August 28, 2023, Comment off

မင်းတပ်မြို့ ဒေသခံ ၃ ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ဖမ်းဆီးကာ လူမဆန်စွာ သတ်ဖြတ် အလောင်းဖျောက်

Kurbungbel

 

ချင်းပြည်နယ်၊မင်းတပ်မြို့၊ဒေသခံ ၃ ဦး နှင့် အမှုတော်ဆောင်တစ်ပါးကို စစ်ကောင်စီတပ်သားများမှ အကြောင်းမဲ့ဖမ်းဆီးကာ ရက်ရက်စက်စက်နှိပ်စက်သည့်အပြင် ၃ ဦးကို ခေါ်ဆောင်သွားပြီး သတ်ဖြတ်၍ အလောင်းပါ ဖျောက်ထားကြောင်းသိရသည်။(မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ထုတ်ပြန်ချက်)

ခရစ်ယာန်ဘုရားကျောင်းဝန်းထဲရှိ စစ်ဘေးရှောင်စခန်းသို့ ခလရ(၂၇၄) တပ်သား များမှဝင်ရောက်ဖမ်းဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အနောက်ရပ်ကွက်၊ ခရစ်ယာန်ဘုရားကျောင်းဝန်းထဲရှိ စစ်ဘေးရှောင်စခန်းသို့ ခလရ (၂၇၄) တပ်သားများသည် ဇူလိုင်လ ၁၆ ရက် ည ၈ နာရီခွဲတွင် ဝင်ရောက်ကာ အမျိုးသား ၃ ဦးကိုဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများသည် ဘုရားကျောင်းဝင်းအတွင်း ဆိုင်ကယ်များလွန်းသည် ဟု အကြောင်းမရှိ အကြောင်းပြကာ ဝင်ရောက်ကြပြီး ခရစ်ယာန် ဓမ္မအမှုတော်ဆောင် တစ်ပါးကို မေ့မျောတဲ့အထိ ရိုက်နှက်သည့်အပြင် အမျိုးသား ၃ ဦးကိုလည်း ဘုရာကျောင်းရှေ့တွင် ရိုက်နှက်ထိုးကြိတ်ပြီး ဖမ်းဆီးခေါ်ဆောင် သွားကြသည်။ (Zalen News)

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ထုတ်ပြန်ကြေညာချက်

ဖမ်းဆီးခံရသူများ အကြောင်းကို မိသားစုဝင်များ၊ ဘာသာရေးခေါင်းဆောင်များက စခန်းသို့သွားရောက် မေးမြန်းစုံစမ်းရာတွင် ၎င်တို့ကို ထိန်းသိမ်းထားကာစစ်ဆေးမေးမြန်းလျက်ရှိသည်ဟု စစ်ကောင်စီတပ်မှ အကြေင်းပြန်ခဲ့သည်။ သို့သော်ဇူလိုင် ၂၆ ရက်တွင် ဒုတိယအကြိမ် သွားရောက်ကာ ထပ်မံမေးမြန်းရာ၌ ၎င်းတို့မရှိကြောင်းသာ စစ်ကောင်စီတပ်မှ တုံ့ပြန်ပြောဆိုခဲ့သည်။ထို့ကြောင့် ဖမ်းဆီးခံရသူ ၃ ဦး သည် စစ်ဆေးမေးမြန်းနှိပ်စက်ရာတွင် အသက်သေဆုံးသွားကြခြင်း ဖြစ်သည်ဟု ယူဆရကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါလူမဆန်စွာ အပြစ်မဲ့ဘာသာရေးဆရာနှင့်သင်းထောက်လူကြီးများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ခြင်းကို မင်းတပ်မြိုနယ်ပြည်သူ့အုပ်ချုပ်းရေးအဖွဲ့ အနေဖြင့် ပြင်းထန်စွာရှုတ်ချပြီး မင်းတပ်မြို့ပေါ်ရှိ ပြည်သူများ အနေဖြင့်လည်း စစ်ကောင်စီ၏ ဖက်ဆစ်သရုပ်မှန်ကို သိရှိနားလည်ပြီး အကြမ်းဖက်စစ်ကောင်စီအား အမြစ်ဖြတ်တော်လှန်ရေးတွင် ဆက်လက်ပူးပေါင်း ပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ကြောင်း၊  မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု့ ဥပဒေကို ချိုးဖောက်လျက်ရှိသော စစ်ကောင်စီတပ်အား ထိရောက်သည့် အရေးယူဆောင်ရွက်မှု့များ လျှင်မြန်စွာ ပြုလုပ်ရန်လို

