By the numbers

March 2, 2023, Comment off

စစ်ကောင်စီ၏ အာဏာသိမ်းမှု (၂)နှစ်အတွင်း ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်ကျူးလွန်သည့် ပြစ်မှုများ


– နိဒါန်း

၁။ မတရားသတ်ဖြတ်မှုများ

(က) ဆန္ဒပြနေစဥ်သတ်ဖြတ်မှု

(ခ) အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်မှု
(ဂ) ဓမ္မအမှုတော်ဆောင်များအပေါ်ကျူးလွန်မှု
(ဃ) အရပ်သားပြည်သူများအား သတ်ဖြတ်မှု
(င) ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့

၂။ လူသားဒိုင်းအဖြစ် အသုံးပြုမှု

၃။ အဆောက်အဦးနှင့် လူနေအိမ်များမီးရှို့ဖျက်ဆီးမှု

(က) လူနေအိမ်များ မီးရှို့ဖျက်ဆီးမှုအချို့
(ခ) ဘာသာရေးအဆောက်အဦးများ မီးရှို့ဖျက်ဆီးမှုအချို့

၄။ မတရားဖမ်းဆီးမှု

၅။ နေအိမ်များစီးနင်းမှုနှင့် အတင်းအကြပ်နေရပ်စွန့်ခွာစေမှု

၆။ ပြည်ပရန်သူအလား ထိုးစစ်ဆင် တိုက်ခိုက်မှုများ

(က) လေကြောင်းတိုက်ခိုက်မှုများ

– နိဂုံး

နိဒါန်း

စစ်ကောင်စီမှ မတရားအာဏာသိမ်းလုယူမှုသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် (၂)နှစ်တင်းတင်း ပြည့်ပြီးဖြစ်ပါသည်။ စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် ချင်းအမျိုးသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှု ကျူးလွန်ခြင်းများအား ဖော်ပြအပ်ပါသည်။

၁။ မတရားသတ်ဖြတ်မှုများ

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်ကောင်စီမှ နိုင်ငံတော်အာဏာ မတရားသိမ်းယူမှုကို မလိုလားကြသော နိုင်ငံတစ်ဝန်းရှိ ပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ဆန့်ကျင်ကြသည်။ သို့ရာတွင် စစ်ကောင်စီတပ်များမှ ရော်ဘာကျည်၊ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းသော်လည်း ပြည်သူများ၏ အာဏာရှင်စနစ်အုပ်ချုပ်ခဲ့မှု သို့မဟုတ် စစ်တပ်အုပ်ချုပ်ခဲ့မှုအပေါ် နာကျည်းမှု၊ စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီ တောင့်တမှုဆန္ဒကို တားဆီးနိုင်စွမ်းမရှိပေ။ ထို့ကြောင့် စစ်ကောင်စီတပ်များမှ အပြစ်မဲ့ပြည်သူလူထုများအား ပြည်ပရန်သူအလား သေနတ်အစစ်၊ ကျည်အစစ်များဖြင့် ပစ်ခတ်သည်သာမက ဗုံးအစစ်များ၊ လက်နက်ကြီးများ (RPG၊ ၄၀မမ၊ ၆၀မမ) နှင့် ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ကြပါသည်။ ထိုသို့ အင်အားသုံး အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ချင်းအမျိုးသားများ (၂)နှစ်တာကာလာအတွင်း (၃၈၃)ဦးအထိ သေဆုံးခဲ့ရပါသည်။

(က) ဆန္ဒပြနေစဥ်သတ်ဖြတ်မှု

စစ်ကောင်စီတပ်သည် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ပြည်သူများကို ပစ်ခတ်နှိမ်နင်းရာ၌ ချင်းအမျိုးသားသေဆုံးသူ (၁၃) ဦးအထိရှိပါသည်။ ထိုသူများထဲတွင် မန္တလေးမြို့မှ သမ္မာကျမ်းစာကျောင်းတက်၍ နေအိမ်သို့ပြန်လာသော အသက် (၂၅)နှစ်အရွယ် ချင်းအမျိုးသား တစ်ဦးလည်း ပါဝင်ပါသည်။

