November 19, 2023, Comment off

နိုဝင်ဘာလ ချင်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေးအ‌ဖွဲ့များ၏ လှုပ်ရှားမှု

Loyalvan
#ဓာတ်ပုံ- အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြသော စစ်ကောင်စီတပ်သားများနှင့် အာသန်ရိုင်ဖယ်စစ်တပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းရဲစခန်းနှင့် ကလေးမြို့ မြောက်ပိုင်း ရာဇဂြိုလ်ရဲဘက်စခန်းမှ ရာ-၁၊ ရာ-၂ စစ်ကောင်စီတပ်စခန်းများကို ဒေသခံတော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များမှ နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ရာ နိုင်ဝင်ဘာလ ၆ရက်နေ့၌ သိမ်းယူနိုင်ခဲ့သည်။ တမူးခရိုင်၊ ခမ်းပတ်မြို့ကိုလည်း ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်ရာ သိမ်းယူနိုင်ခဲ့သည်။ 

တော်လှန်ရေး တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ၄ ရက်ကျော်အထိ ခုခံတိုက်ခိုက်ခဲ့ကြရာ နိုဝင်ဘာလ ၄ရက်နေ့တွင် ရာဇဂြိုလ်ရဲစခန်းနှင့် နိုဝင်ဘာ ၆ရက်နေ့တွင် ‌မြောက်စည်းရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ RKDF၊ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖကလေး နှင့် Kalay PDF စသည့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကြသည်။ ခမ်းပါတ်မြို့ကို နိုဝင်ဘာလ ၁၁ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ပစ်ခတ်မှုများတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ၈ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီဘက်မှ အများစုမှာအိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ဘက်သို့ ထွက်ပြေးသွားကြ‌သည်။ ဤ ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူ ၃ဦးမှာလည်း စစ်ကောင်စီ၏ လက်နက်ကြီး ဒဏ်ကြောင့် သေဆုံးခဲ့ရသည်။ 

ပြည်သူများအနေဖြင့် အဖမ်းအဆီးများသော အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်ခွင့်မရှိသည့်အပြင် စစ်ရေးတင်းမားနေသော ကလေးမြို့ဘက်သို့လည်း စစ်ဘေးတိမ်းရှောင်ခွင့် မရှိသောကြောင့် ပြည်သူများမှာ တောထဲတောင်ထဲ၌ စစ်ဘေးတိမ်းရှောင်နေခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသော ခမ်းပါတ်မြို့ရှိ ပြည်သူများမှာ လုံခြုံဘေးကင်းလျက်ရှိကြောင်း သိရသည်။ 

“ တိုက်ပွဲဖြစ်တုန်းကတော့ ရှောင်နေရတာပေါ့။ အခုတော့ စိတ်ကောလူပါ လုံခြုံမှုကို ခံစားနေရပြီ။ လွတ်လပ်ရေးရသွားသလိုကို ခံစားရတယ်။” ဟု ခမ်းပါတ်မြို့နေ ပြည်သူတစ်ဦးက ICA သို့ပြောသည်။ 

ထို့အပြင် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ၂ခုကို ဒေသခံပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်နိုင်ခဲ့ပြန်သည်။ အဆိုပါတိုက်ခိုက်မှုတွင် CNA မှ ၈ဦး၊ PDA မှ ၁ ဦးကျဆုံးကာ စစ်ကောင်စီတပ်သား ၄၃ ဦးမှာ အိန္ဒိယနိုင်ငံ Zokahwthar ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ အဆိုပါပစ်ခတ်မှုတွင် အရပ်သားပြည်သူ ၂ဦး မှာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သော်လည်း စစ်ကောင်စီ၏ နယ်ခြား လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးခဲ့ရဿည်။ 

ယခုအချိန်တွင် ရိခေါ်ဒါရ်မြို့မှာ CDF-Hualngo Ram ၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိပြီး အိန္ဒိယနိုင်ငံ-မြန်မာနယ်စပ် တံတား၌ ချင်းအမျိုးသားတပ်ဦး (CNF) အလံကို လွှင့်ထူလျှက်ရှိသည်။ ရိခေါ်ဒါရ်အဝင်အထွက်အားလံုးကို CDF-Hualngo Ram မှ ပိတ်ထားကာ စစ်ဆေးမှုတွေပြုလုပ်လျှက်ရှိကြောင်း  ဒေသခံ ပြည်သူများထံက သိရသည်။ ဆက်လက်ပြီး ပြည်သူများအနေဖြင့် ရိခေါ်ဒါရ်မှာမနေဘဲ Zokhawthar ဘက်ခြမ်းသို့ ရှောင်ပြေးကြရန် CDF- Hualngoram မှ အမိန့်ထုတ်ထားကြောင်း သိရသည်။ 

