April 12, 2023, Comment off

အရပ်သားပြည်သူအယောက် ၁၀၀ကျော်ကို ၂ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြင့် သတ်ဖြတ်သည့် စစ်ကောင်စီ

 

၂၀၂၃ခုနှစ်၊ ဧပြီလ ၁၁ရက်‌‌ မနက်‌ ၇နာရီ ၄၅မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ ကျေးရွာပြည်သူ့ လုံခြုံရေးအဖွဲ့ (ပကဖ)ရုံးဖွင့်ပွဲ ပြုလုပ်‌ဖို့ ပြည်သူအယောက် ၁၅၀ကျော်ခန့် စုဝေးနေချိန် အခမ်းအနားမစတင်မီအချိန်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များ အသုံးပြု၍  ရုတ်တရက် စီးနင်းပစ်ခတ် ဗုံးကြဲ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ကျောင်းတက်ကြမည့် ကလေးသူငယ်များသည် ရုံးဖွင့်ပွဲက  ကျွေးမွေးဧည့်ခံသော စားသောက်ဖွယ်ရာများကို စားသောက်နေကြစဥ်မှာပင်  ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲချသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့သို့ ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် အသက်ရှင်ကျန်ရစ်သူဦးရေမှာ ၄၀ ခန့်သာ ရှိတော့ပြီး သေဆုံးသူဦးရေမှာ အနည်းဆုံး ၁၀၀ ဝန်းကျင် ရှိကြောင်း၊ ထိုသေဆုံးမှုထဲတွင် ကလေးငယ် ၂၀ ကျော် ပါဝင်ပြီး အမျိုးသမီး အများစုနှင့် ကိုယ်ဝန်ဆောင်များလည်း ပါဝင်သလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ဦးခန့်လည်း ပါဝင်ကြောင်း ရုပ်အလောင်းကောက်ယူရေးတွင် ပါဝင်နေသူများက ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးသောသူများ၏ အလောင်းကောက်ခြင်း၊  ဒဏ်ရာရနေသူများကို ကယ်ဆယ်ရေး လုပ်ဆောင်နေသော ဒေသခံများအား စစ်အုပ်စုက နေ့လယ် ၁း၀၀ နာရီဝန်းကျင်တွင် MI -35 တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ် ၂စီးဖြင့် ထပ်မံ၍ လာရောက် ပစ်ခတ်သတ်ဖြတ်သဖြင့် အရပ်သားပြည်သူ ၃ဦး သေဆုံးခဲ့ရပြန်သည်။

စစ်တိုက်လေယာဉ်သည် ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်း ၇း၀၀နာရီခန့်တွင် ပဇီကြီး ရွာပေါ်ကို ဖြတ်ပျံပြီး ဗုံးချသွားခဲ့ပြီးနောက် စစ်ရဟတ်ယာဉ်က ထပ်မံရောက်လာပြီး စက်သေနတ်နဲ့ မိနစ် ၂၀ ခန့်အကြာ ထပ်မံပစ်ခတ်ခဲ့သည်ဟု ပဇီကြီး ရွာသားတစ်ဦးက ပြောသည်။
နံနက်ပိုင်းလေကြောင်းတိုက်ခိုက်မှုအပြီး နေ့လယ် ၁း၀၀နာရီခန့်တွင် တစ်ကြိမ်၊ ညနေ ၅း၀၀နာရီကျော်ခန့်က တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်ကြောင်း ရွာခံများကပြောသည်။

ထိုနည်းတူ ဧပြီလ ၁၀ရက်နေ့အတွင်းမှာပင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၏ နေရာ ၃ခု၌ အရပ်သားအပြစ်မဲ့ပြည်သူ ၁၁ဦး ကိုသတ်ဖြတ်ကာ လေကြောင်းသုံး၍ ဗုံး ၁၄လုံးတိတိ ပစ်ချမှု ဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် နိုင်ငံအနှံ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူ ဒုက္ခသည် ၁.၉ သန်းကျော်ခန့် ရှိသည်ဟု ISP Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ရက်နေ့အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၆၅၀ ထက်မနည်း ရှိခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။

စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သားပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုတို့သည် “အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ”၏ စည်းမျဥ်းဥပဒေများအရ တားမြစ်ချက်များအား ချိုးဖောက်မှု‌မြောက်ပါသည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၊ အာစီယံနှင့် ကမ္ဘာ့ကုသမဂ္ဂအဖွဲ့အစည်းကြီးများက ဆက်လက်၍ မျက်ကွယ်မပြုသင့်​တော့ဘဲ အရေးယူမှုတစ်စုံတစ်ရာဖြင့် မြန်မာပြည်ပြည်သူလူထုကို ကယ်တင်ကြပါရန် သတိပေးနှိုးဆော်လိုက်ရပါသည်။

 

Media contact: info@chinaffairs.org, +919233136027