(ခ) အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်မှု

စစ်ကောင်စီတပ်သားများသည် လက်နက်အားကိုးကာ အင်အားနည်းသော ချင်းအမျိုးသမီး (၄)ဦးအား အုပ်စုဖွဲ့မုဒိမ်းပြုကျင့်ခဲ့ကြသည်သာမက အသက်ကိုပါ သတ်ဖြတ်ခဲ့ကြပါသည်။

  • ၂၀၂၁ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ၌ နေထိုင်သည့် သားအမိအား စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သည်။ အသက် (၁၅) နှစ်အရွယ် အသက်မပြည့်သေးသော သမီးငယ်အား မုဒိမ်းကျင့်ကာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
  • ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့တွင် တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာ၌ စခန်းချ ရပ်နားသည့် စစ်ကောင်စီတပ်မှ တပ်သား (၃) ဦးတို့သည် အသက် (၂၉) နှစ်အရွယ် မွေးကင်းစ ကလေးမိခင်အား အကြိမ်ကြိမ် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။
  • ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်နေ့မှာပင် တီးတိန်မြို့နယ်၊ အပ်လွယ်ကျေးရွာနေ ကိုယ်ဝန်ခုနစ် လလွယ်ထားသည့် အသက် (၃၅) နှစ်အရွယ်အမျိုးသမီး(၁)ဦးအား စစ်ကောင်စီ တပ်သား (၃) ဦးက အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့သည့်အပြင် သွေးထွက်သံယိုဖြစ်သည်အထိ နှိပ်စက်ခဲ့ကြသည်။
(ဂ) ဓမ္မအမှုတော်ဆောင်များအပေါ်ကျူးလွန်မှု

ချင်းအမျိုးသားများ၏ အဓိကကိုးကွယ်ယုံကြည်မှုဖြစ်သော ခရစ်ယာန်ဘာသာ၏ ဓမ္မအမှုတော်ဆောင်များ (ခရစ်ယာန်ဘုန်းကြီး) ဖြစ်ကြသော ဆရာတော်(၄)ပါးကိုလည်း စစ်ကောင်စီတပ်များမှ ဘာသာတရားအပေါ် လေးစားမှုကင်းမဲ့စွာဖြင့် သတ်ဖြတ်ခဲ့ကြသည်။

  • ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၈)တွင် ထန်ထလန်မြို့၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်မီးလောင်မှုအား မီးကူငြိမ်းသတ်ပေးသည့် ခရစ်ယာန်ဆရာတော်တစ်ပါးအား စစ်ကောင်စီတပ်မှ ပစ်ခတ်၍ သေဆုံးခဲ့ရပါသည်။ အလောင်းအား ပြန်လည်ကောက်ယူစစ်ဆေးရာ၌ လက်သူကြွယ်အဖြတ်ခံရပြီး လက်ထပ်လက်စွပ်နှင့် နာရီပါ ခိုးယူခံထားရပါသည်။
  • ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၂၃)တွင် ခရစ်ယာန်ဆရာတော်တစ်ပါးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီခြင်းခံရပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် စစ်ကြောရေးတွင် သေဆုံးကာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှသာ ဆွေမျိုးများက သေးဆုံးကြောင်း သတင်းကြားသိရပါသည်။
  • ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၆) တွင် ခရစ်ယာန်ဆရာတော်တစ်ပါးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် ရရှိသောဒဏ်ရာများကို ဆေးရုံ၌ ‌ဆေးကုသမှုခံယူ သော်လည်း ပြင်းထန်လွန်းသောကြောင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ရပါသည်။
  • ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၁၂)တွင် ခရစ်ယာန်ဆရာတော်တစ်ပါးသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အလောင်းအား ကန်ပက်လက် ဟိုတယ်အနီးတွင် စွန့်ပစ်ခဲ့ကြကာ ဒေသခံများမှ ပြန်လည်ကောက်ယူခဲ့ရပါသည်။
(ဃ) အရပ်သားပြည်သူများအား သတ်ဖြတ်မှု

စစ်ကောင်စီတပ်များသည် မိမိ၏ အာဏာတည်မြဲရေးအတွက် အပြစ်မဲ့ပြည်သူ (၁၂၆)ဦးကိုလည်း သတ်ဖြတ်ခဲ့ကြပါသည်။