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ ဒေသခံ ၃ဦး(ဓမ္မအမှုတော်ဆောင် ၁ပါး အပါအဝင်)တို့အား စစ်ကောင်စီတပ်သားများမှ အကြောင်းမဲ့ ဖမ်းဆီးကာ ရက်ရက်စက်စက်ရိုက်နှက် နှိပ်စက်ပြီး သတ်ဖြတ်၍ အလောင်းပါဖျောက်ထားကြောင်း သိရပါသည်။ ဤဖြစ်စဥ်နဲ့ အလားတူ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များစွာ နိုင်ငံတဝှမ်း၌ ကြုံတွေ့နေကြရပါသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု့  ဥပဒေ၏ အဓိကအစိတ်အပိုင်းဖြစ်သည့် အကာအကွယ် ရပိုင်ခွင့်အရ လက်နက်ကိုင်စစ်ပွဲ၌ ပါဝင်တိုက်ခိုက်ခြင်းမရှိသော အရပ်သားများကို အဆိုပါကျင့်ဝတ်အရ ကာကွယ်ပေးရမည်ဖြစ်သည်။ လက်နက်ကိုင်မဟုတ်သော ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်နှောင့်ယှက်ခြင်း မပြုလုပ်ရန်လည်း အထူးတားမြစ်ထားသည်။

သို့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝ်များသည် မြန်မာနိုင်ငံရှိ အပြစ်မဲ့ အရပ်သားများ၏ အကာအကွယ် ရပိုင်ခွင့်နှင့်စပ်လျဥ်း၍ မျက်ကွယ်ပြုလျက် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု့ ဥပဒေကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်ကျူးလွန် လျက်ရှိပါသည်။ နိုင်ငံသားများ၏ လူ့အခွင့်အရေး ရပိုင်ခွင့်ကိုလည်း လုံးဝလစ်လျူရှု၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို တစိုက်မတ်မတ် လုပ်ဆောင်နေပါသည်။

ထိုကဲ့သို့သော စစ်ကောင်စီတပ်၏ တရားဥပဒေအပေါ် လေးစားလိုက်နာမှု့မရှိခြင်းနှင့် ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် ပြစ်ဒဏ်ကျခံမှု မရှိခြင်းတို့သည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် လုံခြုံရေးနှင့် လုံခြုံ‌ရေးကို ထိခိုက်စေရုံသာမက ကမ္ဘာပေါ်ရှိ တရားဥပ‌‌ဒေဆိုင်ရာ စံချိန်စံနှုန်းများနှင့် လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်သိက္ခာတို့ကို စိန်ခေါ်ခြင်းဟုသတ်မှတ်နိုင်ပါသည်။   

“စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များ၊   လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုများအပေါ် ထင်ရှားလှတဲ့ ပြစ်မှုကျုးလွန်နေခြင်းတွေကို ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ အမြန်ဆုံး ထိရောက်စွာ အရေးယူပေးရန် အရေးတကြီး လိုအပ်နေတယ်” ဟုချင်းရေးရာအဖွဲ့ချုပ် (ICA)၏ လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San မှသုံးသပ် ပြောဆိုသွားသည်။

 

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်ခြင်းခံရသည့် မင်းတပ်မြို့ ဒေသခံ ၃ဦး (Zalen)