November 7, 2023, Comment off

နိုဝင်ဘာလ လဆန်းပိုင်းအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကလေးမြို့နယ်အတွင်း ပြည်သူ ၃ ဦးသေဆုံး

Loyalvan

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်နှင့် အနီးတဝိုက်၌ နိုဝင်ဘာလ ၃ရက်နေ့၌ စတင်၍ စစ်ကောင်စီနှင့် ပြည့်သူ့ကာကွယ်ရေးတပ်များအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နိုဝင်ဘာလ ၆ရက်နေ့အထိ ပြည်သူ ၃ဦးအထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ ည ၇း၀၀ နာရီတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅၇နှစ်အရွယ်နဲ့ အသက် ၂၆နှစ်အရွယ် အမျိုးသမီး ၂ဦး သေဆုံးခဲ့ရသည်။ အဆိုပါပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲလည်း မရှိဘူး၊ စကစဘက်ရဲ့ လက်နက်ကြီးက Trinity ဘုရားကျောင်းအနား နဲ့ Penial ဘုရားကျောင်းနားမှာ ကျပြီး ပေါက်ကွဲလို့ လမ်းပေါ်က အသက် ၅၇ နှစ်အရွယ်အမျိုးသမီး ပွဲချင်းသေဆုံးတယ်၊ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး လည်း ဒဏ်ရာပြင်းထန်ရတယ်၊ မိနစ်ပိုင်းအကြာမှာ သေဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက The Rihli Voice ကိုပြောထားကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ ၆ ရက်နေ့ ည ၉း၃၀ အချိန်ခန့်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၃၁နှစ်အရွယ် အမျိုးသားတစ်ဦးမှာ သေဆုံးခဲ့ရသည်။

“ည ၉ နာရီကျော်လောက်မှာ လက်နက်ကြီးက လက်ပံချောင်းရွာမှာ ကျတော့ ဦးလာလ်ရမ်းချန်အာ (Lal Ram Chana)  သေဆုံးသွားတယ်၊ သူ့မှာ ၂ နှစ်အရွယ် သားလေးတစ်ယောက်ရှိတယ်၊ အခု သူ့မိန်းမလည်း ကိုယ်ဝန်လွယ်ထားတယ်’’ ဟု ‌ဒေသခံတစ်ဦးက The Rihli Voice သို့ပြောကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၃ရက်နေ့မှ ၆ရက်နေ့အထိ စစ်ကောင်စီနဲ့ ‌ဒေသခံ ကာကွယ်ရေးတပ်များအကြား ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ပြည်သူ ၃ဦးနဲ့ ‌ဒေသခံကာကွယ်ရေးတပ်သား ၆ဦး စုစုပေါင်း ၉ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများ ‌သေဆုံးမှုကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။ အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပျက်ပြုလုပ်နေသောကြောင့် ပြည်သူနေအိမ်များနဲ့ ပြည်သူထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံတစ်ဦးက ICA သို့ပြောသည်။

——–
Photo: Zalen