April 22, 2023, Comment off

စစ်ကောင်စီသည် နိုင်ငံတကာဥပဒေကို စိန်ခေါ်နေပြီလော

Salai Kurbungbel

 

“စိတ်ပျက်ရတဲ့ အခါတိုင်းမှာ ကျုပ်ပြန်တွေး ကြည့်တာက သမိုင်းတလျှောက်လုံးမှာ အမှန်တရားနဲ့ မေတ္တာက နိုင်တယ်ဆိုတာပဲ။ အာဏာရှင်တွေ၊ လူသတ်သမားတွေ ရှိခဲ့တယ် – အချိန်ကာလ တစ်ခုမှာတော့ သူတို့တွေဟာ တို့ထိလို့မရတဲ့သူတွေလို့ ထင်ရတယ်။ အဆုံးမှာတော့ သူတို့ ကျဆုံးရတာပါပဲ။ ဒါက အမှန်တရား အမြဲတမ်းဖြစ်နေတာပါ။”

                                                                                                                                 မဟတ္တမဂန္ဒီ

When I despair,I remember that all through history the way of truth and love has always won.There have been tyrants and murderers,and for a time,they can seem invincible,but in the end,they always fall.Think of it- always “.

                               Mahatma Gandhi

ယခုရက်ပိုင်းအတွင်းက ဖြစ်သွားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်ရေးနှင့် လုံးဝသက်ဆိုင်မှု မရှိသော အရပ်သားပြည်သူများနေထိုင်ရာ‌ ဝေဘူလမြို့ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၃ခုနှစ် ဧပြီလ ၁၀ရက် နံနက် ၁၁:၀၀နာရီဝန်းကျင်တွင် လေကြောင်းအသုံးပြုပြီး ဗုံး၂ကြိမ် ချခဲ့ရာ အပြစ်မဲ့ပြည်သူ ၉ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရရှိပြီး နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏ ထုတ်ပြန်ချက်အရသိရသည်။

ဖြစ်စဉ်တွင် တော်လှန်ရေးရဲဘော် အကျအဆုံးမသိရသလို သိက္ခါတော်ရဆရာတော် တစ်ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၉ဦး သေဆုံးခဲ့ရပါသည်။ ကျွန်တော် အခုလိုရေးပြန်တော့ တော်လှန်ရေးရဲဘော်တွေက အပြစ်မကင်းလို့ သေဆုံးရတာလားလို့ မေးစရာရှိလာနိုင်ပါသည်။ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ သီးသန့်ကျဆုံးပါက စစ်ကောင်စီကို အပြစ်ပြောရန်အကြောင်း မရှိပါ။ ကျွန်တော်တို့ (ပြည်သူ့ကာကွယ်ရေးတပ်သားများ)သည် တော်လှန်ရေးကို စတင်တိုက်ပွဲဝင်ချိန်မှစ၍ မိမိအသက်ခန္တာကို တိုင်းပြည်အတွက် စွန့်လွှတ်ပြီးဖြစ်ပါသည်။ ယခုဖြစ်စဉ်၌ စစ်ကောင်စီ အနေဖြင့် ပြည်သူအားလုံကို ၎င်းတို့၏ ရန်သူအဖြစ် သတ်မှတ်ထားနေကြောင်း သိသာထင်ရှားနေပါသည်။

မတ်လ ၃၀ရက်နေ့တွင်လည်း စစ်ကောင်စီက ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွါဖိုကျေးရွာကို လေ ကြောင်းအသုံးပြုပြီး ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၈ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့ကြောင်း  ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်။

ဧပြီလ ၁၁ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) ရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် အာဏာသိမ်းစစ်ကောင်စီ၏ လေကြောင်းဗုံးကြဲပစ်ခတ်မှုကြောင့် လူပေါင်းရာနှင့်ချီ၍  အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှု ဖြစ်ပွားခဲ့ပါသည်။ NUG၏ ဧပြီလ ၁၃ ရက်နေ့ထုတ်ပြန်ချက်အရ လူပေါင်း ၁၆၈ယောက်သေဆုံးခဲ့ ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နှစ် အောက်တိုဘာ၂၃ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနမ့်ပါ ကျေးရွာ၌ ကျင်းပသော  KIO တည်ထောင်ခြင်း နှစ်ပတ်လည်နေ့ တေးဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ်  ညအချိန်၌ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးသည်။ အဆိုပါဖြစ်စဉ်တွင် ပြည်သူ ၇၀ကျော် ထိခိုက်သေဆုံးခဲ့ပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (IHL) မူဘောင်တစ်ခုဖြစ်သော ဂျီနီဗာ သဘောတူ စာချုပ် (၄)ခုတွင် ပါဝင်လက်မှတ်ရေးထိုးထားပါသည်။ First Geneva Convention သည် ၁၈၆၄ တွင် စတင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ မြေပြင်စစ်ပွဲများနှင့်ပတ်သက်၍ ရေးဆွဲထားခြင်း ဖြစ်ပါသည်။ စစ်မြေပြင်တွင် ထိခိုက်ဒဏ်ရာရ၊ နာမကျန်းဖြစ်နေသော နှစ်ဖက်စစ်သည်များကို ကာကွယ်စောင့်ရှောက်ရမည့် အချက်များပါဝင်သည်။   အပိုဒ်ရေ ၆၄ ခုပါဝင်ပါသည်။

Second Geneva Convention သည် ၁၉၀၇ခုနှစ်တွင် ရေးဆွဲခဲ့ပါသည်။ ရေတပ်တိုက်ပွဲများဖြစ်ပွား၍  ပင်လယ်ပြင်တွင် ဒုက္ခရောက်နေသော စစ်သားများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါသည်။ ရေပြင်စစ်ပွဲများ၏ သဘာဝနှင့် ကိုက်ညီအောင် ရေးဆွဲထားပါသည်။ အပိုဒ်ရေ ၆၃ ခုပါဝင်ပါသည်။

