November 1, 2023, Comment off

ကလေးမြို့၊ စက္ကန့်ကျေးရွာကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာမြေးအဘွား၂ ဦးအားသတ်ဖြတ်၊ အလောင်း မီးရှို့၊ ရွာကိုလည်းမီးရှို့ဖျက်ဆီး ပြီးလူ ၄ ယောက်ပျောက်ဆုံးနေ

 

By Kur Bung Bel

စစ်ကိုင်းတိုင်း၊ကလေးမြို့ အနောက်တောင်ပိုင်း၊ အိမ်ခြေ ၉၀၀ ခန့်ရှိသော စက္ကန့်ကျေးရွာကို အင်အား အလုံးအရင်းဖြင့် စက်တင်ဘာလကုန်ပိုင်းမှစ၍ ၁၀ရက်ကျော်ကြာ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် စက္ကန့်ကျေးရွာကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်နေ့မှစတင်မီးရှို့ကာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့သည်။ စက္ကန့်ဒေသခံ မြေးအဘွား၂ ဦးကို စစ်ကောင်စီတပ်က သတ်ပစ်ခဲ့ပြီး ဒေသခံ ၄ဦးလည်းပျောက်ဆုံးနေတယ်လို့ စက္ကန့်ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းခံရသော မြေးအဘွား ၂ ဦးမှာ ဒေါ် ငွန်နယ်နှဲမ် (Ngun Nei Hnem) ၆၇ နှစ် နဲ့ ဆလိုင်း ဗန်ဘွဲ့လျန် (Salai Van Bawi Lian)၁၄ နှစ်တို့ ဖြစ်ပြီး အလောင်းကိုလည်း မီးရှို့သွားကာ ၎င်းတို့စီးလာသည့် မော်တော်ဆိုင်ကယ် ကိုမချန်  စစ်ကောင်စီတပ်မှ မီးရှို့ထားကြောင်း CNO Upper Chindwin Region (UCR) ထံမှသိရသည်။အသတ်ခံလိုက်သည့်မြေးအဘွား ၂ ဦးမှာရွာထဲသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များမီးရှို့သည့် အချိန်တွင် အိမ်၌ကျန်ရှိနေသည့်  အိမ်မွေးတိရစ္ဆာန်များ ကို စိတ်မချ၍ သွားရောက်ကြည့်ရှုချိန်တွင် စစ်ကောင်စီတပ်များမှ သူတို့နေအိမ်ထဲ၌ သတ်ဖြတ်ကြပြီး အလောင်းကို မီးရှို့ထားကြခြင်းဖြစ်သည်ဟု စက္ကန့်ဒေသခံများ၏ ပြောပြချက်အရသိရသည်။ 

စစ်ကောင်စီတပ်များသည် အစကနဦးတွင် စက္ကန့်ရွာထိပ်ရှိ စာသင်ကျောင်းတွင် စခန်းချ နေထိုင်ကြပြီး၊ တဖြည်းဖြည်း ရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်‌ရောက်ကြကာ ခရစ်ယာန် နှစ်ခြင်းဘုရားကျောင်းထဲတွင် စခန်းချ နေထိုင်ကြသည်ဟု စက္ကန့်ကျေးရွာ‌ဒေသခံတစ်ဦးက ICA သို့ပြောသည်။

စစ်ကောင်စီတပ်က စက္ကန့်ရွာအနီးရှိ တောင်ဖီလာ တောင်ပေါ်မှ လက်နက်ကြီးဖြင့်လည်း ပစ်ကူပေးနေသဖြင့်ရွာ အတွင်းသို့ မည်သူမျှမပြန်ရဲကြသဖြင့် မီးရှို့ဖျက်ဆီးခြင်းခံရသည့် အိမ်အရေအတွက်မှာ၁၅၀/၂၀၀ကျော်ခန့် ရှိမည်ဟုယူဆရပြီး၊ရွာအနီးအနားကိုမည်သူမျှ မကပ်ရဲကြသည့်အတွက် အတိအကျ သိနိုင်ရန် ခက်ခဲနေသေး ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးမှုကြောင့် စက္ကန့်ကျေးရွာ အပြင် အနီးအနား ရှိ ရွာများဖြစ်ကြသော အင်ဒိုင်းကုန်း၊ မြောင်းဆုံ၊ ရှားတော၊ ဆင်တော၊ စီးစံ ရွာတို့မှ ပြည်သူ ၃၅၀၀ခန့် သည်လည်း အိမ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးရှောင်နေရသဖြင့် ပြည်သူများစစ်ဘေးဒုက္ခ ကြုံနေရကြောင်း စစ်ဘေး‌ ရှောင်များ ကူညီနေသူတစ်ဦး ထံကသိရသည်။စစ်ဘေးရှောင်ပြည်သူ အများဆုံးမှာ ကလေးမြို့၊တာဟန်း ရပ်ကွက်ထဲတွင် ဝင်ရောက်ကြပြီး၊ တာဟန်း အနီးအနားရှိ ရွာများတွင်လည်း စစ်ဘေးဒုက္ခသည်များဖြင့် ပြည့်နှက် နေကြကြောင်း၊စစ်ဘေးရှောင်သူဦး‌ရေသည်လည်းအတိအကျမသိနိုင်သေးကြောင်း စစ်ဘေးရှောင် ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသည့် ပရဟိတအသင်းအဖွဲ့များထံက သိရသည်။

 

ဓာတ်ပုံ-စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့်မီးလောင်နေသည့် စက္ကန့်ရွာနေအိမ်တစ်လုံး