  • ၂၀၂၁ခုနှစ်၊ ဩဂုတ်လ (၂၅) တွင် (၁၀)နှစ်သားအရွယ်၊ ၂၀၂၂ ခုနှစ်၊ မေလ (၂၂)တွင် (၆)လသားအရွယ်၊ ၂၀၂၂ခုနှစ်၊ ဇွန်လ (၁၈)တွင် (၇)လသားအရွယ် ကလေးငယ်(၃)ဦးသည် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည့် အသက်မပြည့် ကလေးငယ်များထဲမှ အချို့ပင်ဖြစ်သည်။
  • ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၁၄) တွင်လည်း ဟိုင်မွာလ်ရွာကိုမီးရှို့ဖျက်ဆီးကာ အသက်(၁၇)နှင့် (၁၅) နှစ်အရွယ် မောင်နှမအား ဖမ်းဆီးပြီး လမ်းခုလပ်မှာပင် သတ်ဖြတ်ခဲ့ကြသည်။
  • ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁၄)တွင် မသန်စွမ်းအမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်မှ သတ်ဖြတ်ကာ အလောင်းကိုမီးရှို့ခဲ့ကြပါသည်။ ထိုမျှမက ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၂၂) တွင်လည်း အသက် (၅၆)နှစ်အရွယ် မွေးရာပါ မသန်စွမ်းအမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ မသေမချင်း ရိုက်နှက်ကာ သေနတ်ဖြင့် သုံးချက်ထက်မနည်း ပစ်သတ်ခဲ့ကြပါသည်။

ဤသည်တို့မှာ စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှု အချို့ပင်ဖြစ်သည်။

(င) ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့

နွေဦးတော်လှန်ရေးအောင်မြင်နိုင်ရန်အတွက်နှင့် ပြည်သူလူထု၏ လုံခြုံရေး အတွက် အသက်ပေးကာ တော်လှန်ကာကွယ်နေကြသော ချင်းအမျိုးသားတော်လှန်ရေးတပ်များမှ (၂၃၇)ဦးမှာ မိမိ၏ ကတိသစ္စာပြုသည့်အတိုင်း တိုင်းပြည်နှင့်လူမျိုးအတွက်နှင့် အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီဖြစ်ပေါ်လာရေးအတွက် အသက်ပေးလှူခဲ့ကြရပါသည်။ စစ်ကောင်စီတပ်သည် ချင်းအမျိုးသားတော်လှန်ရေးအဖွဲ့များအား ပြည်ပရန်သူအလား လက်နက်ငယ်၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ရုံသာမက မြေမြှုပ်မိုင်းများနှင့် လေကြောင်းတိုက်ခိုက်မှုများ၊ စစ်သုံးရဟတ်ယာဥ် နှင့် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသည်။

၂။ လူသားဒိုင်းအဖြစ် အသုံးပြုမှု

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်လာရာတွင် လမ်းပြအနေဖြင့် သော်လည်းကောင်း၊ ဓားစာခံအနေဖြင့် သော်လည်းကောင်း အရပ်သားများအား အတင်းအကြပ်ဖမ်းခေါ်ပြီး လူသားဒိုင်းအဖြစ် စေခိုင်းခဲ့ကာ ပြစ်မှုကျူးလွန်ခဲ့ကြပါသည်။ ချင်းပြည်နယ်အတွင်း၌ အရပ်သားပြည်သူ (၅၆)ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြပါသည်။

