April 10, 2023, Comment off

တစ်ရက်အတွင်း ဖလမ်းမြို့နယ်၏ ၃ နေရာ၌ ပြည်သူ ၁၁ဦး ကိုသတ်ကာ ဗုံး ၁၄လုံးတိတိ ပစ်ချမှု

 

၂၀၂၃ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့၊ နံနက် ၅း၃၀ အချိန်ခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂မိုင်ခန့် အကွာတွင်ရှိသော Vaar (ဗာရ်ကျေးရွာ)ရှိ စစ်ကောင်စီတပ်စခန်းကို Chin National Defence Force (CNDF) မှ သွားရောက်တိုက်ခိုက်ပစ်ခတ်ခဲ့ပြီး  တစ်နာရီခွဲဝန်းကျင် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်စခန်းတွင် တပ်သား ၂၅ဦး ရှိသည့်အနက် ၁၁ဦးမှာ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ၁၄ဦးအား CNDF ဖက်မှ အရှင်ဖမ်းဆီးခဲ့သည်။ ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်သားသုံးဦးကို ဆေးဝါးကုသပေးခဲ့သော်လည်း ရရှိသော ထိခိုက်ဒဏ်ရာပြင်းထန်သောကြောင့် အသက်မကယ်နိုင်ဘဲ သေဆုံးခဲ့ရသည်။ ၎င်းတိုက်ပွဲတွင် CNDF ဖက်မှ တပ်သားတစ်ဦး ကျဆုံးခဲ့ရသည်။ စစ်ကောင်စီတပ်၏ ဗာရ်တပ်စခန်းသည် ဖလမ်းမြို့အခြေစိုက် ခလရ-၂၆၈ လက်အောက်ခံ တပ်စခန်းဖြစ်သည်။

စစ်ကောင်စီတပ်သား အယောက်၅၀ခန့်သည် နံနက် ၇း၀၀နာရီခန့်အချိန်တွင် ဖလမ်းမြို့မှ ခြေလျှင်ဖြင့် စစ်ကူ ချီတက်သွားကြောင်း ဒေသခံများထံမှသိရသည်။ ထို့နောက် နံနက် ၉း၁၀နာရီ ဝန်းကျင်တွင် ဂျက်လေယာဥ်တစ်စီးဖြင့် Vaar (ဗာရ်ရွာ)နှင့် Congheng (ကြောင်ဟင်ရွာ)ကြားတွင် ဗုံး၆လုံး ကျဲချသွားသည်။ ၎င်းဖြစ်စဥ်ကြောင့် ဗာရ်ကျေးရွာမှ အသက်၄၉နှစ်အရွယ် ကျေးရွာတာဝန်ခံ ဦးHramhu သည် ကျည်ထိမှန်ပြီးသေဆုံးခဲ့ရသည်။ ဒေသခံပြည်သူများအားလုံးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။

Vaar Village Headman Pu Hram Hu

ထို့နောက်  နံနက် ၁၁း၀၀နာရီဝန်းကျင်တွင် ချင်းပြည်နယ်၊ ဝေဘူလမြို့၌ ပစ်ခတ်မှုတစ်စုံတစ်ရာမျှမရှိပဲ စစ်ကောင်စီတပ်သည် ဝေဘူလမြို့ကို တိုက်လေယာဥ်ဖြင့် ၂ကြိမ် တိုင်တိုင်ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ဤဗုံးကျဲတိုက်ခိုက်မှုကြောင့် Civil Disobedience Movement (CDM) ကျောင်းအုပ်ဆရာကြီးအပါအဝင် အပြစ်မဲ့ပြည်သူ ၈ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် ဒေသခံအမျိုးသမီးတစ်ဦးကို Chin National Organization (CNO) ကျန်းမာရေးဌာနမှ ဖွင့်လှစ်ထားသော ဆေးရုံသို့ လိုက်ပို့ပေးနိုင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် အသက်မမှီဘဲ သေဆုံးခဲ့ရသည်။ ထိုမျှမက လူနေအိမ် ၃လုံး ပျက်ဆီးခဲ့ပြီး ၅လုံးမှာ မီးလောင်ပြာကျခဲ့ရသည်။ အပြစ်မဲ့ပြည်သူ ဒဏ်ရာရရှိသူလည်း အများအပြားရှိခဲ့သည်။ ဝေဘူလမြို့သည် ဗာရ်ကျေးရွာနှင့် ၁၅မိုင်ခန့် ကွာဝေးပြီး ကလေး-နတ်ချောင်း-ဖလမ်း ကားလမ်းမပေါ်တွင်တည်ရှိနေသည်။

