April 10, 2023, Comment off

ရလာဒ်အရှုံးပြနေသော စစ်ကောင်စီတပ်၏ ချင်းပြည်နယ် တောင်ပိုင်း မတ်လ စစ်ဆင်ရေးမှတ်တမ်း

Salai Kur Bung Bel
စစ်ယာဥ်တန်းစတင်ထွက်ခွာခြင်း

စစ်ကောင်စီ၏ အစီး၈၀ကျော်ပါသည့် ရိက္ခာတင်ယာဉ်တန်းရှည်သည် မတ်လ ၁၀ရက်နေ့တွင် ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ တပ်ရင်းမှ စတင်ထွက်ခွာလာပြီး ချင်းပြည်နယ်ဘက်ကို ဦးတည်ထွက်ခွာလာသည်။ (The Mindat Post ၁၁၊မတ်လ၊၂၀၂၃)

ကျောက်ထု ဒေသကာကွယ်ရေးတပ်ဖွဲ့ (YRPA)မှတပ်လှန့်

စစ်ကောင်စီကား အစီး၈၀ကျော်ပါသည့် ယာဉ်တန်းဟာ မကွေးတိုင်း ပခုက္ကူ၊ ကျောက်ထုနှင့် ချင်းပြည်နယ် နယ်နိမိတ်အတွင်း ဒီရက်ပိုင်း ဖြတ်သွားနိုင်တာကြောင့် ပခုက္ကူ-မင်းတပ် ကားလမ်းပိုင်းကို လတ်တလော အသုံးမပြုကြဖို့ မတ်လ ၁၁ရက် မွန်းလွဲပိုင်းတွင် ကျောက်ထုဒေသကာကွယ်‌ရေးတပ်ဖွဲ့ (YRPA) မှ ပြည်သူများကို အသိပေး ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီမှ လေကြောင်း၊ ကုန်းကြောင်း နှစ်မျိုးလုံးဖြင့် တိုက်ခိုက်

မင်းတပ်မြို့မှ ၁၅ မိုင်ခန့် ကွာဝေးသော မင်းတပ်-မတူပီ လမ်းဘက်တွင် လေယာဉ် ၂စင်းနှင့် စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု တချို့ လည်း ရှိခဲ့သည်။

မတ်လ ၁၃ ရက်ညတွင်လေယာဉ် ၂ စီးလာပြီး၁စီးက မင်းတပ်-မတူပီ လမ်းပိုင်းတနေရာကို ဗုံးကြဲသွားပြီး လက်နက်ကြီးနဲ့ အချက်၂၀ကျော်ပစ်ခတ်ခဲ့‌ သော်လည်း နေရာအတိအကျနဲ့ ထိခိုက်မှုအနေအထားတော့ ဘာမှ မသိရကြောင်း၊ ၁၄ရက်နေ့နံနက်ပိုင်းတွင်လည်း ၄ ချက်ထပ်မံ ပစ်ခတ်မှုရှိကြောင်း CDF-မင်းတပ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လေကြောင်းကနေဗုံးကြဲနေသည့် တချိန်တည်းမှာပင် မင်းတပ်မြို့ပေါ် အခြေချ ခလရ ၂၇၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့များ ပခုက္ကူမြို့သို့ မတ်လ ၁၃ရက်နေ့က ရောက်ရှိလာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းစစ်ကောင်စီယဉ်တန်းသည် ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့များသို့ ဆက်လက်ချီတက်လာဖွယ် ရှိသောကြောင့် စစ်ကောင်စီဘက်က လမ်းကြောင်းရှင်းခြောက်လှန့်သည့်အနေဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု သိရသည်။ (ခိုနူမ်သုန်သတင်း၊၁၄မတ် ၂၀၂၃)

CDFမတူပီမှ မိုင်းဆွဲတိုက်ခိုက်

မတူပီမြို့နယ်၊ ထယ်ဘွေးစခန်းက စစ်‌ကာင်စီစစ်ကြောင်းကို ဝလံပီ-ကလားကြားမှာ မတ်လ၁၄ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့   ကြောင်း CDF မတူပီက ထုတ်ပြန်လိုက်သည်။

၁ နာရီကြာ မိုင်းဆွဲတိုက်ခိုက်မှုနှင့် အပြန်အလှန် ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ယောက် သေပြီး ထိခိုက်ဒဏ်ရာရသူများ‌ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