  • ၂၀၂၁ခုနှစ်၊ မေလ (၁၅)တွင် မင်းတပ်စစ်ဆင်ရေး၌ အရပ်သားလူငယ် (၁၅) ဦးအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။
  • ၂၀၂၁ခုနှစ်၊ ဇွန်လ (၅)တွင် မင်းတပ်မြို့၊ မယ်လကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားရာ အရပ်သားပြည်သူ (၇) ဦးအား လူသားဒိုင်းအဖြစ် ထပ်မံ ဖမ်းဆီးအသုံးပြုခဲ့သည်။
  • ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ၊ (၂၁)တွင် ဟားခါးမြို့မှ အရပ်သားပြည်သူ (၁၄) ဦးခန့်အား စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး ဟားခါး-ထန်တလန်လမ်းတစ်လျှောက်တွင် လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။
  • ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလတွင် ကန်ပက်လက်မြို့မှ မကွေးတိုင်းဒေသကြီး ဆောမြို့သို့ သွားသည့် အရပ်သား (၂) ဦးအား စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။
  • ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၉) တွင် ဖလမ်းမြို့နယ်၊ ဝေဘူလမြို့အနီးတွင် တောင်ယာလုပ်ငန်းခွင်မှ ပြန်လာသည့် အရပ်သားပြည်သူ (၅) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးကာအသုံးပြုခဲ့သည်။
  • ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၀) တွင် မတူပီမြို့နယ်တွင် သတင်းသမားတစ်ဦးနှင့် အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သားပြည်သူ (၁၀) ဦးတို့အား စစ်ကောင်စီတပ်များမှ လမ်းပြအဖြစ်လည်းကောင်း၊ လူသားဒိုင်းအဖြစ်လည်းကောင်း ဖမ်းဆီးအသုံးပြုခဲ့ကြပြီး နှိပ်စက် သတ်ဖြတ်ခဲ့ကြသည်။
  • ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၂၆) တွင် ဆေးကုသရန်မြို့သို့သွားရောက်သော မိသားစု(၃)ဦးအား မတရားဖမ်းဆီးကာ လမ်းပြအဖြစ် အသုံးပြုခဲ့ကြပါသည်။

၃။ အဆောက်အဦးနှင့် လူနေအိမ်များမီးရှို့ဖျက်ဆီးမှု

စစ်ကောင်စီတပ်များသည် ရမ်းသမ်း၍ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ လက်နက်ကြီးများကို ပစ်ခတ်ခြင်း၊ လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦးများစွာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးမီးရှို့ခြင်းများ ကျူးလွန်ခဲ့ကြပါသည်။ ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများနေထိုင်သော ဒေသများ၌ အဆောက်အဦးနှင့် လူနေအိမ်များဖျက်ဆီးခံရမှုမှာ (၄၃၀၀)ကျော်ရှိပါသည်။ ထိုစာရင်းထဲမှ အချို့ကို အောက်တွင်ဖော်ပြထားပါသည်။

(က) လူနေအိမ်များ မီးရှို့ဖျက်ဆီးမှုအချို့
  • ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၃)တွင် ထန်တလန်မြို့၌ အိမ်‌ခြေ(၁၂၁)လုံးအား စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။
  • ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁၉)တွင် ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာ၌ စစ်ကောင်စီတပ်များမှ လူနေအိမ်(၃)လုံးအား ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။
  • ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၇)တွင် စစ်ကောင်စီတပ်များမှ မင်းတပ်မြို့နယ်ရှိ စွန်တောင်ရွာအား လေကြောင်းဖြင့် ပစ်ခတ်မှုများကြောင့် လူနေအိမ် (၇)လုံး ပျက်စီးခဲ့ရပါသည်။
  • ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၉)တွင် ကလေးမြို့နယ်၊ စက္ကန့်ရွာရှိ အိမ်ခြေ (၈၆)လုံးအား စစ်ကောင်စီ တပ်များမှ မီးရှို့ဖျက်ဆီး ခဲ့ကြပါသည်။
(ခ) ဘာသာရေးအဆောက်အဦးများ မီးရှို့ဖျက်ဆီးမှုအချို့

စစ်ကောင်စီ၏ အာဏာသိမ်းမှုအလွန်တွင် ချင်းပြည်နယ်အတွင်း ဘာသာရေးအဆောက်အဦးအချို့ မီးရှို့ဖျက်ဆီးခံရမှုမှာ (၆၀)ထက်မနည်းပေ။ စစ်ကောင်စီတပ်များသည် ဘုရားကျောင်း (၁၁)ခုတွင် အရက်သေစာသောက်စားခြင်း၊ ဖမ်းဆီးထားသော အရပ်သားပြည်သူများကိုနှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်း (၅)ကျောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘုရာကျောင်း(၁၆)ကျောင်း ဖျက်ဆီးခံရပါသည်။ ထို့ပြင် ဘုရားကျောင်း (၁၈)ကျောင်းကိုမီးရှို့ဖျက်ဆီးကာ (၉)ကျောင်းကို ဖောက်ထွင်းဖျက်ဆီးခဲ့ကြပါသည်။ ထို့မျှမကဘဲ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် သိမ်တစ်လုံး ပျက်စီးခဲ့ရပါသည်။

