August 11, 2023, Comment off

၂၀၀၀၀ကျပ်တန် ငွေစက္ကူအသစ်နှင့် စစ်ကောင်စီ၏ လမ်းစဥ်

 

Loyalvan

၁၉၄၈ မှ ၁၉၅၂အတွင်း ငွေစက္ကူ

လွတ်လပ်ရေးခေတ်ဦးကာလဖြစ်သည့် ၁၉၄၈မှ ၁၉၅၂ ခုနှစ်အတွင်း ဒေါင်းပုံ ခြင်္သေ့ပုံပါသော ၁ကျပ်တန်၊ ၅ကျပ်တန်၊ ၁၀၀ကျပ်တန်များပါဝင်သည့် ငွေစက္ကူကို ထုတ်လုပ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်အက်ဥပဒေမရှိသောကြောင့် ငွေကြေးကို ဗမာနိုင်ငံငွေကြေးအုပ်ချုပ်မှုအဖွဲ့မှ တာဝန်ယူထားခြင်းဖြစ်သောကြောင့် မြန်မာနိုင်ငံငွေကြးအုပ်ချုပ်မှုအဖွဲ့ကိုယ်စား မောင်ကောင်း လက်မှတ်ပါဝင်ခြင်းကို အစွဲပြု၍ မောင်ကောင်းပိုက်ဆံဟုခေါ်ဆိုကြသည်။   

၁၉၄၈မှ ၁၉၅၂ ခုနှစ်အတွင်း ထုတ်‌ဝေခဲ့သော ၁ကျပ်တန် 

၁၉၅၂ နောက်ပိုင်းငွေစက္ကူ

ထို့နောက် ၁၉၅၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အက်ဥပဒေကို သမ္မတဦးဘဦးမှ လက်မှတ်ရေးထိုးပြဌာန်းခဲ့သည်။ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သော ၁ကျပ်တန်၊ ၅ကျပ်တန်၊ ၁၀ကျပ်တန်နှင့်  ၁၀၀ကျပ်တန်များအပြင် ၂၀ကျပ်တန်များကိုပါ ထုတ်ဝေခဲ့သည်။ ၁၉၅၈ခုနှစ်ထုတ် ဗိုလ်ချုပ်အောင်ဆန်းပုံပါဝင်သော ငွေစက္ကူများ၌ ငွေစက္ကူထုတ်ရာ ဌာနတိုင်း၌ တူညီသောတန်ဖိုးဖြင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံချက်ကိုပါ ထည့်သွင်းထားသည်။ ထို့ပြင် ထိုအချိန်၌ ရွှေ ၁ကျပ်သား ၂၀၀ကျပ်စျေးနှုန်းကို ကြည့်ခြင်းအားဖြင့် ငွေကြေးတန်းဖိုး မြင့်မားကြောင်းတွေ့မြင်ရပါသည်။ ထုတ်ဝေသောငွေစက္ကူများ၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကိုယ်စား အုပ်ချုပ်‌ရေးမှုး စံလင်း လက်မှတ်ပါဝင်သောကြောင့် စံလင်းပိုက်ဆံဟု ခေါ်ဆိုကြသည်။

၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သော ၁၀၀ကျပ်တန် 

မြန်မာ့ငွေကြေးတန်ဖိုး စတင်ကျဆင်းရခြင်း

သို့သော် ၁၉၆၄ခုနှစ် မေလ ၁၇ရက်နေ့ ဦးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီ လက်ထက်တွင် တော်လှန်ရေးကောင်စီ ဥက္ကဋ ဗိုလ်ချုပ်ကြီးဦးနေဝင်းမှ ၁၀၀ကျပ်တန်နှင့် ၅၀ကျပ်တန် တို့ကို အရင်းရှင်လူတန်းစား ပြည်ထောင်စုဗမာနိုင်ငံ၏ စီးပွားရေးကို ကမောက်ကမဖြစ်စေရန် လုပ်သားပြည်သူများ၏ စားသောက်နေထိုင်ရေးကို ကျဆင်းအောင်ပြုလုပ်ရာမှာ အသုံးပြုသောပစ္စည်းဟု သတ်မှတ်ပြီး တရားဝင်ငွေစက္ကူအဖြစ်မှ ရပ်ဆဲကာ ငွေမဲအဖြစ် ကြေငြာခဲ့သည်။ ၁၉၆၄ခုနှစ် မေလ ၁၇ရက် ည ၇း၀၀ နာရီ နောက်ပိုင်း ၎င်းအမိန့်စတင်အသက်ဝင်ခဲ့ခြင်းမှစ၍ ဤငွေစက္ကူများကို အသုံးပြုခြင်း၊ မိမိအပိုင်မဟုတ်ဘဲ မိမိပိုင်အဖြစ် ဖော်ပြခြင်း၊ မိမိပိုင်ကို တခြားသူ တစ်ဦးတစ်ယောက်အပိုင်အဖြစ်ဖော်ပြခြင်းများကို ထောင်ဒဏ် ၁၀နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်ကြောင်းကိုလည်း ဖော်ပြထားသည်။ ဤကဲ့သို့ အဆင်ခြင်မဲ့သော လုပ်ရပ်များကြောင့် မြန်မာနိုင်ငံသားများ နေ့ချင်းညချင်း ချမ်းသာရာမှ မွဲသွားကြသည်။

