်ပေးခဲ့သော်လည်း (၅)ဦးမှာ ဆက်လက်ထိန်းသိမ်းခြင်းခံခဲ့ရသည်။

ထို(၅)ဦးကို ပုဒ်မ ၅၂ ဖြင့် ရုံးတင်တရားစွဲဆိုထားပါသည်။ ယင်းပုဒ်မ ၅၂ ကို  ၁၊၈၊၂၀၂၁ခုနှစ်တွင် စစ်ကောင်စီမှ ပြင်ဆင်ထားခဲ့ပါသည်။

၎င်းပြင်ဆင်ချက်အပေါ် ဥပဒေဌာန၊ တွဲဖက်ပါမောက္ခ (CDM) တစ်ဦးမှ “အရင်က အမြင့်ဆုံးထောင်ဒဏ်က သုံးနှစ်၊ ဒါကို စကစက ထောင်ဒဏ် ခုနှစ်နှစ်လို့ တိုးမြှင့်ပြဋ္ဌာန်းလိုက်တယ်။ အဲဒါကြောင့် စွပ်စွဲခံရတဲ့သူတွေအတွက် အမြင့်ဆုံး ထောင်ဒဏ် ချမှတ်ခံရနိုင်ဖွယ်ရှိတယ်။ တကယ်တော့ ထောင်ဒဏ် ခုနှစ်နှစ်ဆိုတာ ကြီးလေးသော ပြစ်ဒဏ်ဖြစ်တယ်” ဟု မှတ်ချက်ပြုထားပါသည်။