၄။ မတရားဖမ်းဆီးမှု

စစ်ကောင်စီအာဏာသိမ်းယူပြီးနောက် အကြောင်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးတပ်ကာ ချင်းအမျိုး သား (၉၀၀)နီးပါးကို သက်သေအထောက်အထားမခိုင်လုံဘဲ မတရားဖမ်းဆီးထားကြပါသည်။

  • Thian Lian Sang ကို စစ်ကောင်စီမှ တစ်နှစ်နီးပါးဖမ်းဆီးထားပြီးနောက် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၇) တွင် ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၄၉(က) တို့ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၂၃)နှစ် ချမှတ်ခဲ့ကြပါသည်။
  • ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၈) တွင် ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်အတွင်း ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦး ထဲမှ (၁၉)ဦးကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ကျန်ရှိသည့် (၅)ဦးကို ရဲစခန်းမှ (၁၄)ရက် “ရီမာန်”ယူပြီး အမှုစစ်ဆေးခဲ့ကာ ပြစ်မှုဆိုင်ရာကျူးလွန်မှုမရှိခဲ့လျှင် ဖေဖော်ဝါရီ (၂)ရက်နေ့တွင် ပြန်လည်လွှတ်ပေးမည်ဟု ရဲစခန်းမှူးမှ ထွက်ဆိုခဲ့ပါသည်။ သို့သော် “စာရွက်စာတမ်းပြင်ဆင်မှုအဆင်သင့်မဖြစ်သေး” ဟူ၍ မခိုင်လုံသော အကြောင်းပြချက်ဖြင့် နောက်ထပ် “ရီမာန်” (၁၄)ရက် ထပ်ယူထားကာ ပုဒ်မ(၅၂)ဖြင့်တရားဆွဲဆိုထားပါသည်။ ထို့နောက် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)တွင် ပြန်လွှတ်ခဲ့သော်လည်း ဆက်လက်စောင့် ကြည့်ခံရနေဆဲ ဖြစ်ပါသည်။

၅။ နေအိမ်များစီးနင်းမှုနှင့် အတင်းအကြပ်နေရပ်စွန့်ခွာစေမှု

စစ်ကောင်စီတပ်သည် ချင်းပြည်နယ်သို့ ထိုးစစ်ဆင်ရာလမ်းကြောင်းများ၌ ဖြတ်လေးဖြတ်ဗျူဟာကို တွင်ကျယ်စွာအသုံးပြုကြပါသည်။ ၎င်းတို့ ထိုးစစ်ဆင်ချီတက်ရာ လမ်းကြောင်းများ၌ နေအိမ်များကို ကျူးကျော်ဝင်‌ရောက်ကာ ဆီ၊ဆန်၊ဆား၊အသား၊ငါးများကို လုယူစားသုံးကြသည်သာမက နေအိမ်များပေါ်၌ မစင်စွန့်ခြင်း၊ နံရံများတွင် ဆဲဆိုရေသားခြင်း၊ ခိုးယူခြင်းများအပြင် အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို ဓားပြတိုက်သိမ်းယူခြင်းများကိုလည်း ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြပါသည်။ ထို့အပြင် ကျေးရွာများ၌ တပ်စွဲထားခြင်း များကိုလည်း ကျူးလွန်ထားပါသည်။ ဖလမ်းမြို့နယ်၊ သူဖိုင်ကျေးရွာ၊ ခွဲမွာလ်ကျေးရွာနှင့် လှန်ဇောလ်ကျေးရွာတို့၏ ကျေးရွာတောင်ထိပ်တွင် စစ်ကောင်စီတပ်သားများ အတည်တကျစခန်းချနေထိုင်ကြ၍ ပြည်သူများအနေဖြင့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိတော့ပေ။ ထိုမျှမက ကျေးရွာအတွင်းသို့ မကြာခဏ ဝင်ရောက်လုယူ ဖမ်းဆီး သောင်းကျန်းသောကြောင့် ပြည်သူများအနေဖြင့် နေအိမ်စွန့်ခွာကာ ဘေးကင်းလုံခြုံရာတောထဲ၌ ပုန်းခိုနေကြရပါသည်။