၅၀၀၀တန်ငွေစက္ကူများ 

ဦးနေဝင်းအလွန် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သောသူများ၌ ဦးသန်းရွှေမှာ အရှည်ကြာဆုံးဖြစ်သည်။ ဦးသန်းရွှေသည် ၁၉၉၂ခုနှစ် ဧပြီလ ၂၃ မှာ တရားဝင်အာဏာ ရရှိခဲ့ပြီး ဦးသိန်းစိန်ကို အာဏာမလွှဲမီ ၂၀၁၀ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ နိုင်ငံတော်အေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ရသည်။ ဦးသန်းရွှေ လက်ထက်ထုတ်ဝေခဲ့သော ပိုက်ဆံများ၌ ခြင်္သေ့ရုပ်များပါဝင်သည်။ ထို့ပြင် မူလ ၁ဒေါ်လာ ၆ကျပ်မှ ဦးသန်းရွှေ လက်ထက်၌ ၁ဒေါ်လာကို ၈၀၀ကျပ်အထိဖြစ်လာခဲ့သည်။  ဦးသန်းရွှေသည် အာဏာမကုန်မီ ၂၀၀၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင် ၅၀၀၀တန် ငွေစက္ကူသစ်ကို စတင်ဖြန့်ချီခဲ့ပြီး ဤထုတ်လုပ်မှုမှာ အစိုးရ၏ ဘက်ဂျက်လိုငွေပြမှု မြင့်တက်နေသောကြောင့် ဟူ၍ သုံးသပ်သူများလည်းရှိကြသည်။ 

၂၀၀၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့တွင်ထုတ်ဝေခဲ့သော ၅၀၀၀ကျပ်တန် ငွေစက္ကူ

၁၀၀၀၀တန် ငွေစက္ကူများ

ဦးသိန်းစိန်အစိုးရလက်ထက်အရောက် ၂၀၁၂ခုနှစ် ဇွန်လ ၁၅ရက်နေ့၌ ၁၀၀၀၀ကျပ်တန် ငွေစက္ကူများကို စတင်ထုတ်ဝေခဲ့သည်။ 

၂၀၁၂ခုနှစ် ဇွန်လ ၁၅ရက်နေ့တွင် ထုတ်ဝေခဲ့သော ၁၀၀၀၀ကျပ်တန် ငွေစက္ကူ

ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူများ 

ဗိုလ်ချုပ်အောင်ဆန်းပုံ ငွေစက္ကူများကို ၂၀၂၀ခုနှစ် ဇနဝါရီလ ၄ရက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြင့် ထုတ်ဝေခဲ့သည်။ အမှတ်တရအဖြစ် သိမ်းဆည်းထားလိုသူများ များပြားလွန်းသောကြောင့် ၁၀၀၀ကျပ်တန်ထက်ပိုပြီး တန်ဖိုးတက်ခဲ့ရသော ငွေစက္ကူဖြစ်ခဲ့သည်။ ၂၀၁၆ခုနှစ်မှ စတင်အဆိုတင်သွင်းခဲ့သော မူလရှိရင်းစွဲငွေစက္ကူများ၌ ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် အစားထိုးပြောင်းလဲရိုက်နှိပ်ရန် အဆိုတင်သွင်းမှုမှာ ၂၀၂၀ခုနှစ်မှ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၀ခုနှစ် ဇနဝါရီလ ၄ရက်နေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သော ၁၀၀၀ကျပ်တန်