Residential Houses Which Is Destroyed
Civilian Dead Body In Waibula Town
Residential Houses Which Is Burnt To Ashes At Waibulah

 

 

 

 

 

စစ်ကောင်စီတပ်သည် ဖလမ်းမြို့ Vankau တောင်ထိပ်တွင် နေရာယူထား၍ CNO မှဖွင့်လှစ်ထားသော စာသင်ကျောင်းများ၊ စာသင်ကြားရေးရှိနိုင်သောနေရာများ၊ ပြည်သူများစုဝေးနိုင်သောနေရာများနှင့် CNDF တပ်သားများ ခြုံခိုနိုင်သောနေရာများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ချိန်ရွယ်ထားကြောင်း မျက်မြင်ဒေသခံတစ်ဦးထံမှ ကြားသိရသည်။

Jet Fighter
Revolutionary

ထို့နောက် စစ်ကောင်စီတပ်သည် ညနေ ၄း၀၀ နာရီခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြိုု့နယ်၊ Ramthlo (ရမ်းထလို)ကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံး ၆လုံး ကြဲခဲ့သည်။ ထိုဗုံးခြောက်လုံးအနက် ၄လုံးမှာ Ramthlo (ရမ်းထလို)ရွာထိပ်ရှိ Zinghmuh တောင်ပေါ်တွင် ပေါက်ကွဲခဲ့ပြီး ၂လုံးမှ ရွာထဲတွင်ပေါက်ကွဲခဲ့သည်။ Ramthlo (ရမ်းထလို)ရွာသည် ဧပြီလ ၆ရက်နေ့ နေ့ခင်း၁နာရီတွင် လူနေအိမ် ၁၉လုံးအား စစ်ကောင်စီတပ်၏ မီးရှိူ့ခြင်းခံခဲ့ရသော ရွာဖြစ်သည်။ ပြည်သူများမှာ ဘေးလွတ်ရာဒေသသို့ တိမ်းရှောင်နိုင်ခဲ့၍ သေဆုံးမှုမရှိခဲ့ချေ။

Ramthlo Village Destroyed By The Air Strike
Ramthlo Village Destroyed By The Air Strike

“၁ရက်တည်းတွင် ဖလမ်းမြို့နယ်၊ နေရာ ၃နေရာမှာ လေကြောင်းတိုက်ခိုက်မှုကနေ အပြစ်မဲ့ပြည်သူ ၁၁ဦးကို သတ်ဖျက်တယ်၊ ဗုံး ၁၄လုံးတိတိကို ပစ်ချခဲ့ရုံသာမက အပြစ်မဲပြည်သူတွေကို စိတ်‌ခြောက်ခြားအောင် လက်နက်ကြီးနှင့် ချိန်ရွယ်ထားတဲ့ စစ်ကောင်စီတပ်ကို Institute of Chin Affairs-ICA အနေဖြင့် အပြစ်တင် ရှုံ့ချပါတယ်”ဟု Institute of Chin Affairs-ICA ၏ လက်ထောက်ညွှန်ကြားရေးမှုး Salai Van Sui San က စစ်ကောင်စီကို အပြစ်တင် သုံးသပ်ပြောဆိုထားသည်။

 

All photo Credit.

Media contact: info@chinaffairs.org, +919233136027