ထိုသို့ စစ်ကောင်စီ၏ နည်းမျိုးစုံဖြင့် နှိပ်စက်မှုများကြောင့် လုံခြုံဘေးကင်းရာ ဒေသသို့ စစ်ဘေးရှောင်နေကြသော ချင်းအမျိုးသား (၉၀၀၀၀)နီးပါးရှိသည်။ ထို့ပြင် (၄၀၀၀၀)ကျော်မှာ မီဇိုးရမ်ပြည်နယ်၊ (၁၅၀၀၀)ကျော်သည် မဏိပူရ်ပြည်နယ်၊ (၁၀၀၀၀) ကျော်သည် နယူးဒေလီ နှင့် တစ်ခြားသော အိန္ဒိယနိုင်ငံရှိ ပြည်နယ်အသီးသီးသို့ တိမ်းရှောင်ထွက်ပြေးကြရပါသည်။

၆။ ပြည်ပရန်သူအလား ထိုးစစ်ဆင် တိုက်ခိုက်မှုများ

ချင်းအမျိုးသားပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်အကြား (၂)နှစ်ကျော်အတွင်း၌ တိုက်ပွဲပေါင်း အကြိမ် (၆၀၀) နီးပါးဖြစ်ပွားခဲ့ပါသည်။ (နေရာတူ ရက်ဆက်ဖြစ်သောတိုက်ပွဲများကို တစ်ကြိမ်ဟု ရေတွက်ထားခြင်းဖြစ်သည်။

(က) လေကြောင်းတိုက်ခိုက်မှုများ

၁။ ၂၀၂၁ ခုနှစ် မေလ ၁၄-၁၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့(Mindat)ကို တိုက်ခိုက်ရန် တိုက်လေယာဉ်များနှင့် ကင်းထောက်လေယာဉ်များကို အသုံးပြုခဲ့သည်။

၂။ စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၁ ခုနှစ် ထန်တလန်(Thantlang) မြို့နယ် Lungler ကျေးရွာတွင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များသည် တိုက်လေယာဉ်များဖြင့် လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ရာ အိမ်ခြေ ၃၄ လုံးနှင့် ဘုရားကျောင်း အဆောက်အဦများ ပျက်စီးခဲ့သည်။

၃။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် တီးတိန်(Tedim)မြို့နယ်၊ Hiangzing ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်လေယာဉ်နှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

၄။ ၂၀၂၂ခုနှစ်၊ မေလ (၁၅)တွင် ရဟတ်ယာဉ်ပေါ်မှ မင်းတပ်မြို့ လူနေရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်။

၅။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂) တွင် မင်းတပ်မြို့နယ်၊ ကျေးရွာ (၂)ရွာရှိ ပြည်သူ့နေအိမ်များ၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ တိုက်လေယာဉ်အသုံးပြုကာ (၂) ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။

၆။ ၂၀၂၂ခုနှစ် စက်တင်ဘာလ (၁)တွင် စစ်ကောင်စီမှ ပလက်ဝမြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။

၇။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၀) ညနေ ၃ နာရီနှင့် ၄ နာရီကြားဟု ခန့်မှန်းရသည့်အချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် မင်းတပ်မြို့နယ် ဆာဒူးကျေးရွာနှင့် ဖိုးခရိုးကျေးရွာကြားရှိ တောလမ်း တစ်နေရာတွင် တိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်ခဲ့ပါသည်။

၈။ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၀)တွင် စစ်ကောင်စီမှ မင်းတပ်မြို့နယ် တိုက်နယ် (၁၁) ရှိ ခရီးသွားပြည်သူများသွားလာရာ လမ်းဘေးဝဲယာ တောတွင်းများသို့ မွန်းလွဲ ၃နာရီ ၄၁မိနစ်တွင် တစ်ကြိမ်၊ မွန်းလွဲ ၃နာရီ ၄၃မိနစ်တွင် တစ်ကြိမ် ဂျက်တိုက်လေယာဉ်ဖြင့် ရမ်းသမ်းကာ လာရောက်တိုက်ခိုက်ခဲ့ပါသည်။

၉။ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၇)တွင် ဟားခါး-ထန်တလန်ကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် (၂)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၁၀။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၇) မွန်းလွဲပိုင်း (၂)နာရီခန့်၌ ဟားခါး-ထန်တလန်ကြားတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် (၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