၂၀၀၀၀ကျပ်တန်ငွေစက္ကူ 

၂၀၂၁ခုနှစ် အာဏာသိမ်းမှုအလွန် ၂၀၂၃ခုနှစ် ဇူလိုင်လကုန်မှစ၍ ၂၀၀၀၀ကျပ်တန်ငွေစက္ကူများကို စတင်ရိုက်နှိပ်မည်ဖြစ်ကြောင်း စစ်ကောင်စီမှ နိုင်ငံပိုင်ရုပ်သံမှ တရားဝင်ကြည်ငြာခဲ့သည်။ အဆိုပါ သတင်းအပြီး၌ နိုင်ငံခြားငွေလဲနှုန်ူများမှာ သိသိသာသာမြင့်တက်သွားကြောင်းသိရသည်။ 

၂၀၀၀၀ကျပ်တန် ငွေစက္ကူ မျက်နှာဘက်

 

၂၀၀၀၀ ကျပ်တန်ငွေစက္ကူ ကျောဘက်

“သူတို့ရဲ့လုပ်ရပ်တွေက စစ်ကောင်စီရဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့သူတွေအတွက်တော့ လုံးဝကို လက်မခံသင့်တဲ့အရာပါ၊ ကျွန်တော်တို့အတွက် ကောင်းကျိုးထက် ဆိုးကျိုးပဲရောက်လာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ၊ အစစအရာရာစျေးတက်လာလိမ့်မယ်။” ဟု ဘဏ်နှင့် ငွေကြေးကျွမ်းကျင်သူ Salai Banker က သုံးသပ်ထားသည်။ 

“ငွေကြေးထုတ်လုပ်တာက ဗဟိုဘဏ်ကနေထိန်းချုပ်တာပေါ့။ နိုင်ငံရဲ့ GDP ကိုကြည့်ပြီး ထုတ်ရတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံမှာကတော့ ၃ရာခိုင်နှုန်း၊ ဖွံ့ဖြိုးပြီးနိုင်ငံမှာတော့ ၂ရာခိုင်နှုန်းနှင့် ထုတ်လုပ်ကြတာ။ နိုင်ငံရဲ့ ထုတ်ကုန်သွင်းကုန် ငွေကြေးလည်ပတ်မှုကို ကြည့်ပြီးထုတ်ရတာ၊ အဲ့လိုမဟုတ်ရင် ငွေကြေးဖောင်းပွမှုတွေဖြစ်လာတတ်တယ်၊ စစ်ကောင်စီက GDP တက်လာတယ်လို့ ဆိုပေမယ့် လက်တွေ့မှာ မဟုတ်ဘူးဆိုတာ အားလုံးအသိပါ။ တက်ဖို့နေနေသာသာ ထိုးကျနေတာလေ။ ဆိုတော့ GDP ဘယ်လောက်ရှိလို့ ဘယ်လောက်ရာခိုင်နှုန်းထုတ်လုပ်မယ်ဆိုတာ မသိရတော့ သုံးသပ်ဖို့တော့ တော်တော်ခက်ခဲ့တယ်။” ဟု မြန်မာနိုင်ငံ အခွန်နှင့် ငွေကြေးကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။ အဆိုပါ ၂၀၀၀၀ကျပ်တန် ငွေစက္ကူကြောင့် နိုင်ငံ၏ ငွေကြေးဖောင်းပွလာကာ အရပ်သားပြည်သူများအတွက် ပိုမိုအခက်တွေ့နိုင်ကြောင်း ဆက်လက်ပြောကြားသည်။ 

၂၀၀၀၀တန် ငွေစက္ကူပေါ်၌ ဆင်ဖြူတော်ပါရှိခြင်း စစ်ကိုင်းတံတားနှင့် ဧရာဝတီတံတားအပြိုင်ပါရှိခြင်းတို့ကြောင့် စစ်ကောင်စီ၏ ယတြာတစ်ခုဖြစ်ကြောင်း Salai Banker ကဆက်လက် သုံးသပ်ထားသည်။ 

 

Sources : https://www.facebook.com/watch/?v=946288316431220

https://fb.watch/mcWoagEvAI/?mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=5431194400256921&id=100000992450221&mibextid=Nif5oz