August 6, 2023, Comment off
နွေဦးတော်လှန်ရေးလမ်းစဥ်နှင့်CDMမူဝါဒ
Salai Kurbungbel
မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ Civil Disobedience Movement(CDM)မွေးဖွားလာခြင်း
၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် စစ်ကောင်စီမှ ပြည်သူရွေးကောက် တင်မြှောက်ထားသော ပြည်သူ့အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်၏အာဏာသုံးရပ်ကို မတရားအတင်းအဓ္ဓမ သိမ်းပိုက်လိုက်သဖြင့် နိုင်ငံတစ်ဝန်းလုံးတွင် ပြည်သူလူထု၏ ဆန့်ကျင်ဆန္ဒပြမှု ကြီးမားစွာ စတင်ဖြစ်ပေါ်လာခဲ့သည်။ ဤဆန့်ကျင်မှုတွင် စစ်ကောင်စီမှ လုံးဝထင်မှတ်မထားသည့် အကြမ်းမဖက် အာဏာဖီဆန်ရေး(Civil Disobedience Movement-CDM) လှုပ်ရှားမှုသည်လည်း အင်အားကြီးမားစွာဖြင့် ပါဝင်လာခဲ့ပါသည်။
“ရုံးမတက်နဲ့ ရုန်းထွက်”
“ရုံးမတက်နဲ့ ရုန်းထွက်”ဆိုတဲ့ CDM နှိုးဆော်တဲ့ ဆောင်ပုဒ်နဲ့ “အပြုံးမပျက် ရုံးတက်”ဆိုတဲ့ အာဏာသိမ်း စစ်ကောင်စီ ရဲ့ နှိုးဆော်ချက်တို့ဟာ အပြိုင်ထွက်ပေါ်နေတဲ့ ဆောင်ပုဒ်နှစ်ခု ဖြစ်ပါသည်။ အစိုးရယန္တရားလည်ပတ်လှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းများ၏ အင်အားဖြင့် လည်ပတ် နေခြင်းဖြစ်ပြီး အစိုးရသည် စက်ယန္တရားကြီးတခုဆိုလျှင် ဝန်ထမ်းများသည် ယန္တရားကြီး၏ အစိတ်အပိုင်းများ ဖြစ်ကြသည့် ပင်နီယံတွေ၊ ဘီးတွေ၊ မူလီတွေ၊ ပတ္တာတွေ သဖွယ် ဖြစ်ကြပါသည်။ ယန္တရားကြှီး၏ အစိတ်အပိုင်းများ ဖြစ်ကြသည့် ပင်နီယံ၊ ဘီး၊ မူလီ၊ ပတ္တာ များ အလုပ်မလုပ်ပါက အစိုးရဆိုသည့် ယန္တရားကြီးမှာလည်း မလည်ပတ်နိုင်တော့ဘဲ ရပ်ဆိုင်းသွားရပါသည်။ သို့ကြောင့် အစိုးရတရပ် လည်ပတ်နိုင်ရေးမှာ ဝန်ထမ်းသည် အရေးကြီးလှပါသည်။
ဝန်ထမ်းများ အလုပ်မလုပ်ပါက အစိုးရသည်လည်း တိုင်းရေးပြည်ရာကို စီမံခန့်ခွဲ၍ မရနိုင်ပါ။ တိုင်းရေးပြည်ရာကို မစီမံမခန့်ခွဲ နိုင်ပါက တိုင်းပြည် ကိုလည်း အုပ်ချုပ်၍ ရနိုင်မည် မဟုတ်ပါ။ ဤတွင် စစ်ကောင်စီသည် ဝန်ထမ်းများ CDM လှုပ်ရှားမှု ရုပ်သိမ်းပြီး ရုံးပြန်တက်ဖို့အတွက် အမိန့်၊ ဥပဒေ၊ ကြေညာချက်များ ထုတ်ပြန်ပြီး ခြိမ်းခြောက်မှုများ လုပ်သကဲ့သို့ မြန်မာ့အသံ(MRTV)၊ မြဝတီ(MWD)၊ သတင်းစာ အစရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာ (Media) များမှာ သီချင်းများ၊ ကဗျာများ ထုတ်လွှင့်ပြီး ရုံးပြန်တက်ဖို့ ဆွဲဆောင်မှုအမျိုးမျိုး ပြုလုပ် နေပါသည်။
အငိုက်မိသွားသော စစ်ကောင်စီနှင့် CDM လှုပ်ရှားမှု
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)သည် မြန်မာစစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းသည့်နောက် ချက်ချင်းနီးပါးအကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ရက်ပိုင်းအတွင်း ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှ သိန်းနှင့်ချီသော ပြည်သူ့ဝန်ထမ်းများက အများပြည်သူဆိုင်ရာ စီမံကွပ်ကဲရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် တာဝန်မထမ်းဆောင်တော့ခြင်းအားဖြင့် သပိတ်မှောက်ကာ ဝန်ထမ်းအများအပြားမှာ နိုင်ငံတစ်ဝန်း လမ်းမထက်ဆန္ဒပြပွဲများတွင် ပါဝင်လာရပါသည်။