“လောလောဆယ်တော့ ဒီဘက် (Zokhawthar) မှာ နေနေရတယ်။ မနေ့ (15 Nov 23) တုန်းက အိမ်ပြန်ဖို့လုပ်ပေမဲ့ တာဝန်ရှိတဲ့သူတွေက ပြန်မလာနဲ့အုန်း၊ လေကြောင်းရန်ရှိသေးတယ် ဆိုလို့ ဒီဘက်ကို ပြန်လာရတယ်။” ဟု ဒေသခံတစ်ဦးထံမှ သိရပါသည်။ 

Zokhawthar သို့ စစ်ဘေး တိမ်းရှောင်နေသော ပြည်သူများမှာ စုစုပေါင်း ၅,၀၀၀ ကျော်ရှိခဲ့ပြီး ယခုပစ်ခတ်မှုကြောင့် လူဦးရေ ၄,၀၀၀ ခန့် ထပ်တိုးလာကာ စုစုပေါင်း လူဦးရေ ၉,၀၀၀ ကျော်စစ်ဘေးတိမ်းရှောင်နေရသော နေရာတစ်ခုဖြစ်သည်။ 

“ အရင်တုန်းက Zokhawthar က ရွာငယ်ကလေးပါ၊ အခုတော့ လူအရမ်းများလာတော့ နေရာထိုင်ခင်းကအစ လိုအပ်ချက်တွေအရမ်းများနေတယ်။” ဟု Zokhawthar တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ထို့အပြင် နိုဝင်ဘာလ ၁၅ရက်နေ့တွင် ဖလးမြို့နယ်ရှိ Tibual စစ်ကောင်စီစခန်းကို CNDF မှ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါပစ်ခတ်မှုတွင် CNDF ဘက်မှ အကျဆုံးမရှိ ပြန်လည်တပ်ဆုတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၉ဦးအနေဖြင့် အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးကြပြီး အာသံရိုင်ဖယ်တပ်မှ စစ်ကိုင်းတိုင်းုကလေးမြို့သို့ နိုဝင်ဘာလ ၁၆ ရက်တွင် ပြန်လည် ပို့ဆောင်ထားပြီ ဖြစ်ကြောင်း သိရသည်။ 

ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော ဗါရ်စခန်းကို ၂၀၂၃ခုနှစ်၊ ဧပြီလ ၁၀ရက်၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရိခေါ်ဒါရ်ရှိ စစ်ကောင်စီ တပ်စခန်း (၂) ခုနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် Tibual တပ်စခန်းတို့ကို အသီးသီး သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ 

တဆက်တည်းမှာပင် ချင်းပြည်နယ် တောင်းပိုင်းရှိ မြို့တချို့တွင်လည်း စစ်ကောင်စီမှ လေကြောင်းတိုကခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာလ ၁၅ ရက်တွင်လည်း မင်းတပ်မြို့၊ တိုက်နယ် (၁) ရှိ ပြည်သူနေအိမ် ၄ လုံးမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီး နေကြောင်း သိရသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း မတူပီမြို့ကို စစ်ကောင်စီမှ တိုက်လေယာဥ် ၂စင်းဖြင့် လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ရာ ပြည်သူ ၁၃ ဦးကျော်နှင့် AA တပ်သား ၂ဦး စုစုပေါင်း ၁၅ ဦးကျော်သေဆုံး‌‌ကြောင်း သိရသည်။ 

ထို့အပြင် နိုဝင်ဘာလ ၁၇ရက်နေ့တွင်လည်း ကလေးမြို့နယ်၊ လက်ပံချောင်းရွာသို့ စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၃ဦး (ဦးSiama အသက်(၃၁)၊ဒေါ် Dinbawihi အသက်(၂၈)၊သမီးဖြစ်သူ မLuis Lal Tha Sangi အသက်(၁၁)နှစ်)တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

“ဒီရက်ပိုင်း ရွာထဲလက်နက်ကြီးမကျတာ နည်းနည်းကြာပြီ။ဒီညတော့ လက်နက်ကြီး ၂ခါကျတယ်။တစ်ခါက အိမ်ပေါ်တည့်တည့်ကျလို့ မိသားစုဝင် ၃ယောက်ထိတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူး” ဟု ဒေသခံတစ်ဦးက Zalen သို့ပြောကြားထားကြောင်း သိရသည်။ 

ချင်းအမျိုးသားများနေထိုင်လျက်ရှိသော ချင်းပြည်နယ်နှင့် ကလေး-တမူး စသည့်နေရာများတွင် စခန်းသိမ်းတိုက်ပွဲများ အဆက်မပျက် ပြုလုပ်အောင်မြင်နေသောကြောင့် ချင်းပြည်သူများအနေဖြင့် မကြာမီအချိန်အတွင်းမှာပင် ပြည်သူ့တော်လှန်ရေးတပ်သားများအနေဖြင့် အောင်ပန်းစိုက်ထိုကာ စစ်အာဏာရှင်စနစ်မှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် စိတ်အားထက်သန်နေကြသည်။