Third Geneva Convention သည် စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် စည်းမျဉ်းများ ဖြစ်ပါသည်။ ပထမကမ္ဘာစစ် (WW- I)အပြီး ၁၉၂၉တွင် ပေါ်ပေါက်လာသည့် စာချုပ်ဖြစ်ပါသည်။ အပိုဒ်ရေ ၁၄၃ ခုပါဝင်ပါသည်။

Fourth Geneva Convention သည် ဒုတိယကမ္ဘာစစ်တွင် အရပ်သားများထိခိုက်မှု လွန်စွာများပြားခဲ့၍ ၁၉၄၉တွင် ပြုစုခဲ့သည့် စာချုပ်ဖြစ်ပါသည်။ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ကာကွယ်မှုကို  အကာအကွယ်ပေးရန် ရည်ရွယ်ရေးဆွဲ ထားခြင်းဖြစ်ပါသည်။

ယင်းစာချုပ်လေးခုတွင် ပထမ၊ ဒုတိယ၊ တတိယသည် လက်နက်ကိုင် စစ်သားများအတွက် ရေးဆွဲထားခြင်းဖြစ်ပါသည်။ စတုတ္ထ စာချုပ်သည် အရပ်သားများ ထိခိုက်မှုကို ကာကွယ်ရန် ရေးဆွဲထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အထက်ပါစာချုပ်အားလုံးကို ၁၉၉၂ တွင် ပါဝင်လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင် အားလုံးတွင် အရပ်သားများအား ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပါသည်။ တိုက်ပွဲဖြစ်နေသော နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များသည် အရပ်သားများ၊ အရပ်သားပိုင်ပစ္စည်းများနှင့် တိုက်ပွဲအတွင်းမပါဝင်သူများကို ကာကွယ်ပေးရန်တာဝန်ရှိပါသည်။

ယခုစစ်ကောင်စီမှ တိုက်ခိုက်သောဖြစ်စဉ်များတွင် စစ်ကောင်စီအနေဖြင့် ပြည်သူအားလုံးသည် ၎င်းတို့၏  ရန်သူအဖြစ် သတ်မှတ်ထားရှိပြီး အရပ်သားများအား တော်လှန်ရေးတပ်သားနှင့် တန်းတူပစ်မှတ်ထားသည်ကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရပြီဖြစ်သည်။ စစ်ကောင်စီ အနေဖြင့် ပြည်သူအားလုံး၏ ရင်ထဲသို့ အကြောက်တရား မဝင် ဝင်အောင် ရိုက်နှက်ထည့်သွင်းနေပြီလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ယခုလိုဖြစ်ရပ်များသည် မိမိတို့နှင့် အဝေးကြီးပါ၊ ငါတို့နှင့် မဆိုင်ပါဘူးဟု  မစဉ်းစားသင့်ပါ။ စစ်အာဏာရှင် လက်အောက်တွင် နေထိုင်ရသော ဘဝများဖြစ်နေသရွေ့ မတရားမှုက  မိမိအိမ်တံခါးကို အချိန်မရွေး လာခေါက်နိုင်သည်ကို သတိချပ်ထားရမည်ဖြစ်သည်။

ယခုလေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေများနှင့် မြန်မာတနိုင်ငံလုံးအား စစ်ကောင်စီအနေဖြင့် ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ စစ်ကောင်စီခေါင်းဆောင်အနေဖြင့်လည်း ယခင်ကတည်းက “မလုပ်ရဲတာဘာမှမရှိဘူး” ဟုပြောဆို ထားခဲ့ပြီးဖြစ်ပါသည်။

ကျုပ်တို့ မျိုးဆက်ရဲ့ အရေးကြီးဆုံး မိန့်မှာချက်လို့ ကျုပ်ခံစားရတာကို စကားလုံး နည်းနည်းနဲ့ အနှစ်ချုပ်ရရင်  ကျုပ်တို့ဟာ ကိုယ်နဲ့မဆိုင်သလို မျက်နှာလွှဲနေတတ်မှုကို ဖယ်ရှားပစ်ရမည် ဆိုတာပဲ။ (လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု လိုမျိုး)ဖြစ်ခဲ့သမျှဟာ ဖြစ်ဖို့ရှိလို့ မဟုတ်ဘူး။ ကမ္ဘာကြီးက  မဆိုင်သလို နေခဲ့ကြလို့ပါ။”

“If I have to recapitulate in a few words what I feel is the most important commandment for our generation, it is to fight indifference. Whatever happened, happened not only because the killer killed, but because the world was indifferent.”

Elie Wiesel

(American author, educator and 1986 Nobel Peace Laureate)

ကြေကွဲဝမ်းနည်းမှု၊ မကျေနပ်ခံပြင်းမှုများကိုခွန်အားအဖြစ် ကျွန်တော်တို့ ပြောင်းလဲရမည်ဖြစ်ပါသည်။ စစ်ကောင်စီ၏ လုပ်ရပ်တစ်ခုချင်းတိုင်းအား “အချိန်ကာလတစ်ခုမှာတော့ သူတို့တတွေဟာ တို့ထိလို့မရတဲ့ သူတွေလို့ထင်ရတယ်။ အဆုံးမှာတော့ ကျဆုံးရတာပါပဲ။” အသက်ရှင်နေသေးသည့် မိမိတို့၏ စုပေါင်းအားဖြင့် နည်းလမ်းမျိုးစုံ ဆက်လက် တိုက်ပွဲဝင်နေရမည် ဖြစ်ပါသည်။