မင်းတပ်မြို့ဖြတ်ရမှာကို ကြောက်ရွံ့နေသော စစ်ကောင်စီတပ်

စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းများ မင်းတပ်နှင့် မတူပီမြို့ဘက်သို့ ဆက်လက်ချီတက်လာဖွယ် ရှိနေသည့်အတွက် ကျောက်ထု- မင်းတပ်- မတူပီ ကားလမ်းမကြီးကို ယခုရက်ပိုင်းတွင် အသုံးမပြုကြရန် CDFမင်းတပ်မှ မတ်လ ၁၃ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ပခုက္ကူမြို့မှ မင်းတပ်-မတူပီဘက်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်း ၈၅စီးအနက် ယာဉ်တန်း ၃၅စီးသည် မတ်လ ၁၆ရက်နေ့က မင်းတပ်-မတူပီဘက်သို့ ထွက်ခွာလာခဲ့ပြီး ယာဉ်တန်းတချို့မှာ ထီးလင်း- ဂန့်ဂေါ ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ထွက်လာတဲ့ ယာဉ်တန်း ၃၅စီးသည် မင်းတပ်- မတူပီနှင့် ပလက်ဝဘက်က စစ်ကောင်စီတပ်များကို တပ်ချိန်းဖို့ အပါအဝင် ထောက်ပို့အတွက်လည်း အရေးကြီးပေမဲ့ မင်းတပ်မြို့ ဖြတ်ရမှာကို ကြောက်ရွံ့ နေပြီး မင်းတပ်က လှည့်ပြန်နေတာကြည့်ရင် အမိန့်မနာခံမှု၊ အာဏာဖီဆန်မှုတွေ အောက်ခြေမှာရှိနေပြီဖြစ်ကြောင်း CDF မင်းတပ်တာဝန်ခံက သုံးသပ်ထားသည်။

CDF-မင်းတပ်နှင့် CDF-မတူပီတို့ရဲ့ ကြားဖြတ် တိုက်ခိုက်မှု ခနခနကြုံရပြီးနောက်ပိုင်း မင်းတပ်ကနေ လှည့်ပြန်တာ အခုကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ရှိနေပြီးကြောင်း ကိုလည်း CDF- မင်းတပ်တာဝန်ခံထံမှသိရသည်။

ယောဒေသအဖွဲ့၏ ကြားဖြတ်ဟန့်တားမှု

ထီးလင်း- ဂန့်ဂေါဘက်သို့ ထွက်ခွာသွားသည့် ယဉ်တန်းမှာ ယောဒေသအဖွဲ့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာများပြီး ထိခိုက်သေဆုံးမှုနှင့် ယာဉ်တချို့ ပျက်စီးမှုများ ကြုံတွေ့ခဲ့ကြောင်း CDF-မင်းတပ်၏ ပြောကြားချက်အရ သိရသည်။ (ဧရာဝတီတိုင်းမ် မတ်လ ၂၉)

သေမင်းတမန်လမ်း

မင်းတပ်မြို့သို့ ထွက်လာသော ယာဉ်တန်းကို ယောဒေသခံအဖွဲ့အချို့နှင့် CDF-မင်းတပ်တို့ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးသူနှင့် ဒဏ်ရာရသူ များပြီး ယာဉ်၂စီးပျက်စီးခဲ့ကြောင်း          သိရသည်။

အရင်ကဆိုရင် မင်းတပ်၊ မတူပီ၊ ပလက်ဝဘက်ကို ရိက္ခာထောက်ပို့ လမ်းမ အဖြစ်အသုံးပြုနေကြပြီး အခုလည်း မတူပီဘက်ကို ဆက်ထွက်ဖို့ရည်ရွယ်ထား ကြပေမယ့် မင်းတပ်နှင့်မတူပီမြို့ကြား ကားလမ်းကိုဖြတ်သွားရမှာကို စစ်ကောင်စီယာဉ်တန်းကကြောက်နေသောကြောင့်မင်းတပ်-မတူပီလမ်းကို စစ်ကောင်စီတပ်များအတွက် “သေမင်းတမန်လမ်း” လို့တောင် တင်စားခေါ်ဝေါ်နိုင်ကြောင်း      CDF-မင်းတပ် သတင်း ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ  တာဝန်ခံက ဆိုသည်။

အထက်‌ဖော်ပြပါ အကြောင်းအရာ မှတ်တမ်းများအရ ပခုက္ကူမှစချီလာသော စစ်ကောင်စီတပ်ဖွဲ့၏ ချင်းပြည်တောင်ပိုင်း မတ်လစစ်ဆင်ရေးသည် လမ်းတလျှောက် အထိအခိုက်များခဲ့ပြီး အဓိပ္ပါယ်မဲ့ ရလာဒ်အရှုံးပြနေသော ပြည်သူ့အမုန်းခံ စစ်ဆင်ရေးအဖြစ် မှတ်တမ်းတင်ရမည် ဖြစ်ပါသည်။