April 11, 2023, Comment off

ကျန်ဖိုင်းခရိုင်ရှိ စစ်ဘေးရှောင်များ မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) အပ်နှံရန် ခရိုင်အုပ်ချုပ်ရေးမှူး ပြောကြား

 

Salai H.RNThang

India နိုင်ငံ၊ မီဇိုးရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်တွင် မတ်လ ၂၈ရက်နေ့ ဆွေးနွေးချက်အရ ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) များကို Village Level Committee on Myanmar Refugees (VLCMR)ထံ အပ်နှံရန် ခရိုင်အုပ်ချုပ်ရေးမှူး Deputy Commissioner Pu James Lalrinchhana က ပြောကြားကြောင်း သိရသည်။

ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ကျန်ဖိုင်းခရိုင် စစ်ဘေးရှောင်စောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သော Champhai ခရိုင်YMA president ထံ မေးမြန်းရာတွင် “ဟုတ်တယ်၊ မြန်မာစစ်ဘေးရှောင်အနေနဲ့ မြန်မာနိုင်ငံသားစိစစ်ရေးကဒ်ပြားကို VLCMR ထံ အပ်နှံပြီး သေချာသိမ်းထားပေးမယ်၊ ပြီးတော့ မီဇိုးရမ်ပြည်နယ်တွင် ယာယီနေထိုင်ခွင့် (ID) အသစ်ထုတ်ပေးမယ်၊ အရင်လုပ်ပေးတဲ့ ယာယီ ID ကို ရုတ်သိမ်းမယ်၊ မြန်မာနိုင်ငံ ပြန်မယ်ဆိုရင် ယာယီ ID ပြန်လည်အပ်နှံပြီး မိမိမှတ်ပုံတင်ကို ပြန်ပေးမယ်၊ ခုလုပ်ပေးတဲ့ ယာယီ ID မရှိသူများကို စစ်ဘေးရှောင်အဖြစ် သတ်မှတ်မှာမဟုတ်”ဟု ICA သို့ ပြောသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြား အပ်နှံရခြင်းမှာ စစ်ဘေးရှောင်ပြည်သူအချို့ နိုင်ငံ့ဥပဒေနှင့် ငြိစွန်းသော ပြစ်မှုကျူးလွန်သူများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား အပ်နှံပြီး ယာယီနေထိုင်ခွင့် (ID) အသစ်ရပြီးမှသာ ကုန်သွယ်ရေးပိုင်းတွင်လည်း ခွင့်ပြုချက်ရရှိနိုင်မည်ဖြစ်ပြီး ကုန်သွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားကို ၂၀၂၃ ဧပြီလ ၁၅ရက်အတွင်း အပ်နှံရမည်ဖြစ်ပြီး ရပ်ကွက်အသီးသီးမှ တာဝန်ရှိသူများက ဆောင်ရွက်မည်ဟု သိရသော်လည်း ယခုချိန်ထိ ရပ်ကွက်တာဝန်ရှိသူများက ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

မီဇိုးရမ်ပြည်နယ်မှ ယာယီနေထိုင်ခွင့် ID ကို ၂၀၂၂ခုနှစ် အစောပိုင်းတွင် ပထမအကြိမ် ပြုလုပ်ပေးခဲ့ပြီး ယခုပြုလုပ်ပေးပါက ဒုတိယအကြိမ်ဖြစ်မည်။