နိုင်ငံတကာတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်များနှင့် အခြားဝန်ထမ်းများက CDM တွင်ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပါဝင်လာခဲ့ကြသည်။ လူသိထင်ရှားကိစ္စရပ်တစ်ခုအနေဖြင့် ကုလသမ္မဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် CDM တွင် ပါဝင်လာခဲ့ပြီး နယူးယော့ခ်မြို့ရှိ အထွေထွေညီလာခံ၌ ပြောကြားသည့်မိန့်ခွန်းတွင် အာဏာသိမ်းရန်ကြိုးပမ်းမှုကို လူသိရှင်ကြားရှုတ်ချခဲ့ပြီး အာဏာလုယူရေး စီစဥ်သူများအပေါ် နိုင်ငံတကာမှ အရေးယူပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။ သံအမတ်များနှင့် သံရုံးဝန်ထမ်းများ၏ CDM တွင် ပါဝင်မှုကြောင့် ၂၀၂၁ ခုနှစ် မတ်လတွင် စစ်အုပ်စုက ကမ္ဘာတစ်ဝန်းရှိ သံရုံးများမှ ဝန်ထမ်း၁၀၀ ကျော်ကိုပြန်ခေါ်ခဲ့သည်။
CDM ၏ ဆင့်ကဲပြောင်းလဲမှု
CDM ကို ဖိနှိပ်ရန် စစ်အုပ်စုမှ အကြမ်းဖက်သည့် နည်းလမ်းများကို ပိုမိုအသုံးပြုသည်နှင့်အမျှ စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် မပူးပေါင်းမပါဝင်ရေး ဆက်လက် လုပ်ဆောင်ရန်အတွက် အရင်းအမြစ်များ စတင်ကုန်ခမ်းလာခဲ့ရာမှ CDM သည် မလွှဲမရှောင်သာ ဆင့်ကဲပြေင်းလဲမှု စတင်ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ အဆုံးစွန်ထိ ပြင်းထန်သည့် ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်လာရချိန်တွင် လူထုဆန္ဒပြပွဲများကို အဆုံးမရှိ ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်တော့သကဲ့သို့ CDM တွင်ပါဝင်သူ အချို့မှာလည်း လုပ်ငန်းခွင်သို့ ပြန်ဝင်သွားကြရသည်။ CDM တွင်ပါဝင်သူ အချို့က ၎င်းတို့၏ အရေးကြီးသော အလုပ်များကို ဆက်လက်လုပ်ဆောင်နေပြီး ဝန်ထမ်းများကို လုပ်ငန်းခွင် ပြန်လည်မဝင်စေရုံသာမက မြန်မာနိုင်ငံတော်အသစ် တည်ဆောက်ရေးအတွက် ၎င်းတို့၏ ခုခံတော်လှန်မှုကို ဆက်လက်လုပ်ဆောင်စေနိုင်သည်။
တော်လှန်ရေးကာလ ၃ နှစ်အတွင်းသို့ ဝင်ရောက်လာချိန်တွင် စစ်ကောင်စီ၏ CDM များအပေါ် လုပ်ဆောင်ချက်များကို တန်ပြန်သည့် အနေဖြင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ CDM/ Non-CDM စုံစမ်းစစ်ဆေးရေးဖွဲံစည်းကာ Non-CDM များအား အရေးယူမှုများ စတင် လုပ်ဆောင်လာကြသည်။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဇူလိုင် ၄ ရက် နေ့စွဲဖြင့် Non- CDM ပညာရေးဝန်ထမ်း ၃၂၂ ဦးအား စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမည်ပျက်ဝန်ထမ်းများအဖြစ် အရေးယူကြေညာထားသည်။ ထို့အပြင် ကန်ပက်လက်မြို့နယ်အတွင်းရှိ Non-CDM များအနေဖြင့် စာသင်ဝိုင်း၊ ကျူရှင်၊ ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ခြင်းနှင့် သင်ကြားရေး လုပ်ငန်းများတွင် လုံးဝပတ်သက်ခြင်း မပြုရန် သတိပေးထုတ်ပြန်ထားပြီး၊ ယင်းထုတ်ပြန်ချက်များကို လိုက်နာခြင်း မရှိသော Non-CDM ဝန်ထမ်းများအား ထိရောက်စွာ အရေးယူမည်ဟုလည်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။(Zalen News)
မည်သို့ပင်ဖြစ်စေ CDM သည် စစ်တပ်ကို အဓိကငြင်းပယ်သည့် လှုပ်ရှားမှုမှ မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေး ကြိုးပမ်းမှု ဖြစ်စဥ်တွင် ကြီးမားသည့် မောင်းနှင်အားတစ်ခု ဖြစ်နေသည်မှာ ထင်ရှားလှပါသည်။ဤတွင် ပြည်သူများ အနေဖြင့် မြန်မာ့နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသော CDM လှုပ်ရှားမှုနှင့် CDMers များကို တတ်နိုင်သည့်ဖက်မှ ထောက်ပံ့ကူညီရန် လိုအပ်သကဲ့သို့ NUG အနေဖြင့်လည်း CDM မူဝါဒများ နှင့် အသိအမှတ်ပြုမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ပြည်သူ့အစိုးရ ပီသစွာဆောင်ရွက်နိုင်မှသာ တော်လှန်ရေး အရှိန်မြှင့်တင်ကာ ပြည်သူ့အောင်ပွဲကို အမြန်ဆုံး ဆောင်ကြဥ်းနိုင်မည် ဖြစ်ပါသည်။