February 23, 2023, Comment off

ဖလမ်းမြို့တွင် ဖမ်းဆီးခံထားရသော အပြစ်မဲ့ပြည်သူ (၅)ဦး ပြန်လည်လွတ်မြောက်ခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ပူဂင့်ကမ်းလျန် နေရာတွင် ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်ကြောင်း စစ်ကောင်စီ ကြေငြာ

ဖလမ်းမြို့တွင် ဖမ်းဆီးခံထားရသော အပြစ်မဲ့ပြည်သူ (၅)ဦး ပြန်လည်လွတ်မြောက်

ဖေဖော်ဝါရီလ (၁၆)ရက်၊ ၂၀၂၃

ချင်းပြည်နယ်၊ ဖလမ်းမြို့၍ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြို့တွင်းပစ်ခတ်မှုဖြစ်စဉ် နှင့် ပတ်သက်၍ စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသော ဒေသခံပြည်သူ ၅ သည် ဖေဖော်ဝါရီလ (၁၆)ရက်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။

ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းတွင် အထက -၁ ကျောင်းမှ လုံခြုံရေးကြောင်းပြနေရာယူထားသော စကစတပ်ဖွဲ့ဝင်များ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့များမှ ကြားဖြတ် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီသည် ၎င်းပစ်ခတ်မှုဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့အရပ်သား ပြည်သူ ၂၃ ဦး ကို ဖမ်းဆီးခဲ့ပြီး နောက်နေ့ (ဇန်နဝါရီလ ၁၉ ရက်) နေ့တွင် ၁၈ ဦး ကို ပြန်လည် လွှတ်ပေးခဲ့သည်။

ကျန်ရှိနေသည့် ၅ ဦးအတွက် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ရုံးချိန်းယူခဲ့ပြီး နောက်ထပ် ၁၄ ရက် ရမန်ယူကာ ချုပ်ရက် ထပ်တိုး ခဲ့သည်။ စစ်ကောင်စီမှ ပုဒ်မတပ် တရားစွဲဆိုမှုများ ပြုလုပ်နိုင်ခြေရှိ၍ မိသားစုဝင်များ စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း ယနေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ပူဂင့်ကမ်းလျန် နေရာတွင် ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်ကြောင်း စစ်ကောင်စီ ကြေငြာ

ဖော်ဖေဝါရီလ (၁၇) ရက်၊ ၂၀၂၃

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏အရေးပေါ်အခြေအနေကို (၆)လ ထပ်မံတိုး မြှင့်ကြောင်း ကြေငြာခဲ့သည့် ဖေဖော်ဝါရီလ (၁)ရက်၊ ၂၀၂၃ နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအားလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ကောင်စီဝင်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့သော ပူဂင့်ကမ်းလျန် ကို ပြန်လည်ဖြုတ်ချပြီး ဒေါက်တာမှုထန် နှင့် ပြန်လည်အစားထိုးလိုက်ကြောင်း ယနေ့ ကြေငြာခဲ့သည်။ ပူဂင့်ကမ်းလျန်သည်  ခန့်အပ်ခံရပြီး ရက်ပေါင်း (၁၆) ရက်အကြာတွင် ရာထူးမှဖယ်ရှားခံရခြင်း ဖြစ်သည်။

ပူဂင့်ကမ်းလျန် နေရာတွင် အစားထိုးခန့်အပ်ခံရသော ဒေါက်တာမှုထန်သည် ချင်းပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သည်။ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာမှုထန်သည် ထန်တလန်မြို့နယ် ပြည်နယ်လွတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲရှုံးနိမ့်ခဲ့သူဖြစ်ပြီး  ပူဂင့်ကမ်းလှန်သည်လည်း တီးတိန်မြို့နယ်မှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သူဖြစ်သည်။