August 16, 2023, Comment off

ကလေးမြို့နယ်၊ မြို့လှနှင့် စက္ကန့်ရွာကြားတိုက်ပွဲဖြစ်စဉ်

 

(CNO/CNDF Upper Chindwin Region ၏ ထုတ်ပြန်ချက်)

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် နံနက် ၁၁ နာရီခန့်တွင် ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ စက်မှုဇုံလမ်းထောင့်တွင် စစ်ကောင်စီတပ်သားများ စစ်ဆေးရေးလုပ်နေစဉ် ပန်းရံလုပ်ပြီးနေ့လည်ထမင်းစားဖို့ပြန်လာတဲ့ အင်ဒိုင်းကုန်းရပ်ကွက် (ယခင်မွန်ထာရွာ)သား ၃ ဦးကို အကြောင်းမဲ့ပစ်ခတ်သေကြောင့် ဆလိုင်းလာလ်ကျူံးလျန်ဘိတ် (၂၈နှစ်) ဦးခေါင်းတွင်ကျည်ထိမှန်ကာ ပွဲချင်းသေဆုံးခဲ့သည်။ သေဆုံးသူ၏ သူငယ်ချင်းတစ်ဦးမှာ ညာဖက်လက်တွင် ကျည်ထိမှန်ပြီး အရိုးကျိုးခဲ့သည်။

စစ်ကောင်စီအသုံးပြုခဲ့သော ကျဥ်ခွံ

ယင်းနေ့ နေ့ခင်းပိုင်းတွင် စစ်ကောင်စီတပ်သားများသည် စစ်ကား ၂စီးဖြင့် မြို့လှရပ်ကွက်သို့သွားရောက်ကာ ညနေ ၃နာရီတွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် မြို့လှ၊ စက္ကန့်ရွာကြား၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း CNO/CNDF Upper Chindwin Region မှ ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီမှ မီးရှို့ဖျက်စီးခဲ့သော စက်ကြီး ၂စီး

 မြို့လှရပ်ကွက်မှ အရပ်သားနှင့် စက္ကန့်ရွာသား ၁၅ ဦးကို စစ်ကောင်စီကဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့ကြောင်းသိရသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့လှရပ်ကွက်၊ စက္ကန့်ရွာနှင့် အင်ဒိုင်းကုန်းရပ်ကွက်မှ ပြည်သူများ ဘေးလွတ်ရာသို့တိမ်းရှောင်ကြရသည်။

 

စစ်ကောင်စီမှ မီးရှို့ဖျက်စီးခဲ့သော ဆိုင်ကယ်

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၁ ရက် နံနက် ၈ နာရီခန့်မှ မြို့လှနှင့် စက္ကန့်ရွာကြား၌ တိုက်ပွဲပြန်လည်ဖြစ်ပွားကာ တစ်ရက်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီကားတစ်စီးဖြင့် လက်နက်ခဲယမ်းနှင့် လူအင်အားထပ်ဖြည့်စီးကာ စက္ကန့်ကျေးရွာအတွင်း စစ်ကောင်စီမှ ၆၀မမ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် IPCM (Independent Presbyterian Church of Myanmar) ဘုရားကျောင်းပျက်စီးခဲ့ရသည်။ 

စစ်ကောင်စီမှ သတ်ဖျက်မီးရှို့ခဲ့သော လူသေပြာ

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နံနက်ပိုင်း၌ ပစ်ခတ်မှုပြန်လည်ဖြစ်ပွားပြီး ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ ကလေးမြို့သို့ ပြန်လည်ဆုတ်ခွာကြသည်။ ၎င်းတို့ဆုတ်ခွာရာလမ်းကြောင်းဖြစ်သော တောင်ဖီလာရပ်ကွက်၌ ထပ်မံတိုက်ပွဲဖြစ်ပွာခဲ့သည်။ ယခုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း CNO/CNDF Upper Chindwin Region မှ ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ အိမ်ဖောက်ခိုးယူမှု

စစ်ကောင်စီတပ်သားများ ဆုတ်ခွာစဉ် လူသားဒိုင်းအဖြစ်ဖမ်းဆီးထားသော ဒေသခံရွာသား ၁၅ ဦးကိုပြန်လွတ်မြောက်ခဲ့သည်။ သို့သော် မြို့လှရပ်ကွက်မှ ၁၃ နှစ်အရွယ်မိန်းကလေး Malsawmthari နှင့် ယောကျ်ားလေး Thuthlunga တို့ ပျောက်ဆုံးလျက်ရှိသည်။ မြို့လှရပ်ကွက်နေ ဆယ်ကျော်သက်အရွယ် မိန်းကလေး Lalawmpuii ဝမ်းဗိုက်တွင်ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

စစ်ကောင်စီဖျက်စီးခဲ့သော မော်တော်ကား

၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာ မြို့လှရပ်ကွက်အတွင်းအိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းဝင်ရောက်ကာ အဖိုးတန်ပစ္စည်းများခိုးယူသွားကြသည်။ မြို့လှနှင့် စက္ကန့်ကျေးရွာကြားရှိ ကျောက်ခွဲစက်မှ အိမ်တစ်လုံး၊ စက်ကြီးနှစ်စီးနှင့် ကားတစ်စီးကို စစ်ကောင်စီက မီးရှို့ခဲ့သည်။ 

စစ်ကောင်စီအသုံးပြုခဲ့သော ကျဥ်ခွံ

ထို့နောက် ကျွန်းချောင်းကျေးရွာမှ သားအမိကိုသတ်ဖြတ်ပြီး အလောင်းကိုမီးရှို့ထားသောပြာနှင့် ဆိုင်ကယ်တစ်စီးမီးရှို့ထားသည်ကိုတွေ့ရှိရသည်။ စက္ကန့်ကျေးရွာနဲ့ ရှားတောကျေးရွာကြား ကျောက်ခွဲစက်အနီးတွင် အကြမ်းဖက် စစ်ကောင်စီက သတ်ဖြတ်ပြီးအလောင်းကို မီးရှို့ထားသော အသက် ၃၀အရွယ် အမည်မသိအမျိုးသားအလောင်းကိုလည်းတွေ့ရသည်။ စစ်ကောင်စီမှ စက္ကန့်ကျေးရွာအတွင်း ထောင်ထားသော နင်းမိုင်း ၁၀ လုံးမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်က ပြန်လည်ရှင်းလင်းနိုင်ခဲ့သည်။

ဒဏ်ရာရရှိခဲ့သော အမျိုးသမီး