April 8, 2023, Comment off

စစ်ကောင်စီတပ်၏ ဘာသာရေးအဆောက်အဦးများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုနှင့် လူမဆန်သောလုပ်ရပ်များအပေါ် သဘောထားထုတ်ပြန်ချက်

 

၈ရက်၊ ဧပြီလ၊ ၂၀၂၃ခုနှစ်

 

၂၀၂၃ခုနှစ်၊ ဧပြီလ ၃ရက်နေ့တွင် ပျဥ်းခုံကြီးရွာ (Pyinkhunggyi) ရှိ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းမှ သာယာကုန်းရွာ (Tayagone)သို့သွားပြီး ပျောက်ဆုံးသွားသည်ဟုဆိုကာ လူပျောက်ကြော်ငြာထားသော Salai Sui Khaw Mang (Bualkhua ရွာ၊ အသက်၁၈နှစ်)၏ အလောင်းကို ဧပြီလ ၆ရက်နေ့တွင် ပျဥ်းတောဦးရွာ (Tingo)၌ အလောင်းကို တွေ့ရှိကြသည်။ အလောင်းပေါ်တွေ့ရှိရသော နှိပ်စက်ခံရသည့် ဒဏ်ရာဒဏ်ချက်များနှင့် စစ်ကောင်စီတပ် ပျဥ်းတောဦးရွာ၌ စခန်းချတပ်စွဲခဲ့သော အချိန်အတိုင်းအတာများအရ အလောင်းရှာတွေ့သူ ပရဟိတအဖွဲ့မှ စစ်ကောင်စီတပ်၏ လက်ချက်ဖြင့် သေဆုံးရခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း ထင်ကြေးပေးကြသည်။ ထိုမျှမက မည်သူမည်ဝါဟု အတည်မပြုနိုင်သေးသော ဒေသကာကွယ်ရေးတပ်သား တစ်ဦး ၏ အလောင်း နှင့် အရပ်သားပြည်သူ ၂ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြသည်။

ထို့နောက် ပျဥ်းတောဦးရွာ(Tingo) လူနေအိမ်  ၄လုံးနှင့် စပါးတိုက်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ချင်းစုရွာ(Haikhawl)၊ ပျဥ်းတောဦးရွာ(Tingo)နှင့် ညောင်ကုန်းကျေးရွာ(Thingzung)ရှိ လူနေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများခိုးယူကာ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခဲ့ကြကြောင်း ဒေသခံကာကွယ်ရေးတပ်၏ နယ်မြေရှင်းလင်း‌ရေးအဖွဲ့ထံမှ သိရသည်။

ချင်းစုရွာ(Haikhawl)၊ နှစ်ခြင်းဘုရားကျောင်း၌ ညအိပ်ကာ ပရမ်းပတာနေထိုင်ပြီး ဘုရားကျောင်းအတွင်းရှိ ပစ္စည်းအချို့ကိုလည်းဖျက်ဆီးခဲ့ကြသည်။ ပျဥ်းတောဦးရွာ(Tingo) နှစ်ခြင်းဘုရားကျောင်း၊ အေဂျီဘုရားကျောင်းနှင့် ဘုရားကျောင်းရိပ်သာတစ်လုံးကိုလည်း ဖျက်ဆီးခဲ့ကြသည်။

ယခုချိန်တွင် ကလေးမြို့နယ်မြောက်ပိုင်းရှိ ရွာပေါင်း ၁၇ရွာဖြစ်သည့် ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ လက်ပံချောင်း၊ မြောက်ချောတော(Zonuam)၊ ချင်းစု ၊ပျဥ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသာကြီးနှင့် ရာဇဂြိုဟ်ရွာများရှိ ပြည်သူများသည် လုံခြုံရာတောထဲ၌သော်လည်းကောင်း ဆွေမျိုးရှိရာ က​လေးမြို့အတွင်းသို့သော်လည်းကောင်း စစ်ဘေးတိမ်းရှောင်ထွက်ပြေးကြရသည်။ အထက်ဖော်ပြပါ ၁၇ရွာမှ စစ်ဘေးတိမ်းရှောင်ရသော အပြစ်မဲ့ပြည်သူပေါင်း ၅၀,၀၀၀ ကျော်ရှိသည်။

ဤကဲ့သို့ စစ်ကောင်စီတပ်၏ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ သတ်ဖြတ်ခြင်းနှင့် လူတစ်ဦး၏ခံစားခွင့်ဖြစ်သော သေဆုံးချိန်၌ မိမိတို့မိရိုးဖလာအရ အလောင်းကို မြေမြှုပ်သင်္ဂြိုလ်ခွင့် မပေးခြင်း၊ ခရစ်ယာန်ဘာသာ၏ ပြယုဒ်တစ်ခုဖြစ်သော ဘာသာရေးဘုရားကျောင်းများအား မထီမဲ့မြင်ပြုရုံသာမက ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ချိန်းခြောက်ကာ အတင်းအဓ္ဓမ နေရပ်စွန့်ခွာစေခြင်းတို့ကို ချင်းရေးရာအဖွဲ့ချုပ်(ICA) အနေဖြင့်‌ အပြင်းအထန် ရှုံ့ချပါသည်။

ချင်းအမျိုးသားများနှင့် နိုင်ငံတစ်ဝှမ်းလုံး၌ စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်စေရန်နှင့် စစ်ကောင်စီတပ်အပေါ် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝန်းအား ထပ်မံတောင်းဆိုသည်။

 

ဆက်သွယ်ရန် : info@chinaffairs.org, +919233136027