November 8, 2023, Comment off

စစ်ကောင်စီ၏လေကြေင်းတိုက်ခိုက်မှုကြောင့် မင်းတပ်ခရိုင်၊မကွီအိမ်နူးမြို့ (M’Kui Im Nu) တွင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရကာ လူနေအိမ်၊ ဘာသာရေးအဆောက်အအုံများ ပျက်စီး

Kur Bung Bel

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အတွင်း ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားအချို့ ထိခိုက်မှုရှိကြောင်း မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

မင်းတပ်ခရိုင် အတွင်းရှိမကွီအိမ်နူးမြို့(M’Kui Im Nu) အတွင်းသို့ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၃း၃၀ နာရီခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် လူနေအိမ် ၁၃ လုံး အပါအဝင် ဘာသာရေးအဆောက်အအုံ ၄ လုံးနှင့် စာသင်‌ကျောင်းဆောင် ၄ လုံးပါ ပျက်ဆီးခဲ့ကြောင်းသိရသည်။

ထို့ပြင် နိုဝင်ဘာ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မင်းတပ်မြို့နယ် ၁၆မိုင်နှင့် ပန်းစခန်းကြား အများပြည်သူသွားလာလမ်း၌ ဗုံး ၂ကြိမ်ကျဲချတိုက်ခိုက်ရာ လမ်းဘေးရှိ လူနေအိမ်၃ လုံးပျက်စီးခဲ့သည်။ယင်းနေ့တွင်ပင် မင်းတပ် ခလရ ၂၇၄ ဖက်မှလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း CDF-Mindat သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

——————-

ဓာတ်ပုံ-စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအိမ် (Photo – CDF Mindat)