၁၁။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလတွင် ဖလမ်းမြို့နယ်၊ သီဘွာလ်ရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီမှ တိုက်လေယာဉ် (၂)စီးနှင့် စစ်သုံးရဟတ်ယာဉ် (၅)စီးဖြင့် ချင်းကာကွယ်ရေး တပ်ဖွဲ့ ဝင်များအား တိုက်ခိုက်ခဲ့သည်။

၁၂။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁)တွင် ထန်တလန်မြို့ အနီးတစ်ဝိုက်၌ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။

၁၃။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၅) တွင် ထန်တလန်မြို့၌ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။

၁၄။  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် စွန်တောင်ကျေးရွာအနီး၌ တိုက်ပွဲမရှိ‌ဘဲ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံး (၂)လုံး ကြဲခဲ့ပါသည်။

၁၅။ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင်  မင်းတပ်မြို့နယ် တိုက်နယ်(၂) အတွင်းရှိ ပလိပ်ထွီကျေးရွာ၌ စစ်ကောင်စီတပ်မှ တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းများ ပြလုပ်ခဲ့ပါသည်။

၁၆။  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၇၊ ၈၊ ၂၁နှင့် ၂၃) ရက်နေ့များတွင် စစ်ကောင်စီတပ်မှ မင်းတပ်မြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း(၈)ကြိမ် ပြုလုပ်ခဲ့သည်။

၁၇။ အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိသော ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်စခန်းနှင့် မိသားစုအိမ်ယာကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၀)တွင် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် (၅)စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ၁၁ရက်နေ့တွင် လေယာဉ် (၂)စီးဖြင့် CNF ဌာနချုပ်အနီးရှိ ပြင်ပလူနာဆောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။

၁၈။    ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၈)တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ် ဇင်ဇေ့ရွာ စာသင်ကျောင်းကို စစ်ကောင်စီမှ ဂျက်ဖိုက်တာ(၃)စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။

၁၉။  ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် မင်းတပ်-မတူပီကြား လမ်းပိုင်းတစ်နေရာတွင် ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပါသည်။

၂၀။ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅)တွင် ထန်တလန်မြို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် နံနက် ၄ နာရီ မှ စတင်၍ အကြိမ်များစွာ ခေါက်တုန့်ခေါက်ပြန် ပျံဝဲကာ ထန်တလန်မြို့နှင့် သီးမြစ်အနီးတဝိုက်တွင် ဗုံးကျဲတိုက်ခိုက်ခဲ့ပါသည်။

၂၁။ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ညနေ ၃နာရီခန့်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ် (၂)စင်းနဲ့ Mi-35 ရဟတ်ယာဉ် (၁)စင်းဖြင့် ထန်တလန်မြို့တွင်း နှစ်နေရာကို တိုက်ခိုက်ခဲ့ပြီး Mi-17 ပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် ရိက္ခာများကိုချပေးခဲ့ခြင်းဖြစ်ပါတယ်။

နိဂုံး

စစ်ကောင်စီတပ်၏ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းကပင် လူနည်းစုတိုင်းရင်းသားများသည် တွေ့ကြုံခံစားကြရပြီးဖြစ်ပါသည်။ ယခုအခါတွင်လည်း စစ်ကောင်စီတပ်သည် ၎င်း၏မတရားစစ်အာဏာသိမ်းမှုတွင်လည်း အလားတူနည်းလမ်းများကို အသုံးပြု၍ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။ လူဦးရေ (၅)သိန်းမျှသာရှိသော ချင်းလူမျိုးများနေထိုင်သည့် ပြည်နယ်အတွင်း ဤသတ်ဖြတ်မှုများသည် ရာခိုင်နှုန်းအားဖြင့် အလွန် ပင်များပြားလှပါသည်။

စစ်ကောင်စီတပ်များ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိုက်တန်သောပြစ်ဒဏ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် နိုင်ငံတကာအသိုက်အဝန်းများမှ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံး လုပ်ဆောင်သင့်ပါသည်။

မှတ်ချက် ။       ။ ဤအချက်လက်များသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) အထိ ဖော်ပြထားခြင်းဖြစ်သည်။