August 14, 2023, Comment off

CNDF ရဲဘော်တစ်ဦး ကလေးမြို့အကျဉ်းထောင်တွင်ကျဆုံး၊ ဇာတိမြို့၌သဂြိုလ်ခွင့်မရ

 

Loyalvan

 

ကလေးမြို့အကျဉ်းထောင်၌ ထောင်ချခံရသော CNDF ရဲဘော် Salai Van Biak Him (၂၉နှစ်)သည် ၂၀၂၃ခုနှစ်၊ ဩဂုတ် ၆ ရက်မနက်ပိုင်းတွင် ကလေးမြို့ပြည်သူ့ဆေးရုံ၌ ကျဆုံးသွားကြောင်း သိရှိရသည်။ 

Salai Van Biak Him သည် အကျဉ်းထောင်တွင်းပစ်ခတ်မှု၌ ကျဆုံးသွားသည်ံ့ ဗန်ဒိမ်းနဲ့အတူ ၂၀၂၁ခုနှစ်၊ ဇွန်လတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ နဲ့ ၅၂ (က)တို့ဖြင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခံရသောသူဖြစ်သည်။ ၂၀၂၂ ခုနှစ် မတ်လ (၁၅)ရက်တွင် ကလေးမြို့အကျဉ်းထောင်ဆူပူမှု၌ ဒုတိယခေါင်းဆောင်ဟု စွပ်စွဲကာ တိုက်ပိတ်ခံရပြီး အပြင်းအထန်ရိုက်နှိက်မှုခံခဲ့ရကြောင်း နီးစပ်သူများထံမှ သိရသည်။ 

CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံးငိုင်းက သူက အဆုတ်နဲ့ နှလုံးရောဂါအခံရှိတယ်လို့ကြားတယ်။ မနေ့ မနက် ၁၀ နာရီလောက်မှာ ကလေးမြို့ ပြည်သူ့ဆေးရုံမှာ ရောက်လာပြီးတော့ နာရီဝက်လောက်ကြာတော့ ဆုံးသွားတယ်။ သူများတွေကြားကောင်းအောင် သေခါနီးမှာ ဆေးရုံကိုပို့လာတာပဲ။ ထောင်ထဲမှာ ကောင်းကောင်းဆေးကုသခွင့် တောင်ရမှာမဟုတ်ဘူး။ ပြီးတော့ အလောင်းကိုလည်း ဇာတိဖလမ်းမြို့မှာသယ်ယူခွင့်မပြုဘဲ ကလေးမြို့မှာပဲ ဒီနေ့ သဂြိုလ်ကြတယ်လို့ပြောပါတယ်။” (Zalen News) 

နိုင်/ကျဉ်းဟောင်းတစ်ဦးက သူက အဆုတ်ထိတော့ ချောင်းတအားဆိုးတယ်။ ဆေးရုံဆောင်မှာပဲနေတာများတယ်။ ဒါပေမယ့် လုံလုံလောက်လောက်ဆေးကုသပေးတာမရှိဘူး။ ဖျားရင်လည်း ပါရာစီတမောနဲ့ ဘာမီတွမ်လောက်ပဲ ပေးတယ်။ သေခါနီးမှပဲ ဆေးရုံကိုပို့တာ။ ကလေးမြို့ ထောင်ထဲမှာ ကျန်းမာရေးမကောင်းလို့သေဆုံးတာ ၅ ယောက်ရှိပြီလို့ပြောပါတယ်။” (Zalen News) 

ယခုအချိန်ထိ CNO/CNDF အဖွဲ့ဝင် ၁၄ ဦးသည် စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခံရလျက်ရှိပြီး ထောင်ထဲ၌ ၂ ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။ 

“အခုလိုအကျဥ်းသားတစ်ဦးကိုကောင်းမွန်တဲ့ဆေးကုသမှုခံယူခွင့်မပေးပဲသေဆုံးခါနီးမှဆေးရုံကိုပို့ပေးခြင်းဟာဥပဒေအရအကာအကွယ်ပေးထားတဲ့လူသားတစ်ဦးချင်းစီ၏တန်းတူရည်တူရှိမှုဆိုင်ရာအခွင့်အရေးအပြင်ပြီးပြည့်စုံတဲ့ကျန်းမာရေးစောင့်ရှောက်မှုရပိုင့်ခွင့်များကိုပြောင်ပြောင်တင်းတင်းကြီးချိုးဖောက်ခံနေရဒါဖြစ်ပါတယ်။ ဇာတိမြို့သို့ သဂြိုလ်ခွင့်မပြုတာကတော့ လက်ရှိတိုင်းပြည်အခြေအနေနှင့် လုံခြုံရေးအခြေအနေ တွေကို အထောက်အထားပြုတဲ့သဘောကြောင့် ဖြစ်မယ်လို့သုံးသပ်မိပါတယ်။” ဟု CDM ဥပဒေ ပါမောက္ခတစ်ဦးက ဆိုသည်။